Advertisements

”သူများပွဲတွေ သွားတက်တဲ့အခါ ကိုယ့်မျက်နှာက ကြည့်မကောင်းလို့မဖြစ်ဘူးလေ”

မွန်ပြည်နယ် တစ်ဝန်းရှိ Facebook သုံးစွဲ သူများကြား ရေပန်းစားနေသော Facebook Cele နေဆန်း ဟာ မျက်နှာ ခွဲစိတ်ပြုပြင်မှု ပြုလုပ်ခဲ့ပါတယ်။ နေဆန်း ၏ မျက်နှာခွဲစိတ်ရခြင်းအကြောင်းနှင့် လတ်တလော သူ၏ အနုပညာ လှုပ်ရှားမှုများကို ဟင်္သာမီဒီယာကမေးမြန်း ဖော်ပြလိုက်ပါသည်။

ဟင်္သာမီဒီယာ ။    ။ ကိုနေဆန်းအနေနဲ့ ဘာကြောင့် မျက်နှာပြုပြင်လိုက်လဲ။
နေဆန်း ။   ။ မျက်နှာပြုပြင်လိုက်တာ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက ကိုယ့်ကို သိတဲ့သူလည်း နည်းတယ်၊ လာငှားတဲ့သူလည်း နည်းတယ်။ သဘာဝအတိုင်းတော့ ကောင်းတာပေါ့၊ ဒါပေမဲ့ အခုချိန်မှာတော့ ကြော်ငြာရိုက်ဖို့လာငှားတဲ့ သူကလည်း များလာပြီး သိတဲ့သူကလည်း တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်။ ကိုယ်ကြိုးစားတဲ့ အလုပ်အပေါ်မှာ လာငှားတဲ့သူကလည်းများလာတော့ လာငှားတဲ့သူကလည်း အမျိုးသမီးဝတ်စုံနဲ့လာငှားတယ်ဆိုတော့ ကိုယ့်မျက်နှာအနေအထားက သူများပိုက်ဆံများများ ပေးပြီးတော့ ငှားထားတယ်ဆိုတော့ သူများပွဲသွားတဲ့အခါမှာ ကိုယ့်မျက်နှာက ကြည့်မကောင်းရင်တော့ မဖြစ်ဘူးလေ။ အဲဒါကြောင့်မို့ နှာခေါင်းနည်းနည်း ပြင်လိုက်တယ်။ မေးစေ့နည်းနည်း
ပြင်လိုက်တယ်။

ဟင်္သာမီဒီယာ ။   ။ အခုမျက်နှာပြင်လိုက်တော့ လိုင်ပေါ်က ပရိသတ်တွေက ပြောနေကြတယ်။ အရင်ကနေဆန်းမျက်နှာနဲ့ဖြစ်လာနိုင်မလားဆိုတာပေါ့၊ အဲဒီအပေါ်မှာ ဘာပြောချင်လဲ။
နေဆန်း ။   ။ ဟုတ်တယ်၊ ပရိသတ်အများစုကတော့ ဗမာပရိသတ်တွေရော၊ မွန်ပရိသတ်တွေရော မေးနေကြတယ်။ နေဆန်းကို ချစ်တဲ့ ပရိသတ်တွေကိုတော့ နေဆန်းအပေါ် စိုးရိမ်ပြီး မေးနေကြတာရှိတယ်။ အရင်နေဆန်းမဟုတ်ဘဲ  ရုပ်အသစ်ဖြစ်လာမှာကို စိုးရိမ်နေကြတယ်။ နေဆန်းလည်း မျက်နှာ မပြင်ခင်မှာ ဆရာဝန်နဲ့ ပြောဆို တိုင်ပင်ထားပြီးသားပါ။ အများကြီးတော့ မပြင်ထားဘူး။ နှာခေါင်းကို နည်းနည်းပြင်မယ်။ မေးစေ့လည်း နည်းနည်းပြင်လိုက်တယ်။ နေဆန်းက မျက်နှာကြီးနေတော့ မျက်နှာနည်းနည်း ပြန်ငယ်အောင်လုပ်ထားတယ်။ အဲလောက်ပါပဲ၊ အသစ်ပြောင်းသွားအောင်တော့ မဟုတ်ပါဘူး။

