Advertisements

ရေဘေးကြောင့် အထိနာခဲ့သော မွန်ပြည်နယ်ဆားလုပ်ငန်း

သြဂုတ်လ၏ မုတ်သုံမိုးကြောင့် မွန်ပြည်နယ်ရှိ မြို့နယ် တော်တော်များများ ရေကြီး နစ်မြုပ်မှုနှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု အများ အပြားရှိခဲ့သည်။

ထိုသို့ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရသည့် ဒေသများတွင် မွန်ပြည်နယ်အတွင်း ဆားလုပ်ငန်း အဓိကလုပ်ကိုင်သော ပင ကျေးရွာလည်း အပါအဝင်ဖြစ်သည်။

ပင ကျေးရွာအတွင်း ဆားသိုလှောင်ထားသော ဂိုထောင် ၄၇ လုံးနီး ပါးရေကြီးနစ်မြုပ်မှုရှိခဲ့ကြောင်းဆားလုပ်ငန်းရှင်များထံမှ သိရှိရသည်။

ဆားသိုလှောင်ရုံထဲတွင် ရေဝင်ရောက်သွားသည့်အတွက် ဆားပိဿာချိန် ၄၇ သိန်း ၇ သောင်း ၉ ထောင်ခန့်ပျက်စီးဆုံးရှုံးခဲ့ရကြောင်းမွန်ပြည်နယ်ဆားလုပ်ငန်းရုံးထံမှ သိရသည်။

Advertisements

“ဆားပိဿာချိန် ၄၇ သိန်းကျော် ပျက်စီးသွားတယ်။ ကာလပေါက်ဈေး နဲ့ဆို သိန်းရှစ်ထောင်ဖိုးလောက် ဆုံးရှုံးသွားတယ်” ဟု မွန်ပြည်နယ်ဆားလုပ်ငန်းဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောကြားသည်။

ရေကြီးရေလျှံမှုများမဖြစ်ပွားခင်ကမွန်ပြည်နယ်ထွက် ဆားသိုလှောင်သိမ်းဆည်းထားမှုပမာဏမှာ ပိဿာချိန်ပေါင်း သိန်း ၁၀၀ ကျော်ရှိသော်လည်း၄၇ သိန်းကျော်  ပျက်စီးသွားသောကြောင့် မူလသိုလှောင်ထားမှုထက်တစ်ဝက်ခန့်သာ ကျန်ရှိတော့ကြောင်းဆားလုပ်ငန်းဦးစီးဌာနထံမှ သိရှိရသည်။

အဆိုပါ ဆားသိုလှောင်ထားမှု ပမာဏသည် မွန်ပြည်နယ်တွင်း ဆားထွက်ရာသီ ပြန်လည်စတင်သည်အထိစားသုံးမှုသာ လုံလောက်မည်ဖြစ်ပြီးတခြားဈေးကွက်သို့ တင်ပို့နိုင်မည်မဟုတ်ကြောင်း ဆားကုန်သည် တချို့ကဆိုသည်။

ဆားလုပ်ငန်း ဦးစီးဌာနက ဒုတိယညွှန်ကြားရေး ဦးခင်စိုး ကမူ “မွန်ပြည်နယ်ထဲမှာ အခု မက်ထရစ်တန် ၅၀၊၆၀ လောက်ကျန်တဲ့အတွက် မွန်ပြည်နယ်အတွင်းစားသုံးမှုအတွက်တော့အခက်ခဲတော့မရှိဘူး၊ ဒါပေမဲ့ အခြားဒေသတွေကိုဖြန့်ဖြူးဖို့အတွက်တော့အခက်အခဲနည်းနည်းတော့ရှိတာပေါ့”ဟု ဆိုသည်။

လက်ရှိ ဆားလက်လီရောင်းချသည့် ဈေးကွက်တွင် ဆားကြမ်းတစ်ပိဿာကို ငွေကျပ် ၃၀ မှ ၅၀ အထိ ဈေးမြင့်တက်မှုများ ရှိနေသည်။

ယခင်က ဆားကြမ်းတစ်ပိဿာ ၁၆၀ ကျပ်သာ ရှိသော်လည်း လတ်တလောတွင် ၁၉၀ ကျပ်မှ ၂၀၀ ကျပ်နီးပါးထိ လေးပုံ တစ်ပုံခန့် ဈေးမြင့်တက်သွားသည်။

