Advertisements

မြန်မာရွှေ့ပြောင်းလုပ်သားများဘဝ အမှန်တကယ် လုံခြုံပြီလား

ဘန်ကောက်မြို့ က ဟင်ဟင်းသီးဟင်းရွက် ဈေးတစ်ခုအလုပ်လုပ်ကိုင်နေသောမြန်မာ ရွေ့ပြောင်းလုပ်သားများ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနိုင်ငံခြားသားခရီးသွားဧည့်သည်များကို အဆွဲဆောင်ဆုံး စီးပွားရေးလုပ်ငန်းမှာ ကျောက်ဖရား မြစ်တွင်းပြေးဆွဲသော အပျော်စီးသင်္ဘောလုပ်ငန်းလည်းတစ်ခုအပါအဝင်ဖြစ်သည်။

ဘန်ကောက်မြို့သို့ နိုင်ငံအသီးသီးကရောက်လာသော ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များသည် ဘန်ကောက်မြို့ ၏ ညနေခင်း အလှနှင့် ညရှုခင်းကို ခံစားဖို့ရာ ထိုအပျော်စီးသင်္ဘောများထံရောက်လာကြသည်။

ထိုအပျော်စီးသင်္ဘာ လုပ်ငန်းလုပ်ကိုင်သော Thai Star Cruise ကုမ္ပဏီ ပိုင် သင်္ဘောတစ်စီး၏ လုပ်ငန်း အရပ်ရပ်ကို မြန်မာအလုပ်သမားက စီမံနေကြသည်။ သင်္ဘောပေါ်တွင် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးရန် ညနေစာ ပြင်ဆင်သူက ပြင်၊ တခြားသင်္ဘောနှင့်ပတ်သက်သည့် လုပ်ငန်းလုပ်ကိုင်သူက လုပ်နှင့် ကျရာတာဝန်ကို ထမ်းဆောင်နေကြသည်။

“ဒီမှာက  အားလုံးမြန်မာတွေကြီးပဲ လူကြီးကလည်း မြန်မာပဲ ကျွန်မတို့မော်လမြိုင်ကပဲ” ဟု အသက် ၃၀အရွယ် အမျိုးသမီး အလုပ်သမား တစ်ဦးကဆိုသည်။

Advertisements

Thai Star Cruise ကုမ္ပဏီ ပိုင်အပျော်စီးသင်္ဘောတွင် မြန်မာအလုပ်သမား ၄၀ ကျော်နီးပါးရှိသည်။ ထိုအလုပ်သမား အားလုံးမှာ မွန်ပြည်နယ် မော်လမြိုင်ကနေ ထိုင်းနိုင်ငံ ဘန်ကောက်သို့ သွားရောက် အလုပ်လုပ် ကိုင်နေသူများ ဖြစ်သည်။

ထိုအပျော်စီးသင်္ဘောတွင် အလုပ်လုပ်ကိုင်နေသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားအားလုံးသည်အထောက်အထား အပြည့်အစုံနှင့် သွားရောက်အလုပ်လုပ်ကိုင်နေကြသူများလည်းဖြစ်သည်။

ထိုအလုပ်သမားများထဲတွင်ထိုင်း – မြန်မာ အစိုးရတို့ နိုင်ငံသဘောတူညီချက် MOU စနစ် နှင့် သွားရောက် အလုပ်လုပ်ကိုင်သူများရှိသလို ထိုင်းအစိုးရက တရားဝင်နေထိုင်ခွင့်နှင့်အလုပ်လုပ်ကိုင်ခွင့် ပြုထားသော CIဖြင့် အလုပ်လုပ် ကိုင်နေသူများလည်းရှိသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ သွားရောက် အလုပ်လုပ်ကိုင်နေသောသူ သုံးသန်းကျော်ရှိသည်ဟု ပြောဆိုမှုများရှိသလို လေးသန်း နီးပါးရှိနေသည်ဟုလည်း ပြောဆိုကြသည်။

ထိုင်းနိုင်ငံတွင် နှစ်နိုင်ငံ MOUစနစ်နှင့် သွားရောက် အလုပ်လုပ်ကိုင်သူ အရေအတွက်မှာ လက်ရှိ အချိန်ထိ၆ သိန်းနီးပါးရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမားများအခွင့်အရေး ကွန်ရက်ထံမှ သိရှိရသည်။

