Advertisements

မွန်တို့ရဲ့ ရိုးရာသင်္ဘော ဆွမ်းကပ်လှူပွဲဓလေ့

မွန်လူမျိုးတို့တွင် (၁၂) ရာသီပွဲ ကျင်းပလေ့ရှိသော်လည်း ယင်း (၁၂)ရာသီပွဲတော်ထဲကမှ ယနေ့ကျရောက်သည့် တော်သလင်းလပြည့်နေ့တွင် မွန်လူမျိုးတို့ မွန်ရိုးရာသင်္ဘောဆွမ်းကပ်လှူပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိကြသည်။

တော်သလင်းလပြည့်နေ့ရောက်တိုင်းတွင် ဗုဒ္ဓဘာသာမွန်တိုင်းရင်းသားလူမျိုးများတို့သည် မိမိရောက်ရှိ အခြေချနေထိုင်နေကြသည့် မည်သည့်နိုင်ငံ၊ မြို့၊ ရပ်ရွာ မည်သည့်အရပ် ဒေသတွင်မဆို ရိုးရာ သင်္ဘောဆွမ်းတော်ကြီးတင်ပွဲကို ကျင်းပကြသည်။

ဆွမ်းတော်ကြီးတင်ပွဲ ဆင်နွှဲရသည့်အကြောင်းအရင်းမှာ ယနေ့အချိန်တွင် မွန်တိုင်းရင်းသားလူမျိုးများအားလုံးက ဂဃဏန နားလည်သိရှိထားကြသည်မှာ အလွန်ပင် နည်းပါးကြသော်လည်း မွန်တိုင်းရင်းသားတို့က ရိုးရာမပျက်ယုံကြည်စွဲမြဲကာ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သည်မှာ ယနေ့အချိန်ထိပင် ဖြစ်သည်။

တော်သလင်းလပြည့်နေ့မတိုင် အဖိတ်နေ့တွင် အနယ်နယ်အရပ်ရပ်က မွန်ဘုန်းတော်ကြီးကျောင်းများတွင် ကျောင်းဒါယကာ၊ ဒါယိကာမတို့က မိမိတတ်နိုင်စွမ်းနိုင်သမျှ လုပ်အားနှင့် အလှူငွေများဖြင့် သင်္ဘောတစ်စီးကို၊ စက္ကူ၊ဝါး၊ သစ်သားစသဖြင့် ပြုလုပ်တည်ဆောက်ကြပြီး အချို့ ဘုန်းတော်ကြီးကျောင်းများတွင် သံ၊
စတီးဖြင့် ပြုလုပ်ထားကြသည်။

Advertisements

အချို့သောကျေးရွာများတွင် ညနေ ၄ နာရီမှစ၍ ည ၇ နာရီအချိန် တံခွန်သွားရောက်ပူဇော်ခြင်းများ ပြုလုပ်လေ့ရှိသည့်အပြင် ပြုလုပ်ထားသော သင်္ဘောပုံစံဖြင့် ရွာပတ်ပြီး ပူဇော်မှုပြုလုပ်ခြင်းများလည်း ရှိနေလေသည်။

တော်သလင်းလပြည့်နေ့ နံနက်အာရုံတက်ချိန်မှာ တည်ဆောက်ထားသော သင်္ဘောပေါ်တွင် တံခွန်၊ ကုက္ကား၊ ပန်း၊ နံ့သာ၊ သစ်သီး၊ ကွမ်းစသည့် အမျိုးအမည် ထောင်သောင်းမကသော လှူဖွယ်ဝတ္ထု အမျိုးမျိုးတို့ဖြင့် သင်္ဘောကုန်းပတ်ပေါ်တွင် မွန်တိုင်းရင်းသားတို့က လာရောက်ကပ်လှူပူဇော်ကြသည်။

မွန်လူမျိုးအများစုက မည်သူများကို ရည်စူး၍ ကပ်လှူပူဇော်ရသည်ကို စူးစမ်းသူနည်းပါးလှပါပေသည်။ သို့သော် မွန်ဗုဒ္ဓဘာသာဝင်တို့က အလှူဒါနပြုလုပ်ရာတွင် စိတ်အားထက်
သန်သည့်အထဲတွင် တစ်ဦးက ပန်းလှူမည်ဆိုပါက တစ်ဦးက သစ်သီးဟု မတူကြစေရန် စွမ်းဆောင်လှူဒါန်းကြလေသည်။

