Advertisements

ခြစားမှုနဲ့ ပွဲစားတွေကို လ.ဝ.က ရုံးထဲက ရှင်းထုတ်မယ်လို့ ကတိပေးလိုက်တဲ့ ရန်ကုန်တိုင်းဝန်ကြီး

ခင်မို့မို့လွင် (Myanmar Now)

အစိုးရသက်တမ်း တစ်နှစ်ကျော်သာ ကျန်ရှိတော့သည့် အချိန်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနကို တိုင်းနှင့်ပြည်နယ်များတွင် ဖွဲ့စည်းခဲ့ပြီးရန်ကုန်တိုင်းဝန်ကြီးအဖြစ် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် () တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်အား ခန့်အပ်ခဲ့သည်။

အသက် ၅၀ နှစ်အရွယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင် ဝန်ကြီးကအဂတိလိုက်စားမှုအများဆုံးဟု ပြည်သူအချို့ကြား အမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့်လ.ဝ.က ရုံးများကို ပြုပြင်ပြောင်းလဲရန် ကြိုးစားနေသည်ဟု ဆိုသည်။

အဂတိလိုက်စားမှုများပပျောက်ရေး၊ လ.ဝ.က ရုံးများတွင် ခြေရှုပ်နေသည့် ပွဲစားများကို အားမကိုးရေး၊ ဝန်ထမ်းနှင့် ပြည်သူအကြား ကောင်းမွန်သည့်ဆက်ဆံရေး ဖော်ဆောင်နိုင်ရေးအပါအဝင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအကြောင်း Myanmar Now က အောက်တိုဘာ ၃ တွင် ဒေါ်မိုးမိုးစုကြည်အား မေးမြန်းခဲ့ပြီး ယင်းတို့အနက်မှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး။ ။ ဒီလတွေမှာ ဝန်ကြီးဟာ ရန်ကုန်တိုင်း(လ.ဝ.က) မြို့နယ်ရုံးတွေ ကွင်းဆင်းနေတာတွေ့ရတယ်။ အဲဒီလို ကွင်းဆင်းနေတာ ဘာကြောင့်လဲ။ ဘာတွေ လေ့လာတွေ့ရှိရလဲ။

Advertisements

ဖြေ။ ။ ဒီဌာနသည် အဂတိအများဆုံးဌာနရယ်လို့ ပြည်သူတွေထဲမှာ နာမည် ရှိခဲ့တယ်။ ဒီနာမည်တွေကို လျော့ပါးရာကနေ ပပျောက်သည်အထိ ဆောင်ရွက်နိုင်ဖို့အတွက် ကြိုတင်ထိန်းကျောင်း တည့်မတ်တာပါ။ ရုံးတွေမှာ ဒါတွေကို အဓိကထားပြီးတော့ ပြောပါတယ်။အဂတိကို ရှေ့မှာ ဆက်လက်ဆောင်ရွက်ခြင်း မပြုဖို့၊ ရုံးတွေထဲမှာ ပွဲစားနဲ့ ဆောင်ရွက်တဲ့ကိစ္စတွေ ခွင့်မပြုတာတွေကို အဓိက ထိန်းကျောင်းပါတယ်။

ကာယကံရှင်တွေကို အမှုတွဲ ရှာဖွေခိုင်းခြင်းတွေ၊ နယ်မှာရှိတဲ့ အမှုတွဲ ယူခိုင်းခြင်းများကိုလုံးဝခွင့်မပြုတော့ဘူးဆိုတာ ဝန်ထမ်းများအားလုံးကို ထိန်းကျောင်းတည့်မတ်တာတော့ကွင်းဆင်းဆောင်ရွက်ချက်များမှာ တပါတည်း ဆောင်ရွက်သွားတာ ဖြစ်ပါတယ်။

အဓိကတော့ ဝန်ထမ်းများ လိုက်ပါပြီးတော့ အဂတိမှုတွေ ခြစားမှုတွေ ပပျောက်ဖို့။ ပွဲစားနဲ့ဆောင်ရွက်ခြင်း ကိစ္စရပ်တွေမှာလည်း ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။