ဟင်္သာမီဒီယာ ။  ။ စိတ်ဝင်စားတဲ့သူတွေ ရှိနေတော့ ဒီနိုင်ငံမှာ မပြင်ဘဲနဲ့ ဘာကြောင့် ထိုင်းနိုင်ငံမှာ သွားပြင်လဲဆိုတာကို ပြောပြပေးပါလား။
နေဆန်း ။   ။ ဘာကြောင့် ထိုင်းမှာသွားပြင်ဖြစ်လဲဆိုတော့ ဒီနိုင်ငံမှာက သိပ်ပြီး မယုံကြည်လို့ပါ။ တစ်ခုခု မကောင်းသွားမှာကို စိုးရိမ်လို့ အဲဒါကြောင့် ထိုင်းမှာပဲ သွားပြင်ချင်တယ်။ ပြင်ဖို့ကလည်း စဉ်းစားထားတာ နှစ်တွေကြာနေပြီး ပြင်ဖို့ကလည်း အလုပ်နဲ့ ဘာနဲ့ ရှုပ်နေတော့ ဒီပြီးခဲ့တဲ့ရက်ပိုင်းလောက်ကပဲ ထိုင်းကို သွားလိုက်တယ်။ ထိုင်းတွေက ကြော်ငြာရိုက်ဖို့ ငှားတော့ ထိုင်းသွားဖြစ်ခဲ့တယ်။ ထိုင်းသွားဖြစ်တော့ တစ်ခါတည်း ပြင်လိုက်တယ်။ ပြင်ပြီးတော့ ဒေါက်တာက မပေးပြန်သေးတော့ တစ်လခွဲလောက် ထိုင်းမှာ ကြာသွားတယ်။

Advertisements

ဟင်္သာမီဒီယာ ။   ။ ထိုင်းမှာက ဘာကြော်ငြာတွေ ရိုက်ဖြစ်ခဲ့လဲ။
နေဆန်း ။   ။ ဘာကြော်ငြာရိုက်လဲဆိုတော့ ပိန်ဆေးတွေ အသားဖြူဆေးတွေ မျက်နှာပေါင်းဆေးတွေပေါ့ အဲဒီကြော်ငြာတွေ ရိုက်တာပါ၊

ဟင်္သာမီဒီယာ ။   ။ ထိုင်းမှာ ကြော်ငြာရိုက်တာနဲ့ မြန်မာနိုင်ငံမှာ ကြော်ငြာရိုက်တာ ဘာကွာခြားမှုရှိလဲ။
နေဆန်း ။   ။ ကိုယ့်နိုင်ငံက ကြော်ငြာဆိုရင် ရိုက်ရတာ လွယ်တယ်။ ကိုယ်က ဒီနိုင်ငံမှာရှိနေတော့ ဗမာစကားကို ကိုယ်ကရထားပြီးသားဆိုတော့ အဲဒါက လွယ်တယ်။ အကယ်၍ အခြားနိုင်ငံမှာ သွားရိုက်မယ်ဆိုရင်တော့ ဒါရိုက်တာကအစ ကင်မရာတွေရော ကိုယ့်ရဲ့ဘာသာစကားမဟုတ်တော့ဘူး။ ကိုယ့်ကိုငှားထားတဲ့ လူတွေကလည်း ကိုယ့်ရဲ့ လူမျိုးဘာသာစကားမဟုတ်တော့ အဲဒါတွေက ပြောဆိုရတာ နည်းနည်းခက်တယ်။ အဆင်ပြေအောင်ရိုက်ဖို့က နည်းနည်း
အချိန်ယူရတယ်။

ဟင်္သာမီယာ ။   ။ အတွေ့အကြုံအရဆိုရင် ဘာကွာသွားလဲ။
နေဆန်း ။   ။ သိပ်မကွာဘူး။ ကင်မရာမင်းန် တွေရဲ့ Quality ဒီကနဲ့ မကွာဘူး။ ဒီခေတ်ကတော့ ကိုယ့်နိုင်ငံကလည်း သူများနိုင်ငံကို လိုက်မီလာပြီးဆိုတော့ အမှန်တိုင်းပြောရရင် သိပ်မကွာဘူး။ အတူတူပဲလို့ ပြောလို့ရတယ်။