ထို့ကြောင့် ဆွမ်းတော်ကြီးတင်ပွဲကို “ဆွမ်းတော်တစ်ထောင်တင်လှူပူဇော်ပွဲ” (သ္ဘင်ဗဝ်သူုတ်ကၞင်) ဟုလည်း မှတ်သားခေါ်ဝေါ်ကြသေးသည်။ သင်္ဘောဆွမ်းတော်ကြီးတင်လှူပွဲကို အယူအဆ (၂) မျိုးဖြင့် ကျင်းပခဲ့ကြသည်ဟု မွန်သံဃာတော်များနှင့် မွန်သုတေသီပညာရှင်များက ဆိုထားသည်။

အေဒီ ၅၄၀ ခုနှစ်တွင် သီဟိုဠ်ဘာသာဖြင့် တည်ရှိနေသော ပိဋကတ်သုံးပုံကျမ်းအစုံစုံကို ပါဠိဘာသာဖြင့် တစ်ဆင့် ကူးယူရုံသာမက ဝိသုဒ္ဓိမဂ်ကျမ်းကြီးကိုလည်း ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ်တိုင်ရေးသားပြုစုခဲ့သည့် အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်နှင့် ပတ်သက်၍ ပူဇော်ပွဲကျင်းပခြင်းဖြစ်သည်။

အရှင်မဟာဗုဒ္ဓဃောသ မထေရ်၏ အပြန်လမ်းသည် မုတ္တမကမ်းခြေသို့ ဦးတည်ခဲ့ပြီး ယင်းကြောင့် မုတ္တမနေပြည်တော်အခြေစိုက် မင်းနှင့်ပြည်သူတို့ ပိဋကတ်သုံးပုံသယ်ဆောင်လာသည့် အရှင်မြတ်ကို ခရီးဦးကြိုဆိုကြသည်။

ထို့မှ အစပြု၍ ယနေ့တိုင် မွန်တို့ ဒေသရာမညတွင် ဘုရားဟောသည့် ပိဋကတ်ပါဠိတော်တည်ရှိသည့် အထိမ်းအမှတ်ဖြင့် ဆွမ်းတော်ကြီးတင်ပွဲကို ဆင်နွှဲကြသည့် ဓလေ့ ပေါ်ပေါက်လာသည်ဟု ယူဆကြသည်ဟု ဆိုကြပေသည်။

ယင်းအယူအဆအပြင် ဓမ္မစေတီမင်း၏ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ သမိုင်းနှင့် ကျမ်းအရဖော်ပြထားသည်မှာ – သီလစင်ကြယ်သော သာသနာပြုရဟန်းတော်များ မွေးထုတ်နိုင်ရန် ကောဇာသက္ကရာဇ် ၈၃၈ ခုနှစ်တွင် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) သို့သံဃာတော် (၄၄) ပါးကို ဓမ္မစေတီမင်းက သင်္ဘောနှစ်စီးဖြင့် စေလွှတ်တော်မူခဲ့ပြီး အဆိုပါ သံဃာတော် (၄၄) ပါးတို့က ကလျာဏီသိမ်တွင် ရဟန်းအသစ်ခံယူကြသည်။

အပြန်ခရီးတွင် သင်္ဘောနှစ်စီးအနက် ရာမဒူတသင်္ဘောက ခရီးချော့မွေ့စွာ ပြည်တော်ပြန်နိုင်ခဲ့သည်။

သို့သော် စိတြဒူတအမည်ရသည့် သင်္ဘောကား လေပြင်းမုန်တိုင်းမိသဖြင့် သင်္ဘောမမှောက်သည့်တိုင် လိုရာခရီးပန်းတိုင်ဆီ အပြီးမဆိုက်ရောက်နိုင်ခဲ့ပေ။ သို့သော်လည်း စိတြဒူတသင်္ဘောသည် အိန္ဒိယနိုင်ငံ (ယခင်-မဒရပ်၊ ယခု -ချင်းနိုင် – ဟု ယူဆရသည့်) ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်ဟု ဆိုကြသည်။

