ရန်ကုန်
၁၈ မေ ၂၀၂၀ ၊ ဟင်္သာမီဒီယာ

မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ ရောဂါ ပိုးတွေ့လူနာ မရှိသည့် ဒေသမှာ တိုင်းဒေသကြီး/ပြည်နယ် သုံးခုသာ ကျန်တော့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

မေလလယ်ရက် နံနက်ပိုင်းထိ တိုင်းဒေသကြီး/ပြည်နယ် ငါးခု၊ မြို့နယ် ၂၈၃ မြို့နယ်၌ အဆိုပါရောဂါ ပိုးတွေ့လူနာ မရှိခဲ့သော်လည်း မေ ၁၈ ရက် နံနက်ပိုင်းထုတ်ပြန်ချက်အရမူ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် ပိုးတွေ့လူနာ ရှိလာသည်။ သို့ဖြစ်၍ ယခုအခါ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့သာ ပိုးတွေ့လူနာကင်းမဲ့ဒေသ ဖြစ်လာသည်။

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ရှိ အသက် ၄၆ နှစ်အရွယ် အမျိုးသား တစ်ဦးတွင်လည်းကောင်း၊ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ၂၂ နှစ်နှင့် ၃၅ နှစ်အရွယ် အမျိုးသားနှစ်ဦးတွင်လည်းကောင်း ကိုဗစ် – ၁၉ ပိုး စစ်ဆေးတွေ့ရှိကြောင်း မေ ၁၈ နံနက် ၇ နာရီခွဲက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သုံးဦးစလုံးမှာ မလေးရှားနိုင်ငံသို့ ပြည်ပခရီးသွားရာဇဝင်ရှိခဲ့ပြီး သက်ဆိုင်ရာဒေသအသီးသီးတွင် သွားလာမှုကန့်သတ် စောင့်ကြည့်ခံထားရသူများလည်း ဖြစ်သည်။

ယင်းမှာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) – NHL နှင့် ဆေးသုတေသနဦးစီးဌာနတို့ မေ ၁၇တွင်  စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာ ၅၇၆ ခုမှ တွေ့ရှိသည့် ရလဒ်အဖြေ ဖြစ်သည်။

မြန်မာတွင် ယနေ့နံနက် ၁၀ နာရီထိ အခြေအနေမှာ ပိုးတွေ့လူနာ ၁၈၇ ဦး၊ ပြန်လည်သက်သာလာသူ ၉၇ ဦး ရှိနေပြီး ၆ ဦး သေဆုံးခဲ့သည်။ ဆေးရုံမှဆင်းခွင့် ရသူ ၈၄ ဦးရှိသလို စောင့်ကြည့်ထားသူ ၄၂၆၈ ဦး ရှိနေသည်။

Photo – Covid 19 True Information Myanmar

Leave a Reply