ဟင်္သာမီဒီယာ ။   ။ နောင်ဆိုရင် ပရိသတ်တွေအတွက် ဟာသဗွီဒီယိုတွေ ဘာတွေရိုက်ဖို့ရှိသေးလား။
နေဆန်း ။   ။ ဒီလကတော့ အရင်လကလို ဟာသဗွီဒီယိုတွေ သိပ်များများမရိုက်နိုင်ခဲ့ဘူး။ ဒီလကတော့ အလုပ်တွေ လက်ခံထားတာများနေတယ်။ ကြော်ငြာတွေလည်း အများကြီးလက်ခံထားတယ်ဆိုတော့ ဒီလကတော့ ဟာသတွေ အများကြီး မရိုက်ပေးနိုင်လိုက်ဘူး။ ဒါပေမယ့် ပရိသတ်တွေ အမြဲတမ်း ပျော်ရွှင်အောင် အမြဲတမ်း ရယ်စရာတွေ ဖြစ်အောင်တော့ ဆက်ပြီး ဖန်တီးပေးသွားမယ်။ ဆက်ပြီး ကြိုးစားပေးမယ်။

ဟင်္သာမီဒီယာ ။    ။ ဒီလိုလုပ်နေတာက ပတ်ဝန်းကျင်အသိုင်းဝိုင်းတွေ သူငယ်ချင်းတွေကြားမှာ အကောင်းမမြင်တာတွေ ဝေဖန်တာတွေရော ရှိလား၊ ဘယ်လိုအခြေအနေရှိလဲ။

နေဆန်း ။   ။ ဒီလိုမျိုးကတော့ ရှိပါတယ်။ အများကြီးရှိတယ်။ အများစုကတော့ နေဆန်းတို့ရွာက လူတွေပေါ့နော်။ အရင်ကတော့ နေဆန်းက ဆံပင်ညှပ်လုပ်တယ်။ အခုက မလုပ်ဖြစ်တာ တစ်နှစ်လောက်ရှိနေပြီး ဒီဘက်အလုပ်က များလာတော့ မလုပ်ဖြစ်တာပါ။ အခုက သူငယ်ချင်းတွေရော မိဘဘက်က သူငယ်ချင်းတွေရော ပြော
နေကြတာ အများကြီးပါ။ သားတစ်ယောက်ရထားတာ ဘာအလုပ်မှ မလုပ်ဘူး။ အလကားနေ ယောင်္ကျားလေးဖြစ်ပြီးအမျိုးသမီးဝတ်စုံဝတ်ပြီး facebook ပေါ်တင်နေတာ ဘာမှမလုပ်ဘူး။ အဲဒီလိုပြောတာတွေရှိတယ်။ ဒါပေမယ့် နေဆန်းက တစ်လသိန်းတစ်ရာ၊ သိန်း ၅၀ ရနေတာတွေက သူတို့ မသိကြဘူး။ ဒီအလုပ်က ကိုယ်ရတာကိုယ်ပဲသိတယ်။ ကိုယ့်ဗိုက်နာတာ ကိုယ်ပဲသိတယ်။ အခုကျတော့ အမေနဲ့ အဖေကလည်း ဒီအလုပ်နဲ့ပတ်သက်ပြီး လုပ်ခွင့်ပေးတယ်။

ဟင်္သာမီဒီယာ ။   ။ ငယ်ငယ်ကတည်းက ဒီအလုပ်ကိုဝါသနာပါလို့ လုပ်ဖြစ်တာလား။
နေဆန်း ။    ။ ငယ်ငယ်က ကျောင်းနေတုန်းကဆိုရင် သီချင်းဆိုဝါသနာပဲပါတယ်။ သီချင်းပဲ ဆိုနေတယ်။ မွန်အဆိုတော်တွေ အများကြီးရှိတယ်။ သူတို့တွေကို တွေ့ရင် ကိုယ်လည်း အဆိုတော်ဖြစ်ချင်ခဲ့တယ်။ အခုအသက်အရွယ်ရလာတော့ ကိုယ့်ရဲ့ ကုသိုလ်ကောင်းမှုပြုခဲ့တာကြောင့် လို့ပြောရမယ်။တကယ်တမ်းဖြစ်လာတော့ ကိုယ်က ဟာသဗွီဒီယိုတွေ ရိုက်ဖြစ်လာတော့ ဒီအတိုင်းပဲဆက်လုပ်သွားရတာပေါ့။