ပြည်သူတွေ ပါဝင်ရမှာက အဂတိများ မမြောက်ရလေအောင်။ ပြည်သူများ လဝကကိစ္စနဲ့ပတ်သက်ပြီးတော့ ဘယ်လောက်ပဲ အခက်အခဲ ရှိပါစေ အခကြေးငွေပေးပြီး အဂတိပေးပြီး ဆောင်ရွက်ခြင်းများ မပြုဖို့ကိုလည်း ပြည်သူများကို တိုက်တွန်းထားပါတယ်။ ဒါတွေကိုအဓိကထား ဆောင်ရွက်ပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မှတ်ပုံတင်ပြုလုပ်တာမှာ ပြည်သူတွေ လာဘ်မပေးဖို့ဆိုပြီး ပြောသွားတာ ရှိတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေ၊ ဘာသာခြားတွေ ကိုင်ဆောင်ကတ်ပြုလုပ်တဲ့အခါမှာ သူတို့ကို အကြောင်းအမျိုးမျိုးနဲ့ အချိန်ဆွဲတာတွေ ပိုက်ဆံတောင်းတာတွေ ဖြစ်နေတာကို ဘယ်လို ဖြေရှင်းမလဲ။

ဖြေ။ ။ ဒါတွေသည် ပုဒ်မ ၆၊၇ နဲ့ လျှောက်ယူရတဲ့ ကိစ္စ ဖြစ်ပါတယ်။ ပုဒ်မ ၆၊၇ နဲ့ လျှောက်ယူရတာသည် လူမျိုးခြား ဖြစ်ပါတယ်။ အဲဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့က လိုတာထက် ပိုပြီး ကြန့်ကြာတာမျိုး မဖြစ်အောင်။ ကျွန်မတို့ တာဝန်မထမ်းခင်လို့ပဲ ပြောပြောအစဉ်အဆက်မှာတော့ ဒါတွေ ပေးခဲ့ရတယ်ဆိုတာ အားလုံးလက်ခံထားပြီး ဖြစ်ပါတယ်။ဒါပေမဲ့ အခု နောက်ပိုင်းမှာ အခု ဝန်ကြီးဌာနအနေနဲ့ စတင်ပြီး ဖွဲ့စည်းပေးလိုက်တဲ့နောက်ပိုင်း တာဝန်စယူတဲ့ အချိန်မှာတော့ ရန်ကုန်တိုင်းဒေသကြီးမှာတော့ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး အခြေအနေတွေ အချိန်တိုအတွင်းမှာ ရရှိအောင်တော့ ဖန်တီးပေးဖို့ ညွှန်ကြားပြီး ဖြစ်ပါတယ်။

ဒီပေါ်မှာ လာဘ်ပေးခြင်း လာဘ်ယူခြင်းကိုလည်း ပြည်သူများကိုယ်တိုင် မပေးပါနဲ့။ မပေးပါနဲ့လို့ ပြောတဲ့အခါမှာ ဝန်ထမ်းတွေဘက်ကနေ ဖေးမပြီးတော့ ပြောတယ်လို့လည်း မထင်စေချင်ဘူး။

ဘယ်လို အခက်အခဲတွေ ကြုံကြုံ ပြည်သူတွေနဲ့ ဝန်ထမ်းများအားလုံး ပူးပေါင်းပြီး လက်တွဲဖြေရှင်းမယ်ဆိုရင်တော့ ဒီအခက်အခဲကို ကျော်လွှားနိုင်မှာ ဖြစ်တဲ့အတွက် ပြည်သူများနဲ့အတူ အခက်အခဲ အကျပ်အတည်းများကို လက်တွဲပြီးတော့ ဖြေရှင်းပါမယ်။

တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ဖို့လည်း ကျွန်မရဲ့ဖုန်းနံပါတ်ဆို ရောက်တဲ့နေရာတိုင်း ပေးပါတယ်။ ပြည်သူများဘက်ကလည်း ခက်ခဲလွန်းလို့ မလုပ်ချင်တော့ဘူးဆိုတဲ့ အခြေအနေမျိုးတွေ မဖြစ်ရလေအောင် ကျွန်မ စတင်တာဝန်ထမ်းဆောင်ချိန်မှာတော့ ဝန်ထမ်းများကိုလည်း ထိန်းကျောင်းထားပါတယ်။

လိုတာထက်ပိုပြီး ကြန့်ကြာတဲ့အချိန်များ မဖြစ်ရလေအောင် ဥပဒေနဲ့အညီ ပေးနိုင်ဖို့အတွက်စိစစ်ရမယ့် လုပ်ငန်းများကိုတော့ ဥပဒေနဲ့အညီ စိစစ်ဖို့ လိုပါတယ်။ ဘာကြောင့် ကြန့်ကြာရတယ်၊ ဘာကြောင့် အချိန်တွေ ကြာတယ်ဆိုတဲ့ အကြောင်းပြန်ကြားချက်များကို ပြည်သူတွေသိရှိနားလည်အောင် ဝန်ထမ်းများက ရှင်းပြမယ်ဆိုရင် ပြည်သူတွေက အင်မတန် ချစ်ဖို့ကောင်းတယ်။ လက်ခံမှာ ဖြစ်ပါတယ်။

မေး။ ။ အဂတိလိုက်စားမှု အများဆုံးဆိုရင် လဝကရုံး။ ဝန်ဆောင်မှုပေးတဲ့ နေရာမှာလည်းမျက်နှာထားအတင်းဆုံးက လဝကရုံးဆိုပြီး ပြောလေ့ရှိတယ်။ ဝန်ကြီးဌာန အသစ်အနေနဲ့လဝကရုံးနဲ့ ပတ်သက်ပြီး စာဖတ်သူတွေကို ဘယ်လို သတင်းကောင်း ပေးနိုင်မလဲ။

ဖြေ။ ။ အဂတိမှု။ ခြစားမှု။ လာဘ်ပေးလာဘ်ယူ။ ပွဲစားတွေနဲ့ ဆောင်ရွက်ချက်တွေကလည်းအားလုံးအတွက် အဂတိမှုတွေချည်းပဲ။ အဲဒီလိုမျိုး အလွှာရှင်တွေ( ပြည်သူတွေ) ကို အမှုတွဲရှာခိုင်းတဲ့ ကိစ္စတွေကို ယနေ့ကစ ရှောင်ရှားဖို့၊ ထိန်းကျောင်းဖို့၊ တည့်မတ်ဖို့အတွက်ဆောင်ရွက်ပြီး ဖြစ်တဲ့အတွက် ဒါတွေက ပြည်သူတွေအတွက်တော့ ဒါကိုပဲ သတင်းကောင်းလို့ ပြောချင်တယ်။

အဲဒီလို သတင်းကောင်းအတွက်လည်း ပြည်သူများ ပူးပေါင်းပေးပါ။ ပြည်သူများအနေနဲ့ဘယ်လောက် အခက်အခဲ အကျပ်အတည်းတွေ ရှိနေပါစေ လာဘ်ပေးခြင်းတွေ မလုပ်ဖို့၊ငွေပေးပြီး ဆောင်ရွက်ခြင်း မပြုဖို့၊ ပွဲစားနဲ့ ဆောင်ရွက်ခြင်း မပြုဖို့တွေကို ဆောင်ရွက်ခြင်းဖြင့် အခက်အခဲတွေများ ကြုံတွေ့လာတယ်ဆိုရင်တော့ သတင်းကောင်းလို့ပဲ ပြောပြော၊ သတင်းလို့ပဲ ပြောပြောပါ ကျွန်မတို့ ဝန်ကြီးဌာန ရှိပါတယ်ဆိုတာ ပြောချင်ပါတယ်။ဝန်ကြီးဌာနနဲ့အတူ ရှင်းရှင်းပြောမယ်ဆို ဝန်ကြီးရှိတယ်လို့ ပြောလို့ရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံသားကဒ်ပဲ ဖြစ်ပါစေ၊ ကိုင်ဆောင်ကဒ် တစ်ခုခုကို ဥပဒေနဲ့အညီ ကိုင်ဆောင်နိုင်ဖို့အတွက် ဦးစီးဌာနမှူးရုံးမှာ သွားရောက် ဆောင်ရွက်တဲ့အခါမှာ ဘယ်လောက်အခက်အခဲတွေ ရှိပါစေ ဒီအခက်အခဲတွေကို ပေါင်းစည်းစုပေါင်း ကျော်လွှားနိုင်ဖို့အတွက်ပြည်နယ်နဲ့ တိုင်းအားလုံးမှာ ဝန်ကြီးတွေ ရှိတယ်ဆိုတာ ပြောချင်ပါတယ်။ တိုင်းဒေသကြီးအစိုးရကို တိုက်ရိုက် တိုင်ကြားခွင့် ရှိတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အသစ်ဖွဲ့စည်းထားတဲ့ ဝန်ကြီး ရှိပါတယ်။

