မော်လမြိုင်ရပ်ကွက်များ – ၂

၇။ ပန်းပဲတန်းရပ်ကွက်

ပန်းပဲသမားနေထိုင်ခဲ့ရာ ရပ်ကွက်ကို ပန်းပဲတန်းရပ်ကွက်ဟု ခေါ်သည်။ ယခုအခါ တူကိုင်သော ပန်းပဲသမားများကွယ်ပျောက်သွားပြီ၊ ဆေးထိုးပိုက်ကိုင်သော ဆရာဝန်များ ပေါ်ပေါက်လျက်ရှိသည်။ ပုဂ္ဂလိက ဆေးရုံပိုင်ရှင်များ ရွှေမိုးငွေမိုးရွာချိန်နှင့် ကြုံတွေ့နေရသည်။

၈။ ဘိုးစောကုန်းရပ်ကွက်

သံလျင်ဒလဘက်မှ မောင်ထော်လေးနှင့်အတူ မော်လမြိုင်သို့ တိမ်းရှောင်လာသူများတွင် မောင်ဘိုးစောပါဝင်သည်။ မောင်ဘိုးစောသူကြီးအဖြစ် အုပ်ချုပ်သောရပ်ကွက်ကို ဘိုးစောကုန်းရပ်ကွက်ဟု ခေါ်သည်။ အင်္ဂလိပ်အစိုးရက မောင်ဘိုးစောကို လစာ (၅၀)ကျပ်ပေးသည်။

၉။ သင်္ဘောလဲရပ်ကွက်

သင်္ဘောလဲရပ်ကွက်မှာ ပြင်သစ်သင်္ဘောကပ္ပတန်တစ်ဦး ဦးစီးသည့် သင်္ဘောနစ်မြုပ်သွားသည့်ကမ်းစပ်ရှိရပ်ကွက်ဖြစ်သည်။ ထိုသင်္ဘောကပ္ပတိန်သည် နေရပ်သို့ မပြန်တော့ဘဲ ရပ်ကွက်သူတစ်ဦးနှင့် အိမ်ထောင်ကျကာ သားသမီးများထွန်းကားခဲ့သည်။

၁၀။ မရမ်းကုန်းရပ်ကွက်

မရမ်းပင်များပေါက်ရောက်ရာ ရပ်ကွက်ကို မရမ်းကုန်းရပ်ကွက်ဟုခေါ်သည်။ ထိုရပ်ကွက်တွင် ပသျှူးလမ်း၊ ပီနံလမ်းနှင့် တရုတ်တန်းလမ်းများရှိခဲ့သဖြင့် ထိုရပ်ကွက်တွင် မလေးနှင့် တရုတ်လူမျိုးများနေထိုင်ခဲ့သည်မှာ ယုံမှားဘွယ်ရာမရှိချေ။ မရမ်းကုန်းရပ်ကွက်တွင် ကျုံဘိဟိုတယ်၊ ဂျပန်ဟိုတယ်နှင့် ခေတ်မြန်မာဟိုတယ်တို့ရှိခဲ့သည်။ ထို့ပြင်နိုင်ငံခြားအရက်မျိုးစုံရောင်းချသော စတိုးဆိုင်တစ်ဆိုင်လည်း ရှိခဲ့သည်။

၁၁။ တညင်းကုန်းရပ်ကွက်

တညင်းပင်များပေါက်ရောက်ရာ ရပ်ကွက်ကို တညင်းကုန်းရပ်ကွက်ဟုခေါ်သည်။ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယန်ဘာသာဝင် မွန်လူမျိုး၊ မော်လမြိုင်သား "ဒေါက်တာရှောလူ"သည် တညင်းရပ်ကွက်၊ အမှတ်(၅)၊ ထားဝယ်တံတားလမ်းအိမ်တွင် နေထိုင်ခဲ့သည်။ ထိုအိမ်မှာပင် အသက်(၉၀)အရွယ် ၁၉၂၉ ခုတွင် ကွယ်လွန်သည်။