ထိုင်းအစိုးရ၏ တရားဝင်နေထိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့် CI ဖြင့် နေထိုင်အလုပ်လုပ်ကိုင် သူများမှာ ၁ ဒသမ၆ သန်းခန့် ရှိသည်။

ထိုနည်းတူစွာ မည်သည့်အထောက်အထားမှ မပါဘဲ အလုပ်လုပ်ကိုင်နေသူများ လည်းရှိနေပြီး Passport ရှိသော်လည်း တခြား အလုပ်လုပ်ကိုင် ခွင့် Work Permit နှင့် အလုပ်သမား ဗီဇာကိုင်ဆောင်ခြင်း မရှိဘဲ အလုပ်လုပ်နေသူများ ရှိသည်ဆိုသည်။

ယင်းနည်းလမ်း ဖြင့်သွားရောက်အလုပ်လုပ်ကိုင်ရန်ပြင်ဆင်နေသူများလည်း ယခုတိုင်ရှိနေသေးသည်။

ထိုင်းအစိုးရ၏ တရားဝင်နေထိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့် CI ဖြင့် နေသူများမှာလည်း ၂၀၂၀ တွင် နောက်ဆုံး ထားက MOU စနစ် ပြောင်းလဲကြရန် ထိုင်းအစိုးရက တိုက်တွန်းထားသလို ဥပဒေ တစ်ရပ်လည်း ပြဋ္ဌာန်းထား သည်။ ထို့အပြင် အထောက်အထားမဲ့ အလုပ်သမားများ အားလုံးကိုလည်းမြန်မာနိုင်ထံ ပြန်ပို့မည်ဟု ပြောဆိုထား မှုရှိနေ၍ လူ့အခွင့်အရေးလှုပ်ရှား သူများ ကဝေဖန်နေကြသည်။

“လာတုန်း MOU နဲ့လာတယ် ပန်းရန်လုပ်ငန်းအတွက်ပါ။ နောက်တော့ ဒီသင်္ဘောကို ပြောင်းလာတာ”ဟု ရွှေ့ပြောင်းအလုပ်သမား တစ်ဦးဖြစ်သူ မော်လမြိုင်မြို့ခံ ကိုဇင်ဘိုကပြောသည်။

ယခင်နှစ်များက မွန်ပြည်နယ်မှ ရွှေ့ပြောင်းအလုပ်သမားအသီးသီးသည် ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ဝင်ရောက်ခဲ့ကြသည်။

ထားဝယ်-ကော့သောင်း- ရနောင်းလမ်းကြောင်းမှ တစ်ဆင့် ဝင်ရောက်ကြသလို မြဝတီ – မဲဆောက်မှ နေ၍ဘန်ကောက်၊ မဟာချိုင်မြိ်ု့များသို့သွားရောက် အလုပ်လုပ်ကိုင်ကြသည်။

မွန်ပြည်နယ်မှာ ထိုင်းနိုင်သို့ အလုပ်သွားရောက် လုပ်ကိုင်မှု စတင်ခေတ်စားခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ၂၀၁၀ခုနှစ် မတိုင်ခင် နှစ်များကမူ ခက်ခက်ခဲခဲ သွားခဲ့ရသည်။

“ကျွန်မတို့လာတုန်း ကဆို တောတွေထဲမှာ အိပ်၊ ရဲတွေ ကို အဆင့်ဆင့်ပိုက်ဆံပေးပြီးနယ်စပ်ဖြတ်လာရတယ်။ပြီးမှ ဘန်ကောက်ရောက်တာ” ဟု၂၀၀၇ ခုနှစ်ကတည်း က ထိုင်းနိုင်ငံတွင် ဆယ်နှစ်ကျော် ကြာသွားရောက် အလုပ်လုပ်ကိုင်နေသည့် အသက် ၃၀ အရွယ် မထက်ထက် ကပြောသည်။

ယခင်ရွှေ့ပြောင်း အခြေချမှုပုံသဏ္ဌာန်များလုံခြုံစိတ်ချရမှုမရှိခဲ့ပေ။၂၀၀၈ ခုနှစ်တွင် ရနောင်းမြို့၌ မြန်မာရွှေ့ပြောင်းလုပ်သား ၄၀ ကျော် အအေးခန်းကားထဲ ပိတ်မိ သေဆုံးခဲ့သည့် ဖြစ်စဉ်များ မှာလည်း လုံခြုံမှုမရှိသော ရွှေ့ပြောင်း အခြေချနေထိုင်မှု အဖြစ်ဖော်ပြနေပေသည်။