မေး။ ။ စုံစမ်းရသလောက် ကျောင်းတွေမှာ စီမံချက်နဲ့ နိုင်ငံသားကတ် လုပ်ပေးတယ်။ဒါပေမဲ့ ဘာသာခြားဆိုရင် သပ်သပ် ဖယ်ထားလိုက်ပြီး နောက်မှ ဦးစီးမှူးရုံးမှာ သွားလုပ်ပါဆိုတာမျိုး ရှိတယ်။ အဲဒါက ဘာကြောင့်လဲ။ အဖေကလည်း နိုင်ငံသား၊ အမေကလည်းနိုင်ငံသားကတ် ရထားတယ်။ ဒါပေမဲ့ ကျောင်းမှာ သူများတွေနည်းတူ ဘာကြောင့်မှတ်ပုံတင် လုပ်လို့ မရတာလဲ။ အဲဒီလိုကိစ္စတွေပေါ် ဖြေရှင်းဖို့တွေ ရှိလား။

ဖြေ။ ။ ဖြေရှင်းပြီးပြီ။ ကျွန်မတို့မတက်ခင် အခြေအနေမှာတော့ ဒါတွေ ရှိကောင်းရှိပါလိမ့်မယ်။ ပထမအကြိမ်ကျောင်းကွင်းဆင်းကို သိပ်မမီလိုက်ဘူး။ အခု ဒုတိယအကြိမ်မှာ ကျွန်မတို့က ကျောင်းကို ကွင်းဆင်းမှာပါ။ ဒီဇင်ဘာ ဒါမှမဟုတ်ရင် ဇန်နဝါရီပေါ့ စာမေးပွဲတွေ မဖြေခင် ပုံမှန်ဆိုရင် နိုဝင်ဘာ၊ ဒီဇင်ဘာမှာ ဒုတိယအကြိမ် ကျောင်းကွင်းဆင်းပါတယ်။ အဲဒီကွင်းဆင်းတဲ့နေရာမှာတော့ ညွှန်ကြားပြီး ဖြစ်ပါတယ်။ ဘယ်လိုဘာသာဝင် ဖြစ်ပါစေ ဘယ်လိုလူမျိုး ဖြစ်ပါစေ အမှုတွဲ တည်ဆောက်ခဲ့ပါ။ ကလေးတွေဆီကနေ အမှုတွဲယူမယ်။ ပြီးရင်စောစောကပြောတဲ့ နိုင်ငံသားနဲ့ သူတို့နဲ့တော့ မတူတာတစ်ခု ရှိမယ်။

နိုင်ငံသားကတော့ ရုံးရောက်တယ်ဆိုရင် နိုင် ၂ တွေ၊ နိုင် ၄တွေ ဖြည့်ပြီးသွားပြီ။ ကတ်ပြားထွက်နိုင်တဲ့ အခြေအနေတွေကို ဆောင်ရွက်လို့ရတယ်။ သူတို့ကို စိစစ်ပါတယ်။ စိစစ်ပြီးမှနိုင်ငံသားဆိုတာ ထုတ်ပေးတာ။

