Advertisements

အမှိုက်များ သွန်ပစ်လိုက်ပါ

လွန်ခဲ့သော အပတ်က စာပေဟောပြောပွဲသွားရန် သူငယ်ချင်းများနှင့်ချိန်းဆိုထားသဖြင့် ဆိုင်ကယ်မယူဘဲ ချိန်းထားသည့်နေရာဆီ ခြေကျင်လျှောက်လာခဲ့ပါသည်။ခြေကျင်လျှောက်လာစဉ်မိုးရေများကြောင့်ဗွက်ထနေသောဘေးကအမှိုက်ပုံဆီကဆိုးဝါးသော အနံ့များ၊ အပုပ်နံ့များ အန်ချင်စိတ်ဖြစ်ချင်လောက်အောင်ရ ခဲ့ပါသည်။ ထို့ကြောင့် လက်ကို နှာခေါင်းဝတွင်နေရာယူကာချက်ချင်း ပိတ်လိုက်ပါသည်။ အမှိုက်ပုံဆီမှ အနံ့ရခြင်းကိုနှာခေါင်းပိတ်လိုက်မိသည့်ကိုယ့်အဖြစ်ကိုကြည့်ကာ အတွေးတစ်ခုတွေးမိလိုက်ပါသည်။

အမှိုက်ဟူသည် လူတွေကမလိုချင်လို့ စွန့်ပစ်ထားသည့်အရာများဖြစ်ပါသည်။ အသုံးမကျ ဖြစ်နေသော အမှိုက်များ၏ အပုပ်နံ့များ၊ ညှီစို့စို့အနံ့များကို မနံအောင်ဆိုပြီး လက်ဖြင့်နှာခေါင်းကိုပိတ်လိုက်လျှင်ရပါသည်။

သို့သော်လူတို့၏ ဦးနှောက်ထဲတွင်အသုံးမတည့်သောအမှိုက်များကိုတော့ ဖယ်ရှားပစ်ဖို့ မေ့လျော့နေကြပြန်သည်။ ထို့အတူ လူ့အမှိုက်ဟူသော သတ်မှတ်ချက်များ၏ အောက်ကင်းလွတ်စွာနေထိုင်ဖို့လည်းမေ့လျော့နေပါသည်။

သင်၏အတွေးသည် သင့်ဘဝ၏ လားရာဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အမှိုက်နှင့် တူသော အတွေးများကိုမထည့်မိရန် သတိပြုနေထိုင်ကြရမည်။ရေစီးရေလာကောင်းရန်အတွက်အမှိုက်များပိတ်ဆို့မနေဖို့လိုအပ်သည်။သို့မှသာ ရေစီးရေလာကောင်းပြီး ရေသည်လည်းကြည်လင်မည်ဖြစ်ပါသည်။ ထို့အတူ အမှိုက်နှင့် တူသောအတွေးများ ကင်းစင်နေမှသာ အတွေးအခေါ်ကောင်းများကို တွေးခေါ်နိုင်မည်ဖြစ်ပါသည်။

Advertisements

ကျွန်မတို့၏ ဦးနှောက်သည် လွန်စွာ နူးညံ့သိမ်မွေ့သော အတွေးများ၊အတွေးကောင်းများတွေးပေးနိုင်စွမ်းရှိပါသည်။ ဆန်ဆိုသည်မှာ ကျွန်မတို့လူသားများအသက်ရှင်ရပ်တည်နေရေးအတွက် အားအင်ဖြစ်ထွန်းစေသောအဓိက မှီခိုရသော အစာအာဟာရတစ်မျိုးဖြစ်ပါသည်။ ထိုသို့အဖိုးတန်သော ဆန်ကိုပင် သဲဟူသောအမှိုက်နှင့် ရောစပ်သွားပါက အသုံးမဝင်တော့သော အမှိုက်ဖြစ်သွားပါသည်။

ထို့ကြောင့်အမှိုက်နှင့် တူသော အတွေးများ၊ အရာများကို ဦးနှောက်ထဲတွင် ကြာရှည်ထည့်ထားခြင်း မပြုလုပ်ကြပါနှင့်။ ယနေ့ခေတ်သည် တိုးတက်လာသည်ဖြစ်သောကြောင့် လူမူရေးစာမျက်နှာဟုခေါ်တွင်သော Face Book ကိုလူတိုင်း နီးပါးသုံးစွဲနေကြပါသည်။ လူမူရေး စာမျက်နှာများကို အသုံးမချတတ်သူများအနေဖြင့် အမှိုက်နှင့်တူသော အတွေးများ၊ ပြောဆိုခြင်းများကို အရည်မရ၊ အဖတ်မရ ပြောဆိုတွေးခေါ်နေကြပါသည်။

ထိုသို့ ပြောဆိုခြင်း၊ ဝေဖန်ခြင်း၊တွေးခေါ်ခြင်းများကိုတွေ့ရများနေသောကြောင့် လတ်ဆတ်သော ဦးနှောက်ကို အမှောင်တိုက်နေသော လူမှုရေးစာမျက်နှာများအကြောင်း အဓိကပြောဆိုရခြင်းဖြစ်ပါသည်။

