မော်တော်ယာဉ် ဖန်တီးချင်သော လူငယ် ခုနစ်ဦး၏ အိပ်မက်

အနက်ရောင်စလွန်းကားလေးတစ်စီးကို လူငယ်တစ်စု စမ်းသပ်မောင်းနှင်ဖို့ ပြင်ဆင်နေသည်။ ယင်းစလွန်းကားမှာ စက်သုံးဆီမလိုဘဲ ဆိုလာစနစ်နှင့် မောင်းနှင်နိုင်သော ယာဉ်အမျိုးအစားလည်းဖြစ်သည်။

ထိုယာဉ်ငယ်ကို မော်လမြိုင်၊ နည်းပညာတက္ကသိုလ်တွင်  ပညာသင်ယူနေသော ကျောင်းသူ၊ ကျောင်းသား များထဲမှ သူငယ်ချင်း (၇) ယောက်ဖြင့် ဖွဲ့စည်းထားသည့်အုပ်စုတစ်စုကအောင်မြင်စွာ တီထွင်ဖန်တီးခဲ့သည့် ဆိုလာကားတစ်စီးကို မော်လမြိုင်မြို့ရှိ သံလွင်ဥယျာဉ်တွင် ပြသခဲ့ကြခြင်းသည်။

ဆိုလာကားကို အောင်မြင်စွာ တီထွင်ခဲ့ပြီးနောက် သြဂုတ်လ ၂၀ ရက်က မော်လမြိုင်မြို့မှာကျင်းပသည့် ကမ္ဘာ့လူငယ်များနေ့တွင်ပြသပေးရန်လူငယ်နေ့ဖြစ်မြောက်ရေးကော်မတီများက ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့လူငယ်များနေ့တက်ရောက်ပြီး ဆိုလာကားကို လာရောက်လေ့လာသူများကို ကျောင်းသား (၇) ယောက်ကရှင်းလင်းပေးနေခဲ့ပြီး ၎င်းင်းတို့အုပ်စုကအောင်မြင်မှုတစ်ခုကိုရောက်ရှိရန်အတွက် ပျော်ရွှင်သည့်အပြုံးများဖြင့် ဆီးကြိုနေလေသည်။

Advertisements

မော်လမြိုင်၊ နည်းပညာတက္ကသိုလ်က ကျောင်းသား (၇) ယောက်သည်နောက်ဆုံးနှစ်သို့ရောက်ရှိနေပြီးဖြစ်သောကြောင့်စာတမ်းများပြုစုရမည်ဖြစ်ကာ ကျောင်းမှာလည်း Projectအနေဖြင့်နှစ်မျိုးရှိနေသည့်အတွက် ၎င်းင်းတို့ဘဝအနာဂတ်အတွက် အဆုံးအဖြတ်ပေးမည့် ရွေးချယ်ပုံဖော်ရမည့်အချိန်တစ်ခုဖြစ်နေသည်။

ထို့အချိန်မှာပင် မျိုးဇော်ထွန်းသို့ သူငယ်ချင်းအုပ်စု (၇) ယောက်က အကောင်အထည်ဖော်ရန်ရွေးချယ်လိုက်သည့် Project တစ်ခုမှာ ဆိုလာကားတစ်စီးတီထွင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

“ဒါက ကျွန်တော်တို့ နောက်ဆုံးနှစ်က စာတမ်းပြုစုရတယ်။ အဲဒီမှာပစ္စည်းလုပ်လို့ရတယ်။ ပစ္စည်းမလုပ်လို့ရှိရင် Project ကလည်း နှစ်မျိုးရှိတယ်။ ကျွန်တော်တို့ သူငယ်ချင်း (၇) ယောက်စုပေါင်းကြပြီးတော့ ဆိုလာ ကားလုပ်မှာပေ့ါ”ဟု မော်လမြိုင်၊ နည်းပညာတက္ကသိုလ်ကျောင်းသားမျိုးဇော်ထွန်းက ပြောသည်။

ဆိုလာကားကို တောင်ကြီးနှင့် ကလေးမြို့တွင်လုပ်ဖူးခဲ့သည်များကို လေ့လာထားကြပြီး မိမိတို့လည်း တီထွင်နိုင်မည်ဟုယုံကြည်ကြကာ သူငယ်ချင်းများနှင့်အတူ ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီး အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြသည်။

“ကျွန်တော်တို့မတိုင်ခင် အခြားတောင်ကြီးနဲ့ ကလေးတွေမှာ ဒီ ဆိုလာကားထုတ်ဖူးတယ်။ သူတို့ လုပ်ထားတာတွေ့တော့ ကိုယ်တွေလည်း လုပ်နိုင်မယ်ဆိုပြီး ယုံကြည်တယ်” ဟု မျိုးဇော်ထွန်းက ပြောသည်။