ကျောင်းကွင်းဆင်းမှာလည်း နေ့ချင်းပြီး ဆောင်ရွက်မပေးပါဘူး။ အဲဒီလိုပဲ ဥပဒေက ခွင့်ပြုရမယ့် နိုင်ငံသားများအတွက်ကိုလည်း အမှုတွဲတည်ဆောက်ခဲ့ဖို့ ညွှန်ကြားပြီး ဖြစ်ပါတယ်။

သူတို့ကတော့ မြို့နယ်ရုံးကို တစ်ခေါက် လာရောက်ပြီးတော့ စစ်ဆေးချက်ကိုတော့ ခံယူရမှာပေါ့။ ဒါ ကလေးတွေရဲ့ စိတ်ကို ကုစားပေးတာ။ ကုစားနိုင်ဖို့ ဖြစ်သလို ဖြေလျော့နိုင်မယ့်အခြေအနေမျိုးကို ရရှိအောင် ဖန်တီးပေးတာ။

ကျောင်းကွင်းဆင်းတွေမှာလည်း ဒီလိုကလေးမျိုးကို ထည့်သွင်း ဆောင်ရွက်ပေးဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ဒုတိယအကြိမ်ကျောင်းကွင်းဆင်းရင်တော့ ဒါတွေ ပါလာမှာလို့ပြောချင်ပါတယ်။

မေး။ ။ အဲဒီလိုဆိုရင် တခြားတိုင်းရင်းသား ကလေးတွေက မှတ်ပုံတင် တစ်ခါတည်း ရနိုင်တယ်။ နောက် ဆယ်ရက်၊ ဆယ့်ငါးရက် ကြာရင်ပေါ့။ ဒါပေမဲ့ ဘာသာခြား၊ လူမျိုးခြားတွေကိုဆိုရင် ရုံးတစ်ခေါက် ထပ်သွားရမယ်ဆိုရင် သူတို့စိတ်ထဲမှာ ဒဏ်ရာရနိုင်မယ် တွေးတာလေ။ တန်းတူအခွင့်အရေး မခံစားရဘူးပေါ့။ သူတို့လည်း အဖေကလည်း နိုင်ငံသား၊ အမေကလည်း နိုင်ငံသား ဖြစ်ရဲ့သားနဲ့ဆိုတော့ အဲဒီအခက်အခဲက ဥပဒေအခက်အခဲလို့ ထင်လား။

ဖြေ။ ။ ဒါက ဌာနရဲ့ နဂိုတည်းက နာမည်ကိုက နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရတဲ့အခြေအနေလည်း ဖြစ်ပါတယ်။ ဒီကိစ္စရပ်တွေကိုလည်း ဖြေလျှော့ပြီး‌ ဆောင်ရွက်နိုင်အောင်တော့ ဆက်ပြီး ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့အဘိုးအဘွားအထိ ကလေးတွေက ကြည့်နေရသေးတဲ့အခြေအနေ။ အားလုံးကတော့အဘိုးအဘွား ကြည့်ရတယ်။ တိုင်းရင်းသားလည်း အဘိုးအဘွားအစဉ်အဆက် ကြည့်ပါတယ်။ အဲဒီတော့ အဖေနဲ့အမေ နိုင်ငံသားကတ်(နိုင်) ဖြစ်နေတဲ့ အခြေအနေမှာအဘိုးအဘွားရဲ့လူမျိုးပေါ်မှာ ဒီမြေးကလေးတွေကို ပြန်ကြည့်ရတာ ဖြစ်တဲ့အတွက် ဒီကိစ္စကို ဆက်ပြီးတော့ ဖြေလျော့နိုင်အောင် ဆောင်ရွက်ပေးသွားဖို့အတွက်တော့ ကျွန်မတို့ကြိုးစားနေပါတယ်။

Advertisements

Leave a Reply