လုံခြုံမှုမရှိသော ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မှု၏အကျိုးဆက်ကြောင့် လူကုန်ကူးမှုအများအပြားဖြစ်ပေါ်ခဲ့ သည့် အပြင် မလုံခြုံသောရွှေ့ပြောင်း အခြေချမှု အကျိုးဆက်ကတစ်ဆင့် တချို့သောလူမှုရေးပြဿနာများရှိခဲ့သည်။

တချို့သော အမျိုးသမီးများမှာ ၎င်းတို့၏ ခင်ပွန်းသည်များ အလုပ်လုပ်ကိုင်နေရာ ထိုင်းနိုင်ငံသို့ သွားရောက်ရာ ခရီးတွင် ပင်မလုံခြုံမှုများဖြစ်ပေါ်ကာ၊ အားကိုးရာရှာရင်း နောက်အိမ်ထောင်ထပ်ပြု ရသည့် အဖြစ်မျိုး ပင်ရှိကြောင်း ဘန်ကောက်မြို့ တွင် နှစ် ပေါင်း ၂၀ ကျော်ကြာ အလုပ်လုပ်ခဲ့ဖူးသူ ဒေါ်နှင်းမွန်က ပြောပြသည်။

“ကျွန်မဆို သွားတုန်းက အပျို ၊ အိမ်ထောင်မပြုချင်သေးဘူး၊မိဘကို လုပ်ကျွေးမယ်ပေါ့။ အသွား လမ်း မှာဟိုပြေး ဒီပြေးနဲ့ပဲ ယောက်ျားရခဲ့တာဟု” အသက် ၄၃ နှစ်အရွယ် ဒေါ်နှင်းမွန်က သူ၏ အဖြစ်ကို ပြန်ပြောင်း ပြောပြသည်။

ထို့အပြင် ၂၀၁၄ ခုနှစ် ကြုံတွေ့ခဲ့ရသော ဆူနာမီ ရေလှိုင်းကြီး၏ဘေးကြောင့်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာ သေဆုံးခဲ့ရသည်။

တချို့သော သူများသည်ကားမြန်မာနိုင်ငံတွင် ကျန်ရှိသော မိသားစုများက သေဆုံးသည်ကိုပင် မသိရှိရသေး။

ထိုင်းနိုင်ငံတွင် ပိုင်ရှင် မရှိသောမြန်မာရွှေ့ပြောင်းလုပ်သား ၆၀၀ ကျော်၏ ရုပ်အလောင်းများ ၊ အရိုးများ ၊ အရိုးပြာအိုးများ သိမ်းဆည်းထားပေးပြီး မြန်မာနိုင်ငံ၌ ကျန်ရှိသော မိသားစုများအနေနှင့် ယင်းသေဆုံး သူများ၏ကျန်ရစ်သော ခန္ဓာကို အလိုရှိပါကလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ Department of Special Investigationဌာနမှ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ Nataporn Boonyakon ပြောသည်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှထိုင်းနိုင်ငံတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ကိုင်နေသော အသက် ၆ဝကျော် အရွယ် ဒေါ်မိစန်း ….. ကလည်း သူ၏ အမျိုးသားနှင့် သားသမီး တစ်ဦးမှာ ဆူနာမီ ရေလှိုင်းနဲ့ အတူမျောပါသေဆုံးခဲ့ကြောင်း ပြောပြသည်။

“အမျိုးသားဆုံးတော့ အသက်၄၀ ကျော်ကျော်လေးပဲ။ ကလေးတစ်ယောက်ပါ ပါသွားတယ်” ဟု သူမကပြောပြသည်။

သို့သော် မျက်မှောက်ကာလတွင်ကား ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရသောစနစ်များလည်းပြောင်းလဲ လာခဲ့ပေပြီ။

ထိုင်းနိုင်ငံရှိ 7/ 11 ကဲ့သို့သော စတိုးဆိုင်များတွင်ပင် မြန်မာအလုပ်သမားများအတွက်အလုပ်လုပ်ခွင့်ပါမစ်သက်တမ်းတိုးရန်လျှောက်ထားနိုင်သော အခြေအနေသို့ပင် ရောက်ရှိခဲ့လေပြီဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများထိုင်းနိုင်ငံတွင် အထောက်အထားမဲ့ မဟုတ်ဘဲ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ခွင့်ရရန် အကြောင်းဖန်ခဲ့လာသည်။