FaceBook သာမက ပြင်ပကကိစ္စအချို့ကြောင့်လည်းအမှိုက်များကိုဆွဲယူနေမိကြပါသည်။ ဥပမာ ။ မိမိလုပ်ငန်းများမ အောင်မြင်သည့်အခါ ဖြစ်လေ့ရှိသောစိတ်ဓာတ်ကျခြင်း၊စိတ်အလိုမကျခြင်း၊ ဝမ်းနည်းကြေကွဲခြင်းစသည်တို့သည်လည်း စိတ်ပိုင်းဆိုင်ရာအတွက်နှေးကွေးစေသော အမှိုက်များဖြစ်ပါသည်။

ထိုသို့အမှိုက်များဖြစ်ပေါ်လာသည့်အခါအချိန်အတိုင်းအတာတစ်ခုအထိသာ စုထားပါ။အချိန်အကြာကြီး စုထားပြီးသွန်ပစ်ဖို့မေ့သွားပါက သင်၏ ရှင်သန်မှုလမ်းကြောင်းများတွင် ထိုအမှိုက်များက တစ်ခံနေမည်ဖြစ်ပါသည်။ သို့ပါသောကြောင့် အမှိုက်များကို စုမထားပါနှင့်။ ပစ်ဖို့လည်း မမေ့ပါနှင့်။

အမှိုက်များကို လက်ပြပြုံးပြပြီးနှုတ်ဆက်တတ်ဖို့အထူးလိုအပ်ပါသည်။ ထို့ကြောင့် သင့်ကိုယ်သင်အမှိုက်ဖြစ်ခံမည်လား၊ အဖိုးတန်စေချင်သလား သင်ကိုယ်တိုင်သာ ရွေးချယ်လိုက်ပါ။

ရံဖန်ရံခါတွင် တစ်ဦးတစ်ယောက်၏ အမှိုက်များကိုယ့်ဆီကို လာပြီးသွန်သောအဖြစ်များနှင့်ကြုံတွေ့ရလေ့ရှိပါသည်။ သူများလာသွန်လို့ ပုံနေသာအမှိုက်များကို ပွေ့ယူခြင်းမပြုလုပ်ဘဲ ပြုံပြုံးလေးနှင့် လက်ပြ နှုတ်ဆက်တတ်ဖို့လိုအပ်ပါသည်။ မိမိသည် အမှိုက်များကို လက်မခံသူအဖြစ် သိရှိသွားလျှင် မည်သူကမှ သင့်ဆီအမှိုက်လာပုံတော့မည်မဟုတ်ပါ။

လောကကြီး၏နေရာအတော်များများတွင်လူ့အမှိုက်များရှိနေကြပါသည်။ လူ့အမှိုက်ဆိုသည်မှာ ကိုယ်ကျင့်တရားနှင့် စာရိတ္တများပျက်စီးယိုယွင်းနေသူကိုခေါ်တွင်ကြပါသည်။

အချို့ကလည်းနေထိုင်ရာဝန်းကျင် တစ်ခုသာမကကမ္ဘာလောကကြီးတစ်ခုလုံးကိုပါပျက်စီးသွားအောင် ဖျက်ဆီးနေသူ လူ့အမှိုက်များလည်း ရှိကြပါ၏။

လူ့အမှိုက်ကိုမည်သို့ပဲ အဓိပ္ပာယ်ဖွင့်ဆိုနေကြပါစေ တစ်ပါးသူ၏ လမ်းများကိုပိတ်ဆို့နေသူသည်မကောင်းသောသူများဖြစ်ကြပါသည်။

လူ့အမှိုက်များသည် မိမိလည်းမစွမ်းသာနိုင်၊ သူတစ်ပါး၏ စွမ်းဆောင်ချက်များကို လိုက်လံဖျက်ဆီးနေသူများလည်း ဖြစ်ကြပါ၏။

လူ့ဘဝရောက်လာလျှင် ကောင်းအောင်နေဖို့လိုအပ်ပါသည်။ ကောင်းအောင်နေခြင်းဆိုသည်မှာ သက်ဆိုင်ရာကျင့်ဝတ်၊ နီတိများနှင့်အညီ နေထိုင်ခြင်းကိုဆိုလိုခြင်းဖြစ်ပါသည်။

ထိုနီတိ၊ ကျင့်ဝတ်များနှင့် ညီအောင်မနေသူများသည် လူ့အမှိုက်များဖြစ်ကြပါသည်။ လူ့အမှိုက်မဖြစ်ဖို့ တာဝန်ကိုယ်စီကျေဖို့အထူးလိုအပ်ပါသည်။

မိမိက ဆရာမဖြစ်လျှင် တပည့်များစာတတ်မြောက်ရေး၊အကျင့်သီလများကောင်းမွန်ရန်သင်ကြားပေးခြင်းစသည့်ဖြင့် တာဝန်များ ကျေပွန်ဖို့လိုအပ်ပါသည်။ လူသားတိုင်းသည် မိမိတို့၏တာဝန်များကိုကျေပွန်ကြပါလျှင် လူ့အမှိုက်များဘယ်မှာ ရှာတွေ့ပါမည်နည်း။