မျိုးဇော်ထွန်းတို့ သူငယ်ချင်းအုပ်(၇) ယောက် အကောင်အထည်ဖော်မည့် ဆိုလာကားတစ်စီးကို စတင်အကောင်အထည်ဖော်သည့်အချိန်မှစ၍၉၀ ရာခိုင်နှုန်း ပြီးသည့်အချိန်ထိ အချိန်အားဖြင့် (၃) လခန့်ကြာမြင့်ခဲ့သည်။

Advertisements

“ကျွန်တော်တို့ လုပ်နေတာ သုံးလလောက်ရှိပြီး အခက်အခဲကတော့ တစ်ခါမှမလုပ်ဖူးတော့ ပစ္စည်းလေလွင့်မှုတွေတော့ရှိတယ်။ ပစ္စည်းတွေ ဘယ်လိုလိုအပ်နေလဲဆိုတာ ကျွန်တော်တို့အတိအကျမသိဘူး။ တစ်ခါမှမလုပ်ဖူးတော့ အချိန်ကြာတာပေါ့” ဟု မျိုးဇော်ထွန်းက ရှင်းပြသည်။

မော်လမြိုင်၊ နည်းပညာတက္ကသိုလ် ကျောင်းသားအုပ်စု (၇) ဦးတို့ တီထွင်ထားသည့် ဆိုလာကားသည် ဆိုလာပြားကနေတစ်ဆင့် အားဝင်သည့်စနစ်နှင့်အားသွင်းသည့်စနစ် နှစ်မျိုးလုပ်ဆောင်၍ရကြောင်း ၎င်းက ဆိုသည်။

“အခုမိုးရွာနေတော့ ဆိုလာကသိပ်အသုံးပြုလို့မရဘူး။ အခုက အားသွင်းတဲ့စနစ်ကို ပိုပြီး အသားပေးထား ပါတယ်”မျိုးဇော်ထွန်း ပြောသည်။

လက်ရှိတီထွင်ထားသည့် ဆိုလာကားသည် မော်တာကိုအသုံးပြုထားပြီး ဘတ္ထရီကနေတစ်ဆင့် Join ထားပြီး ဆိုလာပြား (၅) ချပ်နှင့် ဘတ္ထရီကိုအားသွင်းထားသည်။

“အားဝင်ပြီးဆိုလို့ရှိရင် မော်တာကိုရောက်ရင်စက်လည်မှာပေါ့ဗျာ။ နောက်ပြီး ကားထိုင်ခုံအောက်အနား မှာလည်း ဘရိတ်ကာဆိုတာ ခံထားသေးတယ်။ အဆင့်ဆင့် သုံးလေးဆင့်လောက်တော့ ရှိပါတယ်”ဟု ၎င်းတို့အုပ်စုက ရှင်းပြသည်။

၉၀ ရာခိုင်နှုန်းခန့်တီထွင်အကောင်အထည်ဖော်ပြီးနေသည့်  ဆိုလာကားကို ဆိုလာပြားအသုံးမပြုဘဲ ဘတ္ထရီအားအပြည့်ဖြင့် မောင်းနှင်ပါကအချိန်အားဖြင့် (၄) နာရီခန့်ကြာမြင့်မည်ဖြစ်သည်။ ၄ နာရီအချိန်ဆိုသည်မှာ ၁၆၀ ကီလိုမီတာဖြစ်ပြီး မိုင်ပေါင်းအားဖြင့် မိုင် ၁၀၀ ခန့် မောင်းနှင်၍ရကြောင်း မျိုးဇော်ထွန်းကရှင်းပြသည်။

“ကျွန်တော်တို့ စမ်းမောင်းကြည့်တာကတော့ ဘတ္ထရီအပြည့်ဆိုရင် (၄)နာရီလောက်မောင်းလို့ရတယ်။ (၄)နာရီဆိုတော့ ၁၆၀ ကီလိုမီတာ အကွာအဝေးပေါ့။ မိုင် (၁၀၀) လောက်မောင်းလို့ရတယ်။ ဒါကတော့ ဘတ္ထရီနဲ့မောင်းကြည့်တာပါ။ တကယ်လို့ နေပူတဲ့အချိန်မှာ မောင်းမယ်ဆိုရင် ဒီ့ထက်မက ပိုမောင်းလို့ရမယ်”ဟု ၎င်းက ထပ်
လောင်းရှင်းပြသည်။

ထို့ပြင် ဆိုလာကားကို လုပ်ဆောင်နေသည့်အချိန်မှာပင်ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည်။ ဓာတ်တိုင်များလဲကျသွားသည့်အတွက် လျှပ်စစ်မီးအခက်အခဲများလည်း ကြုံတွေ့ခဲ့ရသောကြောင့်အချိန်အားဖြင့် နှစ်ပတ်ကြာ အလုပ်များနှောင့်နှေးသွားခဲ့ရကြောင်း၎င်းကဆိုသည်။