ထိုနှစ်အတွင်းတွင် လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ထိုင်းနိုင်မဟာချိုင်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် သွားရောက်တွေ့ဆုံခဲ့ခြင်းက စတင်ခဲ့သည်။

ထို့နောက်တွင် မြန်မာအလုပ်သမားများအရေးအတွက် ထိုင်းအစိုးထံတွင်လည်း တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင်ကား ထိုင်း -မြန်မာအစိုးရအကြား တရားဝင်အလုပ်သမား ခေါ်ယူခွင့် နားလည်မှု စာချွန်လွှာ တစ်ရပ်ရေးထိုးခဲ့ပြီး အလုပ်သမားများတရားဝင်ပို့ဆောင်မှုစတင်ခဲ့သည်။

၂၀၁၃ ခုနှစ် မှာစတင်ပို့ဆောင်ခဲ့သော MOU အလုပ်သမားများမှာခြောက်သိန်းကျော်ရှိနေပြီဖြစ်သည်။

သို့သော် အများစု ယခင်က အထောက်အထားမဲ့ အလုပ်သမားများကို ထိုင်းအစိုးရ ကတရားဝင်ခွင့်ပြုထားမှု သဘောတူညီချက် CI ဖြင့် နေထိုင်သူမှာမူ ၁ဒသမ ၆ သန်း ခန့်ရှိသောကြောင့် ပို၍များပြားသော အရေအတွက်ဖြစ်သည်။

တခြားသော အလုပ်သမားများမှုအထောက်အထားမဲ့ဖြင့် လုပ်ကိုင်နေကြသေးသည်။

“ဘန်ကောက်မှာတော့ အထောက်အထားမရှိဘဲ လာတာနည်းသွားပြီ။အကုန်လုံးက MOU မဟုတ်ရင် CI နဲ့နေတာများပါတယ် ” ဟု မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးကွန်ရက်မှ ဦးစိန်ဌေးက ပြောကြားသည်။

သို့သော် မြန်မာနိုင်ငံအတွင်းမှရွှေ့ပြောင်းအလုပ်သမား တချို့မှာမှုအထောက်အထားမဲ့ ပုံစံမျိုးဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက် အလုပ်လုပ်ကိုင် မှုများရှိနေသေးကြောင်းလည်း ၎င်းကထပ်လောင်းပြောကြားသည်။

ထိုသို့ဝင်ရောက်လာပုံ အမျိုးမျိုး ရှိပြီး အချို့သော အလုပ်သမားများမှာအလည်အပတ် ဗီဇာဖြင့် ဝင်ရောက် အလုပ်လုပ်ကိုင်ခြင်းမျိုး ရှိပြီး အချို့မှာ Passport စာအုပ်တစ်အုပ်တည်း ဖြင့်နယ်စပ်ဖြတ်ကျော်သွားလာခွင့်ပြုလုပ်ကာ မဲဆောက်မှ တစ်ဆင့် ဝင်ရောက် အလုပ်လုပ်ခြင်းမျိုးလည်း ရှိကြသည်။

ထိုအလုပ်သမားများနှင့် ထိုင်းနိုင်ငံတွင် အလုပ်သမား အခွင့်အရေးအပြည့်အဝ မရနိုင်သည့်အပြင် လစာမှာလည်း MOU ဖြင့်သွားရောက် အလုပ်လုပ်ကိုင်သော အလုပ်သမားများ ဘတ် ၂၃၅ ဘတ်ရနေချိန် ၁၅၀ဝန်းကျင်သာရှိနိုင်သည်။

ထို့အပြင် ထိုင်းအစိုးရ၏ ဥပဒေဖြင့် ထောင်ဒဏ် ချမှတ်နိုင်သော ပုဒ်မများဖြင့်အရေးယူနိုင်သည့်အပြင် နောင်တစ်ချိန် ထိုင်းနိုင်ငံအတွင်း ဝင်ရောက် အလုပ်လုပ်ကိုင်ခွင့်လည်း ဆုံးရှုံးမည်ဖြစ်ကြောင်း ဦးစိန်ဌေး ကသတိပေးသည်။