သင်္ဘောနှစ်စီးတွင် တစ်စီးသာ ပြန်ရောက်လာနိုင်သည့်အတွက် ဓမ္မစေတီမင်းနှင့် တိုင်းသူပြည်သားတို့က ရတက်မအေး ပူဆွေးခဲ့ကြရသည်အထိ ဖြစ်ခဲ့သောကြောင့် ပျောက်ဆုံးနေ
သည့် သင်္ဘောတစ်စီးပေါ်ပါ ရဟန်းသံဃာတော်များ ဘေးမသီ ရန်မခ အန္တရာယ်များမကျရောက်စေရန်အတွက် တိုင်းသူပြည်သားတို့က ဝတ်ပြုဆုတောင်းခဲ့ကြသည်။

ဝတ်ပြုဆုတောင်းရန်အတွက် စိတြဒူတသင်္ဘောပုံစံတူ သင်္ဘောတစ်စီးကို ဖန်တီးတည်ဆောက်ကာ အတုမရှိဗုဒ္ဓ၏ ဂုဏ်တော်ကို အာရုံပြု၍ ယင်းသင်္ဘောတွင် ထောင်သောင်းမကသောအမည်ရှိသည့် ဒါတဗ္ဗဝတ္ထုတို့ဖြင့် ဆွမ်းတော်ကြီးကို ဘုရားအား ကပ်လှူပူဇော်ကြသည်။

သင်္ဘောပျောက် အန္တရာယ်ကျရောက်နေသည့် ရဟန်းသံဃာတော်များအား ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေလိုသည့် ရည်မှန်းချက်ဖြင့် ဆွမ်းတော်ကြီးတင်ပွဲကိုကျင်းပခဲ့ခြင်းဖြစ်သည်။

အယူအဆအမျိုးမျိုး ရှိနေသော်လည်း ကောင်းမွန်သည့် လုပ်ဆောင်မှုတစ်ခုဖြစ်သည့်အတွက် အငြင်းပွားစရာ အကြောင်းမရှိသည့်အပြင် မွန်တိုင်းရင်းသား လူမျိုးဗုဒ္ဓဘာသာဝင်တို့အတွက် ထူးခြားသည့် ရိုးရာဓလေ့ယဉ်ကျေးမှုတစ်ခုကို ထိန်းသိမ်းထားလျက်ရှိသည်။

ယင်းဓလေ့ထုံးတမ်းမှာ တစ်ကမ္ဘာလုံးတွင် ဗုဒ္ဓဘာသာရှိနေသော်လည်း တစ်မူထူးခြားသည့်သင်္ဘောဆွမ်းကြီးကပ်ရိုးရာကို မွန်တိုင်းရင်းသားလူမျိုးတစ်မျိုးတွင်သာရှိကြပေသည်။

တော်သလင်းလပြည့်နေ့တွင် မွန်လူမျိုးတို့ အခြေချနေထိုင်ရာ နေရပ်အသီးသီးက သင်္ဘော ဆွမ်းကပ်လှူပူဇော်သည့်ပွဲကိုကျင်းပကြပြီး ယင်းနေ့မှာပင် အချို့မွန်ရွာ၊ မွန်ဘုန်းတော်ကြီးကျောင်းတွင် စတုမဓု ပျားရည်လောင်းလှူပွဲစသည့် ပွဲများလည်း ကျင်းပကြသည်။

ထို့ပြင် ထူးခြားစွာ ထပ်မံတွေ့မြင်နိုင်သည်မှာ လူများကသာ သံဃာတော်များကို လှူဒါန်းခြင်းများ တွေ့မြင်နိုင်ကြသော်လည်း အချို့မွန်ကျေးရွာများတွင် ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်များ၊ သံဃာတော်များတို့က ကျေးရွာနှင့်အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ ဒါယကာ၊ ဒါယိကာမများတို့ကို ဆန်နှင့် ငွေကြေးများ ပြန်
လည် လှူပေးခြင်းများလည်း တွေ့မြင်နိုင်သည်။

မည်သို့ပင် ဆိုစေကာမူ သင်္ဘောဆွမ်းကြီး ကပ်လှူသည့် ရိုးရာဓလေ့ကို ယနေ့ထိတိုင် မွန်တိုင်းရင်းသားလူမျိုးတို့က ရိုးရာမပျက် ဆက်လက်ထိန်းထားလေသည်။

ရွှေရိုး

Advertisements

Leave a Reply