Advertisements

ကျိုက်သလ္လန်စေတီတည်ရှိရာ ကုန်းတော်ကို သဘာဝဘေးဒဏ် ခံနိုင်အောင် ဆောင်ရွက်မည်ဟုဆို

မော်လမြိုင်၊ အောက်တိုဘာလ ၄

မွန်ပြည်နယ်၊မော်လမြိုင်မြို့ရှိ ကျိုက်သလ္လန်စေတီ တည်ရှိရာ ကုန်းတော်ကို သဘာဝဒဏ်ခံနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်သည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်။

“ဘုရားကြီးပြုပြင်ထိန်းသိမ်းမှုပြီးသွားရင် ရေရှည်တည့်တံ့ခိုင်မြဲဖို့အတွက်ကို ဆောင်ရွက်မှာဖြစ်တာကြောင့် အချိန်တိုအပြီး ပြီးဖို့မပြီးဖို့ထက် ကုန်းတော်ကြီးရေရှည်တည်တံ့ခိုင်မြဲဖို့အတွက်ကိုပဲ ကျွန်တော်တို့က ဆောင်ရွက်မှာဖြစ်တယ်” ဟု ဦးမြင့်သန်းဝင်းက ဆိုသည်။

ရင်ပြင်ကြံ့ခိုင်ရေးအတွက် မြေသားပြုပြင်မှု လုပ်ငန်းများ ကို ဇုန်လေးဇုန် ခွဲကာ လုပ်ဆောင်နေပြီး လက်ရှိအချိန်တွင် ၄၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း ၎င်း ကပြောကြားသည်။

Advertisements

ကုမ္ပဏီအနေဖြင့် လုပ်ငန်းပြီးစီးမှု ကို ၂၀၁၉ခုနှစ် ဖေဖာ်ဝါရီလတွင် ပြီးစီးရန်မှန်းထားသော်လည်း မွန်ပြည်နယ်အစိုးရအနေဖြင့် လုပ်ငန်းပြီးစီးမှုရက်ကို မသတ်မှတ်ရသေးကြောင်း ၎င်း ကဆိုသည်။

“အမြန်ပြီးစီးအောင် ဆောင်ရွက်မယ်ဆိုပေမဲ့လည်း မိုးတွင်းလည်းဖြစ်တယ် မိုးလည်းတအားများတော့ မြေပြင်မှာ ဆောင်ရွက်ရတဲ့ လုပ်ငန်းအခက်အခဲလေးတွေတော့ရှိတာပေါ့ ပြီးစီးရမဲ့ အချိန်အတိုင်းအတာကိုတော့ လက်ရှိမှာမပြီးစီးဘူး ဆောင်ရွက်နေဆဲဖြစ်တယ်” ဟု ဦးမြင့်သန်းဝင်းက ဆိုသည်။

ကျိုက်သလ္လန်ဘုရားကုန်းတော်ဆောင်ရွက်ရာတွင် ၁.၈ဘီလီလျံကုန်ကျမည်ဖြစ်ပြီး လက်ရှိတွင် သိန်း၆ထောင်ကျော် လိုအပ်နေသည်ဟု ၎င်းကဆိုသည်။

ဘုရား ပြုပြင်ရန် ပညာရှင်များကမြေအမျိုးအစားများကို စမ်းသပ်တိုင်းတာကာ ပြန်လည်ဆောက်လုပ်မည့် ဒီဇိုင်ပုံစံများကိုလည်း ရေးဆွဲပြီဖြစ်သည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရသည်။

ကျိုက်သလ္လံဘုရားသည် ၂ဝ၁၈ ဇွန် ၁၇ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုနှင့် လေပြင်း ထန်စွာ တိုက်ခတ်မှုများကြောင့် အနောက်ဘက်စောင်တန်းနှင့် အရှေ့တောင်ဘက်အနီးရှိ နတ်နန်းများ ပြိုကျမှုဖြစ်ပွားခဲ့သည်။

အဆိုပါ ကျိုက်သလ္လံဘုရားမှာ ၁၉၅၄ ခုနှစ်တွင်လည်း ယခုကဲ့သို့ မြေပြိုမှုဖြစ်ပွားခဲ့ပြီး ထိုစဉ်က ဘုရားအနီးရှိ နေထိုင်သူ ၂၀ နီးပါး သေဆုံးခဲ့ကြောင်း ဘုရားသမိုင်း မှတ်တမ်းများအရ သိရသည်။

ရန်လင်းအောင်

Advertisements

Leave a Reply