သို့သော် ထိုသို့ သွားရောက်အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမားများမှာ မဲဆောက်မြို့များနှင့်ရနောင်း ကဲ့သို့သော နယ်စပ်မြို့များတွင် ပင်ရှိနေသေးသည်။

ယခုလ ၂၅ ရက်နေ့ကပင်လျှင် ထိုင်းနိုင်ငံ အတွင်းအထောက်အထား မဲ့သွားလာခြင်း အပါအဝင် အကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကို ရနောင်းမြို့တွင် ပြန်လည်လွှဲ ပြောင်းပေးအပ်မှုရှိခဲ့သည်။

MOU စနစ်မှာ ပြဿနာ တချို့ရှိနေသော်လည်း ယင်း ပြဿနာများကို အစိုးရချင်းတိုက်ရိုက်ဖြေရှင်းရန်မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ (၅)ဦးကို ဒေသခွဲ စေလွတ်ထားကြောင်း၊ ဘန်ကောက်မြို့မှ အလုပ်သမား သံအရာရှိ ဦးရဲရန်အောင် ကပြောကြားသည်။

“အများဆုံး ဖြေရှင်းပေးနေရတဲ့ အမှုတွေကတော့ အထောက်အထား မဲ့တဲ့အတွက် လုပ်အားခ ခေါင်းပုံဖြတ်မှုတွေနဲ့ သတ်မှတ် လုပ်အားခ မရလို့ တခြားအလုပ် ပြောင်းရွှေ့ခွင့် မရကြတဲ့အမှုတွေပါ” ဟု ၎င်းကဆိုသည်။

မည်သို့ပင်ဆိုစေ မြန်မာအလုပ်သမား ၏ ရွှေ့ပြောင်းမှု ပုံသဏ္ဌာန်မှာ ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ သို့သော် MOU စနစ်တွင်ကား အားနည်းချက်များရှိနေသေးသည်။

ယင်းအားနည်းချက်များမှာအလုပ်သွားရောက်လုပ်ကိုင်ရန်အချိန်ကြာမြင့် စွာစောင့်ဆိုင်းရခြင်း၊ အလုပ်အကိုင် အေဂျင်စီများကို ငွေကြေးပိုပေးနေရခြင်း အပြင် အဆင်မပြေသည့် အလုပ်ရုံများအလုပ်ထွက်ခွင့် မရခြင်းနှင့် အလုပ်ထွက်ခွင့်ပြုသည့် စာမှာမြန်မာနိုင်ငံသို့ပြန်လည်လွှဲပြောင်းပေးသည့်စာဖြစ်နေခြင်း ရှိနေသေးသည်။

“ကျွန်တော့််ဆီ ရောက်လာတဲ့အခါမှာ အလုပ်ထွက်စာသည် အိမ်ပြန်တဲ့ ထွက်စာဖြစ်တယ်။ ဟိုဘက်က အလုပ်ကို ပြောင်းလို့မရဘူး။ အဲ့ခြေအနေကြားမှာ ကျွန်တော်တို့ဆီ ရောက်လာတာများတယ်။”

ယင်းကဲ့သို့သော ပြဿနာများရှိနေသော်လည်း MOU စနစ်သည်သာမြန်မာရွှေ့ပြောင်းလုပ်သားများအတွက်လုံခြုံစိတ်ချရဆုံး ရွှေ့ပြောင်း အလုပ်လုပ်ကိုင်သော စနစ်တစ်ခုဖြစ်သည်ဟုအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း လုပ်ကိုင်နေသူများနှင့်ရွှေ့ပြောင်း အလုပ်သမားများက ဆိုသည်။

“ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်ဖို့ စိတ်ကူးရှိတဲ့ အလုပ်သမားတွေကို ပြောချင်တာကတော့ အထောက်အထားမဲ့ မလာပါနဲ့။ MOU စနစ်နဲ့ပဲလာပါ၊ အားနည်းချက်တွေ ရှိနေတာမှန်ပေမယ့် ဒီနည်းလမ်းက အလုပ်လုပ်ဖို့ အကောင်းဆုံးဖြစ်နေပါသေးတယ် ”ဟု ရွှေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူ ဦးစိန်ဌေး  ကပြောသည်။

ဟင်္သာမီဒီယာ

Advertisements

Leave a Reply