သိုလှောင်ထားသော ဆားပမာဏ ထဲမှ ထက်ဝက်ခန့် ပျက်စီးသွားခြင်း ကြောင့် ဈေးကွက်အတွင်း အခက်အခဲများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

ဆားလုပ်ငန်းဦးစီးဌာနက ဦးခင်စိုးကမူ “ခုလို ဖြစ်သွားရင် ဝယ်ယူကြိတ်ခွဲရောင်းချတဲ့သူ ဒီ့ထက် ပိုတဲ့စျေးနဲ့ရောင်းရသလိုဖြစ်တာပေါ့၊ စျေးကွက်လေးတော့ နည်းနည်းပျက်စီးသွားတာမျိုးတော့ရှိပါတယ်” ဟု ဆိုသည်။

မွန်ပြည်နယ် က ၂၀၁၈ – ၂၀၁၉ ဆားထွက်ရာသီအတွင်း ဆားကြမ်း မက်ထရစ်တန် ၃ သောင်း ၄ ထောင်နီးပါး ထွက်ရှိခဲ့သည်။

မွန်ုပြည်နယ်အတွင်း စားသုံးမှုပမာဏမှာ မက်ထရစ် တန်တစ်သောင်းကျော် စားသုံးမှုရှိပြီး လက်ကျန်တန်ချိန်နှစ်သောင်းကျော်ကို တနင်္သာရီတိုင်း၊ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မန္တလေး ဈေးကွက်များကိုဖြန့်ဖြူးခဲ့ခြင်းဖြစ်သည်။

ယခု မိုးရာသီအတွင်း ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့ခဲ့ရခြင်းကြောင့်လက်ကျန်ဆားများကိုမူ အဆိုပါ ဈေးကွက်အတွင်း တင်ပို့နိုင်ခြေ မရှိတော့ကြောင်း ဆားလုပ်ငန်းရှင်များထံမှသိရှိရသည်။

မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီးက ဆားအများဆုံး ထွက်ရှိ ပြီး၊ မွန်ပြည်နယ်မှာ ဒုတိယ အများဆုံးထွက်ရှိသော ဒေသဖြစ်သည်။

မွန်ပြည်နယ်မှ တခြား ဒေသများ သို့ ဖြန့်ဖြူးရန် သိုလှောင်ထားသော ဆားများ ပျက်စီးခဲ့သောကြောင့် ဆားဈေးနှုန်း အနည်းငယ်မြင့်တက်နိုင်သော်လည်း ဧရာဝတီတိုင်းမှာ ထွက် ရှိသောဆားလက်ကျန်ရှိနေသေးသဖြင့်ဆားဈေး အလွန်အမင်းတက်ရန် အခြေအနေမရှိကြောင်းသုံးသပ်မှုများလည်းရှိနေသေးသည်။

“တစ်နိုင်ငံလုံး ဆားထွတ်ရှိမှုနဲ့ဆိုရင် မွန်ပြည်နယ်က ဒုတိယဖြစ်ပါတယ်၊ ပြီးခဲ့တဲ့နှစ်က ဧရာဝတီတိုင််းမှာ ထွက်ထားတဲ့ ဆားရဲ့ ၆ ဆလောက်ထွက်ထားတာရှိတယ်။ အဲ့မှာက မက်ထရစ်တန် ၂ သိန်းနီးပါးလောက်ပဲထွက်တယ်။ မွန်ပြည်နယ်မှာက ၃သောင်း ၄ ထောင်လောက် ထွက်ထားတယ်။ အဲ့လို အနေထားအရ ဆိုရင်
မြန်မာပြည်ရဲ့ဆားစျေးနှုန်းတွေအခက်အခဲအများအပြားအဖြစ် ဆားစျေးတွေအလွန်အကျွံ မတက်သွားနိုင်ဘူးဟုသုံးသပ်နိုင်ပါတယ်” ဟု ဦးခင်စိုးက  ထပ်လောင်းပြောကြားသည်။

