ရေဘေးဒုက္ခနှင့် မရှေးမနှောင်းရောက်လာသော ကုန်ဈေးနှုန်းကြီးမြင့်ခြင်း ဘေးဒုက္ခ

မွန်ပြည်နယ်တွင် သြဂုတ်လ ၈ ရက်နေ့ ညမှစတင်ကာ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။

မွန်ပြည်နယ် တစ်ဝန်းလုံးတွင်မိုးရေချိန် ၁၅ လက်မခန့် ရွာသွန်းခဲ့တာကြောင့်လည်း မွန်ပြည်နယ်ရှိ  မော်လမြိုင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ရေးမြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်၊သံဖြူဇရပ်မြို့နယ်၊ ဘီးလင်းမြို့နယ်များတွင် ဆိုးဆိုးရွားရွား ရေကြီးမှုများဖြစ်ပွားခဲ့သည်။

ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး လည်း ပြတ်တောက်ခဲ့ရပြီး ကျိုက်မရော ၊ ရေး ၊ သံဖြူဇရပ်မြို့များ တွင် အဝေးပြေးလမ်းများ ဆိုးဆိုးရွားရွားပျက်စီးခဲ့ရသည်။

ထို့အပြင် မွန်ပြည်နယ်နှင့် အဓိကကုန်သွယ်ရာ ပြည်နယ်နှင့် တိုင်းများ ဖြစ်သည့်အပြင် ထိုင်းနိုင်ငံ၏ နယ်စပ်ထွက်ပေါက်ဖြစ်သော ကရင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများကြောင့်လမ်းများ ပြတ်တောက်ကာ ကုန်စည်စီးဆင်းမှုလည်း ပြတ်တောက်ခဲ့လေသည်။

Advertisements

ထို့အပြင် မော်လမြိုင် – ရေး -ထားဝယ် ကားလမ်းပိုင်းတွင် ရေကြီးမြေပြိုမှုများကြောင့် တံတားများကျိုးပျက်ခြင်း၊ မလွှဲတောင်လမ်းတွင် တောင်မြေသားပြိုကျ၍ လမ်းများပြတ်တောက်ခြင်း ကြောင့် ထားဝယ် နှင့် မော်လမြိုင် ကုန်းလမ်းအဆက်အသွယ်ပြတ်တောက်ခဲ့ရသည်။

 

မော်လမြိုင် – ရေး – ထားဝယ် ရထားလမ်းပိုင်းကိုလည်း ပိတ်ထားခဲ့ရပြီး မော်လမြိုင် – ရေး ရထားလမ်း ကိုသြဂုတ်လ ၁၆ ရက်နေ့အထိ ရထားခရီးစဉ်ပြေးဆွဲနိုင်ခြင်း မရှိခဲ့ပေ။

မြဝတီ – မော်လမြိုင် လမ်းမတွင်လည်း တံတားများ ရေကျော်နေခြင်း၊ လမ်းများ ဆိုးဆိုးရွားရွား ပျက်စီးနေခြင်းကြောင့် ယာဉ်အသွားအလာ နည်းပါးပြီး ရက်အတန်ကြာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်ခဲ့သည်။

ထိုသို့သော ရေဘေးဒုက္ခများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းအပြင် နောက်ထပ်ပေါ် လာသော ဒုက္ခတစ်ခုမှာ ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းဖြစ်သည်။

Advertisements

မော်လမြိုင် – မြဝတီ လမ်းပိုင်းယာယီ ပိတ်ထား ခဲ့ရသည့် အတွက်ထိုင်း- မြန်မာနယ်စပ်က ဝင်ရောက်လာသော ကုန်စည်တစ်မျိုးကို မော်လမြိုင် ဈေးကွက် အတွင်းတွင် ကျပ် ၅၀၀နီးပါးဈေး မြင့်တက်လာခဲ့သည်။

“စျေးတွေကတော့တက်နေတယ်။ ရေကြီးနေတော့ကားတွေကုန်အပြည့်တင်ဆောင်လာလို့မရဘူး။ တန်ချိန်အပြည့်တင်လို့မရဘူး။ ကားခကြောင့်ပစ္စည်းတစ်မျိုးကို ၅၀၀ လောက် ခုန်တက်သွားတယ။် တချို့ ပစ္စည်းတွေ၅၀၀ ထက်ပိုပါတယ်” လို့ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်သန်းရီကဆိုသည်။

ယခင်က ခေါက်ဆွဲခြောက် တစ်ပါကင်ကို ကျပ် ၆၀၀၀ သာရှိသော်လည်းရေကြီးပြီးနောက်ပိုင်းသြဂုတ်လ ၁၆ ရက်နေ့တွင်မူ ၆၆၀၀ကျပ် အထိမြင့်တက်သွားသည်။

လက်ရှိတွင် ယိုးဒယားကြာဇံထုပ် တစ်ဖာလျှင် ၇၀၀၀ ပေးဝယ်နေရပြီး ယခင်စျေးမှာ ၆၅၀၀ ကျပ်သာရှိသည်။