“ကျွန်တော်တို့ လုပ်တဲ့ဘက်ခြမ်းမှာ မီးတော်တော်ပျက်တယ်။ ကျွန်တော်တို့ ငန်းတေးမှာလုပ်တယ်။ မီးပျက်ရင် ကျွန်တော်တို့ဘာအလုပ်မှ လုပ်လို့မရဘူး။ အဲဒါလည်းရှိတယ်။ နောက်ပြီးရေကြီးသွားတော့ ဓာတ်တိုင်တွေလဲတယ်။ မီးပျက်ပြန်တယ်။ အဲဒီလိုဖြစ်နေတော့ အချိန်နှစ်ပတ်လောက် အလဟဿဖြစ်သွားတယ်”ဟုမျိုးဇော်ထွန်းက ပြောသည်။

ဆိုလာကားကိုအကောင်အထည်စဖော်သည့်အချိန်မှာပင် သိန်း (၂၀)ဝန်းကျင်ခန့်သာ ကုန်ကျနိုင်မည်ဟု ခန့်မှန်းထားကြသော်လည်း  ၉၀ ရာခိုင်နှုန်းအထိ ပြီးဆုံးသွားသည့်အချိန်မှာ ကျပ်သိန်း (၃၀) အစွန်းဖျားထိကုန်ကျခဲ့ကြသည်။

ကျပ်သိန်း (၃၀) ကုန်ကျသွားခဲ့သော်လည်း ကားတွင် လက်ဗွေစနစ်တပ်ဆင်ရန်၊ ကားဆေးမှုတ်ရန်နှင့် ကားအောက်ပိုင်းတွင် အသေအချာပြန်လုပ်ရန် လိုအပ်နေသေးကြောင်း မျိုးဇော်ထွန်းတို့ သူငယ်ချင်းအုပ်စု (၇)  ဦးကရှင်းပြသည်။

ဆိုလာကားကို အကောင်အထည်ဖော်နိုင်ရန်အတွက် ကုန်ကျမည့် သိန်း(၃၀) အတွက် စရိတ်များကို မျိုးဇော်ထွန်းတို့ သူငယ်ချင်းအုပ်စု (၇)ယောက်ကအချိုးကျအကုန်ကျခံခဲ့ကြသော်လည်းခန့်မှန်းထားသည့်ကုန်ကျစရိတ်ထက်ပိုမိုကုန်ကျနေသောကြောင့် ငွေကြေးအခက်အခဲတစ်စုံတစ်ရာ ကြုံခဲ့ကြရသည်။

“သူငယ်ချင်း (၇) ယောက်အားနဲ့ဆိုပေမယ့် တစ်ယောက်ကို (၅) သိန်းနီးပါးလောက်ဖြစ်လာတာပေါ့။ အဲဒီမှာငွေကြေးအခက်အခဲဖြစ်လာတာပေါ့။ဒီပိုက်ဆံက ကျွန်တော်တို့ (၇) ယောက်အချိုးချပြီးတော့တစ်ယောက်ဘယ်လောက်နှုန်းလဲပေါ့။ အဲလိုနဲ့ လုပ်ဖြစ်တယ်”ဟု မျိုးဇော်ထွန်းက ဆိုသည်။

ထို့ပြင် မော်လမြိုင်၊နည်းပညာတက္ကသိုလ်ကျောင်းကိုလည်း Prop-osal တင်ထားကြောင်း ၎င်းတို့က ဆိုသည်။

တီထွင်ထားသည့် ဆိုလာကားကို ကျောင်းရှိ ဆရာ၊ ဆရာမများကို မပြရသေးသော်လည်း ဆရာ၊ ဆရာမများအားလုံးက အားပေးနေကြကြောင်း၎င်းတို့က ပြောကြသည်။

“အဓိကတော့ ဒီကားပြီးမှကျွန်တော်တို့က ဘွဲ့ရမှာပေါ့။ ကျွန်တော်တို့က စာတမ်းပြုစုရတယ်ဆိုတော့ ပြီးမှဘွဲ့ရမယ်ဆိုတော့ အများကြီး မျှော်လင့်တာပေါ့။ နောက်ပြီး မော်လမြိုင်ကလည်းလုပ်နိုင်စွမ်းရှိတာပေါ့၊ အဲဒါကို ပေးသိစေချင်တယ်” ဟု မျိုးဇော်ထွန်း ပြောသည်။

ကျောင်းသားအုပ်စု (၇) ယောက်ရည်ရွယ်ထားတာက “ အခုကျွန်တော်တို့ကားလုပ်တယ်၊ ကားလုပ်တဲ့ ဗဟုသုတတွေတော့ အများကြီးရသွားတာပေါ့။ အရင်ကထက်ဆို များသွားတာပေါ့ဗျာ။ မကြာခင်မှာ Toyota ကုမ္ပဏီက မြန်မာနိုင်ငံကိုဝင်မယ်။ အဲဒီမှာ ကျွန်တော်တို့ လုပ်ချင်တာပေါ့” ဟု ၎င်းင်းတို့ မျှော်လင့်ထားသော ပန်းတိုင်ကို ရင်ဖွင့်သည်။

ရွှေရိုး

Advertisements

Leave a Reply