၁၉၂၅ ခု ဝန်းကျင်တွင် မော်လမြိုင်မှာသာမက၊ တနင်္သာရီတိုင်းတစ်ခွင်မှာပါ လျှမ်းလျှမ်းတောက် ထင်ပေါ်ကျော်ကြားခဲ့သော ဝတ်လုံတော်ရ "ဦးရွှေသွင်"သည်လည်း တညင်းကုန်းရပ်ကွက်တွင် နေထိုင်ခဲ့သည်။ မွန်လူမျိုး ဦးရွှေသွင်ကို "ကတိုးရွာ" ၌ ဖွားမြင်သည်။ မိခင်မှာ "ဒေါ်အမိ"ဖြစ်၍ ဖခင်အမည်ကို မသိရချေ။ ဦးရွှေသွင်တွင် ဒေါ်လုံးနှင့် ဒေါ်အေးအမနှစ်ဦးရှိသည်။ ကင်ပွန်းခြုံကျောင်းတိုက် ဒါယကာကြီး ဦးရွှေသွင်သည် အသက်(၇၅)နှစ်အရွယ် ၃၁ ဒီဇင်ဘာ ၁၉၃၁ တွင် ကွယ်လွန်သည်။

၁၂။ စစ်ကဲကုန်းရပ်ကွက်

စစ်ကဲမောင်တော်လေးနေထိုင်ခဲ့သော ရပ်ကွက်ကို စစ်ကဲကုန်းရပ်ကွက်ဟုခေါ်သည်။ 

မော်ထော်လေးသည် ၅ မတ် ၁၈၂၄ တွင် ပထမအင်္ဂလိပ်မြန်မာစစ် စတင်ဖြစ်ပွားသောအခါ စစ်ကိုင်းမင်း(ဘကြီးတော်)၏ ဝန်ကြီးတစ်ပါးဖြစ်သော "စကြာဝန်ကြီး" ၏ လက်အောက်တွင် အမှုထမ်းခဲ့သည်။ တပ်သား (၇၀ဝ)ကို ကွပ်ကဲရသော တပ်မှူးတစ်ဦးဖြစ်သည်။ အင်္ဂလိပ်နယ်ချဲ့စစ်တပ်များကို ရွပ်ရွပ်ချွံချွံခုံခံတိုက်ခိုက်သဖြင့် "မင်းကျော်သီဟ"ဘွဲ့ဖြင့် ဒလမြို့ထိန်းရာထူးချီးမြှင့်ခံခဲ့ရသည်။

စစ်ပွဲတွင် မြန်မာတို့ရှုံးသဖြင့် ၂၄ ဖေဖော်ဝါရီ ၁၈၂၆ တွင် ရ န္တပိုစာချုပ်ကို လက်မှတ်ရေါ်ထိုးရသည်။ စာချုပ်ချုပ်ဆိုပြီး မကြာမီမှာပင် အင်္ဂလိပ်တို့၏ မြှောက်ထိုးပင့်ကော်လုပ်ခံရသဖြင့် အင်္ဂလိပ်ဘက်တော်သား တစ်ဦးဖြစ်သွားသည်။

၁၀ ဒီဇင်ဘာ ၁၈၂၆ တွင် သံလျင်မြို့ဆိပ်ကမ်းမှ အမြှောက်သံ၊ စိန်ပြောင်းသံအချက်များစွာပေးပြီးလျှင် မော်ထော်လေး (၁)တပ်၊ မောင်ငံ (၁)တပ်၊ မောင်ထွန်းမြ (၁)တပ်၊ မောင်ခန္ထား (၁)တပ်၊ မောင်အောက်ဆံ (၁)တပ်၊ မောင်သာအောင် (၁)တပ်၊ စုစုပေါင်း မွန်တပ် (၆)တပ်တို့သည် လူ(၁၅၀ဝ) ခတ်လှေလောင်းလှေ (၇၀)ကျော်ဖြင့် ရေကြောင်းချီလာ၍ ရန်ကုန်မြို့ရှိ မြန်မာတပ်များကို တိုက်ခိုက်သည်။