ဟင်္သာမီဒီယာ ။   ။ နေဆန်းမှာ ချစ်သူရည်းစားတွေ ရှိနေပြီးလား။

နေဆန်း ။    ။ (ရယ်လျက်) မရှိသေးဘူး။ မိဘတွေက ရည်းစားထားတာ မကြိုက်ဘူး။ မိဘကို အရင်လုပ်ကျွေးမယ်။ အခုချိန်မှာ အလုပ်လုပ်နေရတယ်ဆိုတော့ ရည်းစားထားရင်တော့ ရည်းစားနဲ့ အချိန်ပေးရမယ်ဆိုတော့ အလုပ်ကိုကောင်းကောင်းမလုပ်ရဘူးဆိုတော့ မထားချင်သေးဘူး။

ဟင်္သာမီဒီယာ ။   ။ ဝါသနာတူ လူငယ်တွေကို ဘာများတိုက်တွန်းချင်လဲ။

နေဆန်း ။      ။ ကိုယ်ဝါ သနာပါတာကိုပဲ လုပ်ပါ။ နေဆန်းလည်း အဲဒီလိုပါပဲ။ အမေနဲ့ အဖေမွေးလာတာက ယောင်္ကျားလေး၊ လုပ်နေတဲ့အလုပ်က အမျိုးသမီးဝတ်စုံနဲ့ဖြစ်သွားတယ်။ သူများတွေ ဘာပဲပြောပြော ကြိုးစားပါ။ အခုတော့ အောင်မြင်မှုတစ်ခုတော့ ရနေပြီးလို့ ပြောလို့ရတယ်။ မိဘတွေကိုလည်း လုပ်ကျွေးနိုင်ပြီး နိုင်ငံခြားလည်း ထွက်စရာမလိုတော့ဘူး။ အဲဒီတော့ အားလုံးက ကိုယ်ဝါသနာပါရာကို လုပ်ကြပါ၊ ဘာမှ မကြောက်မရွံ့ဘဲ လုပ်ကြပါလို့ တိုက်တွန်းချင်တယ်။

ဟင်္သာမီဒီယာ ။    ။ ပရိသတ်တွေကို ဘာများပြောချင်လဲ။

နေဆန်း ။    ။ ပရိသတ်တွေအားလုံးကို ပေါ့နော် နေဆန်းကို အားပေးကြပါ။ နေဆန်းဝတ်တဲ့ ယောင်္ကျားလေး ဝတ်စုံရော၊ အမျိုးသမီး ဝတ်စုံရောအားပေးကြပါ၊ တချို့ မွန်ပရိသတ်တွေ ပြောကြတာတွေရှိတယ်၊ ဘာလို့ ဗမာစကားပြောနေလဲ ဘာလို့ မွန်စကားမပြောလဲ၊ နေဆန်းကို လာငှားတဲ့သူတွေက ဗမာတွေများတယ်။ မွန်တွေလာငှားရင် နေဆန်းက မွန်စကားပြောရမယ်။ ဗမာတွေက လာငှားတာများတော့ နေဆန်းက ဗမာစကားပဲ ပြောရမယ်။ အဲဒါကြောင့်မို့ နေဆန်းကိုခွင့်လွှတ်ပေးပါ။ ဟာသဗွီဒီယိုကိုတော့ မွန်ဘာသာရော၊ ဗမာဘာသာရော နှစ်မျိုးလုံးတင်ပေးမယ်။ ပြီးရင်တော့ အခုလက်ရှိ မိဘကို ကျွေးမွေးနိုင်အောင် နေဆန်း ကားစီးနိုင်အောင် နေဆန်းဒီအဆင့်ထိရောက်လာအောင် ပရိသတ်တွေရဲ့ အားပေးမှုကြောင့်ပါ။ ပရိသတ်အားလုံးကိုလည်း ချစ်ခင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ရွှေရိုး

Advertisements

Leave a Reply