မွန်ပြည်နယ်က ဆားထုတ်လုပ်သည့်ရာသီကို ဒီဇင်ဘာလတွင် စတင်လေ့ရှိပြီး ခြောက်လတာ ကာလအတွင်းဒေသတွင်း စားသုံးရန် လက်ကျန်ဆားအလုံအလောက် ရှိသောကြောင့်ဆားဟောင်းနှင့် အသစ်ထွက်မည့် ဆားချိတ်ဆက်နိုင်အောင်လည်း လျာထားကြောင်း ဦးခင်စိုးကပြောကြားသည်။

ပျက်စီးဆုံးရှုံးသွားသော ဆားများအတွက် လုပ်ငန်းရှင်များကို အစိုးရက    အကူအညီအထောက်အပံ့များပေးအပ်ရန် လတ်တလော ညွှန်ကြားမှုမရှိသေးပေ။

သို့သော် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ဆားနှင့်ဆားထွက်လုပ်ငန်းဥပဒေအရ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ပါက လိုင်စင်ကြီးကြပ်ခ တစ်ဧက ကျပ် ၃၅၀၀ ပေးရသည့်ကိစ္စမှာ ကင်းလွတ်ခွင့်နှင့်လျှော့ပေါ့ခွင့်လျှောက်ထားနိုင်ကြောင်း ဆားလုပ်ငန်း ဦးစီးဌာနထံမှသိရှိရသည်။

၂၀၁၈ခုနှစ် ဇွန်လတွင် ရေကြီးမှုကြောင့် ဆားလုပ်ငန်း လုပ်ကိုင်သူ၁၂ ဦး၏ ဆားပိဿာချိန် ၂၆ သိန်းကျော်ဆုံးရှုံးခဲ့ပြီးမွန်ပြည်နယ်တွင်ဆားပိဿာချိန်ပေါင်း မက်ထရစ်တန် ၃သောင်း၄ထောင်ဆုံးရှုံးခဲ့ဖူးသည်။မွန်ပြည်နယ်တစ်ခုလုံးတွင် ဆားလုပ်ကွက် ဧက ပေါင်း ၃၉၆၆ ဧကရှိပြီးဆားကြိတ်စက် ၆၀ ကျော်လည်း ရှိသည်။

“မွန်ပြည်နယ်မှာ ဆားကြိတ်စက်ပေါင်း ၆၀ ရှိတယ်။ သူတို့တွေမှာလဲ ဝယ်ယူစုဆောင်းထားတာတွေလည်းရှိသေးတယ်။ အရန်သိုလှောင်ထားတဲ့ဆားတွေရှိသေးတယ်” ဦးခင်စိုးက ဆိုသည်။

ပြီးခဲ့သည့်  ၂၀၁၈ ခုနှစ်ကတည်းက ဆားဂိုဒေါင်များအပြင် ဆားကွင်းများ ပျက်စီးခဲ့ပြီး ဆားချက်လုပ်ရန် ပင်လယ်ရေရယူရာ ချောင်းများပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။

“ ပြီးခဲ့တဲ့ နှစ်ကတော့ ဆားကွင်းတွေကိုဖြတ်တဲ့ ချောင်းတွေ မြန်မြန်ဆန်ဆန် ရေထွတ်အောင် ရေစီးအား နည်းမှာစိုးလို့ မနှစ်ကတော့ ချောင်းတွေတူးပေးတယ်။ တောင်ပေါ်ကဆင်းလာတဲ့ရေကို တတ်နိုင်သလောက် တားပေးဖို့ရေတားတမံတည်ဆောက်ပေးတယ်” ဟု ဦးခင်စိုးက ဆိုသည်။

သို့သော် ယခုနှစ်တွင်လည်း သဘာဝဘေးအန္တရာယ်နှင့် ရေကြီးမှုများ ကြုံတွေ့ခဲ့ရသည်။ နှစ်စဉ်ကြုံတွေ့ရမည့်ဘေးကို တွက်ဆ၍ ဆားလုပ်ငန်းရှင်များအနေနှင့် နည်းလမ်းသစ်များ စဉ်းစားသင့်ကြောင်း သူကထပ်လောင်း အကြံပြုပြောဆိုသည်။

“ဒီလိုဖြစ်တာ ၂ နှစ် ရှိသွားပြီးဆိုရင် ဆားသိုလှောင်ရုံတွေကို ပြောင်းရွှေ့သင့်တယ်” ဟု ဦးခင်စိုးက အကြံပြုပြောဆိုသည်။

စိုင်းထွန်းစံ

Advertisements

Leave a Reply