လူ့အမှိုက်များသည် တာဝန်မကျေခြင်း၊ အကျင့်သီလများ မထိန်းနိင်ခြင်းတို့ကြောင့် လူဘုံအလယ်တွင် ကြာရှည်စွာ မနေရဲကြပါ။ ဆင်ခြင်တုံတရားမရှိသူများကိုလူမိုက်များဟုခေါ်တွင်ကြပါသည်။ လူ့လောကအတွက်အကျိုးမပြု သူများကိုတော့ လူ့အမှိုက်များဟုခေါ်တွင်ကြသည်။

လူ့အမှိုက်များသည် အခြားသူများ၏ အိပ်မက်များကိုလည်း ဝင်ရောက်နှောင့်ယှက်တတ်ကြပါသေးသည်။လူ့အမှိုက်များနှင့် ပေါင်းသင်းလျှင်မိမိပါ လူ့အမှိုက်များ ဖြစ်သွားတတ်ပါသည်။

ပညာမတတ်သူများကို အချို့ကလူ့အမှိုက်ဟုမှားယွင်းစွာမှတ်ယူနေကြပါသည်။ပညာမတတ်သော်လည်းရိုးသားခြင်းနှင့်ပြည့်စုံနေပါလျှင်လူ့အမှိုက်မဟုတ်ပါချေ။

ပညာတတ်ဖြစ်သော်လည်း လူအများ၏ကောင်းကျိုးကိုဆောင်ရွက်သည့်အခါများတွင် ကန့်လန့်တိုက်ကာ ဆန့်ကျင်နေသူများသည်လည်း လူ့အမှိုက်များဖြစ်ကြပါသည်။ တွေ့သည့်နေရာတွင် တွေ့သည့်လူများနှင့်ရန်ဖြစ်ခြင်း၊ တစ်ပါးသူကို မိမိဘက်မှစရန်လိုခြင်း၊ အများအကျိုးအတွက်ကောင်းဖို့ပြုလုပ်ဖို့နေနေသာသာ အများကောင်းကျိုးအတွက် ကန့်လန့်တိုက်ဖျက်ဆီးနေသူများသည်လူ့အမှိုက်များဖြစ်ကြပါ၏။

ယနေ့ခေတ်တွင် လူ့အမှိုက်များပေါများလျက်ရှိပါသည်။ လူငယ်များသည် လမ်းမှားရောက်ပြီး မူးယစ်ဆေးသုံးစွဲနေခြင်း၊ ခိုက်ရန် ဖြစ်နေခြင်း၊ ခိုးဝှက်လုနေခြင်းစသည်တို့ လုပ်ကိုင်ကာ လူ့အမှိုက်များဖြစ်နေကြပါသည်။လူငယ်များလူ့အမှိုက်ဖြစ်နေခြင်းသည် လူသားတိုင်းမှာ တာဝန်ရှိပါသည်။

သို့ပါသောကြောင့် လူငယ်များကို ယဉ်ကျေးသိမ်မွေ့စေရန်၊လူသားအချင်းချင်းစာနာတတ်ရန်စသည်ဖြင့်လူ့ကျင့်ဝတ်လူ့နီတိများသိရှိနားလည်အောင် ဓမ္မစကူးလ်များဖွင့်လှစ်ကာ သင်ကြားပေးနေခြင်းဖြစ်ပါသည်။

လူ့ဘောင်လောကတွင် လူ့အမှိုက်၊ စိတ်အမှိုက်၊ သက်ရှိအမှိုက်၊ သက်မဲ့အမှိုက်ဟူ၍ရှိပါ၏။ ထိုအမှိုက်များတွင် လူ့အမှိုက်ကို သန့်ရှင်းအောင်ပြုလုပ်ရခြင်းမှာ အလွန်ခက်ခဲပါသည်။စိတ်အမှိုက်များကတော့ မိမိကိုယ်ကို သန့်ရှင်းယူ၍ရပါသည်။

သက်ရှိနှင့်သက်မဲ့အမှိုက်များမှာ လူတို့က ဖန်တီးထားသောကြောင့်လူတို့ကပင်သန့်ရှင်းယူရမည်ဖြစ်ပါသည်။

သို့ပါသောကြောင့် လူထဲကအမှိုက်မဖြစ်ကြစေဖို့လိုက်နာရမည့်ကျင့်ဝတ်၊ နီတိများကိုလိုက်နာကာ ဆိုးနေ သော စရိုက်များပြင်ခြင်း၊ ဒေါသကြီးနေရာမှ လျှော့ချခြင်း၊ မောဟများနေရာမှဖြေဖျောက်ခြင်း၊ ရန်လိုနေခြင်းမှငြိမ်းအေးစေရန်နေထိုင်ပြုမှုခြင်းများဖြင့် ဇမ္ဗူနယ်အတွင်းတွင် လူလိမ္မာများဖြစ်အောင်နေထိုင်ကြပါစို့ဟုတိုက်တွန်းလိုက်ရပါသည်။

မုဒိတာ(တောင်သာ)

Advertisements

Leave a Reply