ရေကြီး၊ ရေလျှံမှုမဖြစ်ပေါ်ခင် သြဂုတ်လ ၈ ရက်နေ့က ဗျိုင်းနို့ဆီတစ်ဖာလျှင် ၃၆၂၀၀ ကျပ်သာရှိပြီးယခု ရောင်းဈေး မှာ ၃၆၇၀၀ ထိရှိသည်။

ထို့အပြင် ထိုင်းနိုင်ငံမှ ဝင်ရောက်လာသော  အချိုရည်အမျိုးမျိုး၏ ဈေးနှုန်းမှာလည်း တစ်မယ်ကို ၃၀၀ ကျပ်နီးပါး မြင့်တက်သွားသည်။

မြဝတီမှ တစ်ဆင့်ဝင်ရောက်လာသော ကုန်ပစ္စည်းများမှာ ဈေးမြင့်တက်မှုရှိသော်လည်း ရန်ကုန်မှ တစ်ဆင့်ဝင်ရောက်လာသော ကုန်စည်များမှာမူ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။

ရန်ကုန်မှတစ်ဆင့် ဝင်ရောက်လာသော ဆန်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဈေးနှုန်းများမှာလည်း ရေကြီးသည့် ကာလတွင်ဈေးနှုန်း အပြောင်း အလဲမရှိသော်လည်း မုတ်သုံရာသီ စတင်သည့် ဇွန်လကတည်းက ဈေးမြင့်နေကြောင်း ကုန်သည်များထံမှသိရှိရသည်။

ယခုလက်ရှိတွင် ကြက်သွန်နီ ဆယ်ပိဿာအိတ် တစ်အိတ်စျေးမှာ ၉၀၀၀ ကျပ်ရှိပြီး မေလကမူ ၇၀၀၀ကျပ်ရှိသည်။

ကြက်သွန်ဖြူ အကြီးတစ်ပိဿာလျှင် ၃၂၀၀ ကျပ်ရှိနေပြီး၊ ပြီးခဲ့သည့် မေလကမူ ၂၈၀၀ ကျပ်သာရှိကြောင်း ကြက်သွန်နီ၊ ကြက်သွန်ဖြူလက်ကား ရောင်းချသူများထံမှ သိရှိရသည်။ ကြက်သွန်ဖြူအသေး တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ရှိပြီး ယခင်စျေးမှာ ၂၉၀၀ ကျပ်ရှိကြောင်းသိရသည်။

ဆန်စျေးနှုန်းများမှာမူ သိသိသာသာပြောင်းလဲခြင်းမရှိကြောင်း ဆန်ကုန်သည်များကဆိုသည်။

မော်လမြိုင် – ထားဝယ် – မြိတ် လမ်းကြောင်းမှာ ရေကြီးခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည့်အပြင် မွန်ပြည်နယ်အတွင်း ငပိ၊ ငါးခြောက်၊ ပုစွန်ခြောက်ထွက်ရှိရာ ဒေသများတွင်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေသဖြင့်ဈေးနှုန်းမြင့်တက်လျက်ရှိသည်။

သြဂုတ်လ ၈ ရက်နေ့ မတိုင်မီကပုစွန်ခြောက်အကြီးဈေးနှုန်းတစ်ပိဿာလျှင် ၃၈၀၀၀ ကျပ်သာရှိသော်လည်း သြဂုတ်လ ၁၆ ရက်နေ့ ပေါက်ဈေးအရ ၄၀၀၀၀ ကျပ်ရှိကြောင်း ငပိ်ငါးခြောက်ရောင်းဝယ်ရေးလုပ်ကိုင်သူများထံမှ စုံစမ်းသိရှိရသည်။

ပုစွန်ခြောက်အသေးဈေးနှုန်းမှာလည်း ယခင်က တစ်ပိဿာကို ၂၃၀၀၀ကျပ်သာရှိရာမှ ၂၈၀၀၀ ကျပ်ထိ ခုန်တက်သွားကြောင်း သိရှိရသည်။

ယခင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်ခင်က ငါးကွန်းရှပ်ခြောက်တစ်ပိဿာ ၁၃၅ဝဝကျပ် သာရှိသော်လည်း ယနေ့တွင်  ၁၈၀၀၀ အထိ မြင့်တက်သွားသည်။

မွန်ပြည်နယ် ငပိ၊ ငါးခြောက်ထွက်ရှိရာ ဒေသတစ်ခု ဖြစ်သော်လည်းရေကြီးရေလျှံမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားသည့်အတွက် တချို့သော ငါးခြောက်နှင့် ပုစွန်ခြောက်များကို ရန်ကုန်ဈေးကွက်က တစ်ဆင့်ပြန်လည် မှာယူနေရကြောင်း ငါးပိငါးခြောက်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးတင်ထွေးကဆိုသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကမူ ရေကြီးခြင်းကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်မှု ရှိပါက ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

စိုင်းထွန်းစံ၊ လဲ့လဲ့ဝင်း

Advertisements

Leave a Reply