ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခံရ၊ အနည်းဆုံး ၁၄ ဦးသေဆုံး

ခင်နှင်းဝေ/ Myanmar Now

ရှမ်းပြည်နယ်မြောက်ပိုင်း နောက်ချိုမြို့ ဂုတ်တွင်းတံတားသည် ယနေ့နက်ပိုင်းက ဖောက်ခွဲဖျက်စီးခံလိုက်ရပြီး အနီးရှိ ကင်းစခန်း နှစ်ခုလည်း တိုက်ခိုက်ခံခဲ့ရပြီး တပ်နှင့်ရဲ တပ်ဖွဲ့ဝင်များ အပါအဝင် ၁၄ ဦးထက်မနည်း သေဆုံးသွားကြောင်း တိုက်ပွဲဖြစ်ပွားနေသော နောင်ချိုမြို့သို့ ရောက်ရှိနေသည့် Myanmar Now သတင်းထောက်က သတင်းပေးပို့သည်။

မြန်မာ – တရုတ် ကုန်သွယ်ရေးလမ်းတွင် အဓိကကျသည့် မန္တလေး – မူဆယ် လမ်းမကြီးမှ နောင်ချို နှင့် ကျောက်မဲ မြို့နှစ်ခုကြား ပေ ၅၀ အရှည်ရှိ ဂုတ်တွင်းတံတား ဖောက်ခွဲခံရပြီး အနီးရှိ ကင်းစခန်းတစ်ခုတွင် လုံခြုံရေး တာဝန်ယူနေသည့် ရဲ နှင့် တပ်မတော်သား ၁၁ ဦး တိုက်ပွဲအတွင်း သေဆုံးသွားပြီး ၎င်းတို့၏ ရုပ်အလောင်းများကို မြင်တွေ့ခဲ့ရကြောင်း Myanmar Now သတင်းထောက်ကပြောသည်။

ယင်းအပြင် တံတားအနီးရှိ မူးယစ်တိုက်ဖျက်ရေး ရဲကင်းစခန်းတစ်ခုလည်း တိုက်ခိုက်ခံခဲ့ရပြီး အနည်းဆုံး ၃ ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံ သတင်းအရင်းအမြစ်များက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများ၏ လက်သည်တရားခံမှာ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ဖြစ်နိုင်ကြောင်း နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဒေါက်တာစစ်အောင်လတ်က ပြောသည်။

ပေ ၅၀ အရှည်ရှိ အဆိုပါတံတားကို မိုင်း ၂ လုံးဖြင့် ဖောက်ခွဲသွားခြင်းဖြစ်ပြီး တံတားပျက်စီးမှုကြောင့် ကုန်တင်ကားများ သွားလာ၍မရတော့ကြောင်း ကျောက်မဲမြို့ ဇီဝိတဒါနလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောသည်။

“ကျောက်မဲ၊နောင်ချို ပတ်ချာလည် ပစ်နေကြတာပဲ။ နေရာတွေများတယ်” ဟု ၎င်းကပြောသည်။

ယနေ့မနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် နေရာငါးခုမှာလည်း တိုက်ခိုက်ခံရပြီး တပ်မတော်နည်းပညာတက္ကသိုလ်မှ အရပ်သားတစ်ဦး သေဆုံးခဲ့သည်။

တိုက်ခိုက်မှုကို ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ သုံးဖွဲ့ ပူးပေါင်းထားသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြုလုပ်ခြင်းဖြစ်ကြောင်း TNLA အဖွဲ့မှ ပြောခွင့်ရ ဗိုလ်မှူးမိုင်းအိုက်ကျော်က အတည်ပြုပြောဆိုသည်။

Leave a Reply