မြေပြိုမှုကြောင့် ဆုံးရှုံးနစ်နာခဲ့သူများကို နေအိမ်များပြန်လည် ဆောက်လုပ်ပေးမည်

မော်လမြိုင်၊ သြဂုတ်၁၃

မွန်ပြည်နယ်၊ ပေါင်မြို့ နယ်ရှိ မလတ်တောင်မြေပြိုကျကြောင့် ဆုံးရှုံး နစ်နာခဲ့ သူများကို နေအိမ်များပြန်လည် ဆောက်လုပ်ပေးသွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်သည်။

သြဂုတ်လ၁၃ရက်နေ့က မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ် ရုံးခန်းတွင် မွန်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော သဘာဝ ဘေးကျရောက်မှုများနှင့် ပတ်သက်ပြီး ကျင်းပသော သတင်းစာရှင်းလင်း ပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“စားကျက်မြေတော့တွေ့ထားတယ် အဲ့အနားမှာပဲ မြေလွတ်တစ်ခုတွေ့ထားတယ် ဒီနားမှာနေချင်လား ဒီမှာဆောက်ပေးမယ် ဒီအနားမှာ မနေချင်ဘူး ဟိုမှာနေချင်ရင် ဟိုမှာ ဆောက်ပေးမယ် တစ်ပြည်နယ်လုံး အတိုင်းအတာက တစ်ပြည်နယ်လုံး လုပ်နေတယ် “ ဟု ၎င်းကဆိုသည်။

ထို့အပြင် မြေပြိုကျသည့် တောင်ပတ်ဝန်းကျင် အခြေအနေကို ပညာရှင်များ နှင့် အချိန်ယူစစ်ဆေးသွား မည်ဖြစ်ကြောင်းလည်း ၎င်း ကထပ်လောင်း ပြောကြားသည်။

“ နေပြည်တော်ကနေ လာရောက်ဆန်းစစ်ဖို့ လာမှာဖြစ်ပါတယ် အဲ့မှာနေဖို့သင့်တယ်မသင့်ဘူးက အင်မတန်စောလွန်တဲ့ အချိန်ဖြစ်ပါတယ် လေ့လာမှုကလည်း တစ်ရက်နှစ်ရက်နဲ့ပြီးမယ့် ကိစ္စရပ်လည်း မဟုတ်ပါဘူး လနဲ့ လည်းချီနိုင်ပါတယ် “ ဒေါက်တာအေးဇံ ကဆိုသည်။

ဩဂုတ်လ ၉ ရက်နေ့တွင် မော်လမြိုင် – ရန်ကုန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၈၄/၅နှင့် ၁၈၄/ ၆အကြား ပေါင်မြို့နယ်၊ မုတ္တမ သဲဖြူကုန်းကျေးရွာအုပ်စု၊ မလတ်တောင်ပြိုကျခဲ့ခြင်းကြောင့် နေအိမ် ၂၇ လုံး ပျက်စီးခဲ့ပြီး သြဂုတ်လ ၁၃ ရက်နေ့အထိ သေဆုံးသူ ၆၄ဦးအထိ ရှိနေကြောင်း မွန်ပြည်နယ် အစိုးရရုံးမှ သိရသည်။

ရန်လင်းအောင်

Leave a Reply