မွန်တို့၏ ပုန်ကုန်တိုက်ခိုက်မှုမှာ ပြင်းထန်လှသဖြင့် စစ်ကိုင်းမင်းလက်အောက်ခံ ရန်ကုန်မြို့ဝန် "မဟာမင်းလှရာဇာ"ရှိသမျှ တပ်များဖြင့် အလူးအလဲခုခံကာကွယ်ရသည်။

မွန်တို့သည် တိုက်ပွဲအဆင့်ဆင့်တွင် အောင်ပွဲရပြီးနောက် မွန်ခေါင်းဆောင်မောင်စပ်(သမိန်ပရူး)က "ငါတို့ ရန်ကုန်သို့ချီတက်ဝန်းရံတိုက်ခိုက်သိမ်းယူရရှိလျှင် ရန်ကုန်မြို့တွင်းရှိ မြန်မာဗိုလ်မှူးတပ်မှူးရဲမက်အပေါင်းတို့သည် ငှက်ဖြစ်၍ ကောင်းကင်သို့ပျံသွားနိုင်မှ ငါတို့လက်က လွတ်လိမ့်မည်"ဟု ကြုံးဝါးကာ မွန်တပ်သားများကို အားပေးစကားပြောကြားသည်။

မကြာမီအင်းဝနေပြည်တော်မှ စစ်ကိုင်းမင်းစေလွှတ်လိုက်သော မြန်မာစစ်ကူတပ်များ ရန်ကုန်သို့ရောက်လာသည်။ မြန်မာတပ်များက မွန်တပ်များကို တန်ပြန်ထိုးစစ်ဆင်သည်။ နောက်ဆုံး မွန်တို့၏ ပုန်ကုန်မှုသည် စတင်ပုန်ကန်သည့်နေ့မှ (၂)လပြည့်ရန် (၂)ရက်အလို ၈ ဖေဖော်ဝါရီ ၁၈၂၇ တွင် သံလျင်မြို့ မြန်မာတပ်များလက်အောက်ကျရောက်သွားသောအခါ အရှုံးဖြင့် နိဂုံးချုပ်သွားသည်။

၁၈၂၇ ခု နှစ်ဆန်းပိုင်းသို့ ရောက်သောအခါ မောင်ထော်လေးသည် မိမိတို့ဘက်မှ စစ်ရေးအခြေအနေမလှတော့သည်ကို တွက်ဆမိသည်။ ထို့ကြောင့်နောက်လိုက် နောက်ပါနှင့် စစ်ရှောင်ဒုက္ခသည် တစ်သောင်းကျော်နှစ်သောင်းခန့်ကို ဦးဆောင်၍ မော်လမြိုင်သို့ ရေကြောင်းခရီးဖြင့် ထွက်ပြေးတိမ်းရှောင်လာသည်။ မော်လမြိုင်သို့ရောက်သောအခါ မိမိကိုယ်တိုင်ဦးဆောင်၍ စစ်ကဲကုန်းရပ်ကွက်ကို တည်ထောင်နေထိုင်ခဲ့သည်။ မောင်ထော်လေး၏ အိမ်သည် ဘုရင်မပန်းခြံ (ယခုမောရဝတီပန်းခြံ)၏ အနောက်တောင်ထောင့်တွင်ရှိခဲ့သည်။

၁ ဇူလိုင် ၁၈၃၅ တွင် တနင်္သာရီတိုင်းဝန်ရှင်တော်မင်းကြီး ဘလန်ဒယ် (Blundell)က အင်္ဂလိပ်အလိုတော်ရိ မောင်ထော်လေးအား လစာ(၁၂၅)ကျပ်ဖြင့် မော်လမြိုင်တရားသူကြီးအဖြစ်ခန့်ထားသည်။ ၁၈၅၂ ခု ဒုတိယအင်္ဂလိပ်မြန်မာစစ်ပြီးချိန်တွင် ရန်ကုန်မြို့လယ်ရှိ လမ်းတစ်လမ်းကို "စစ်ကဲမောင်ထော်လေးလမ်း"ဟု အမည်ပေးခဲ့သည်။ နဝတ ခေတ်တွင် "ဗိုလ်ဆွန်ပက်လမ်း" ဟု အမည်ပြောင်းသည်။

မော်လမြိုင်ကျိုက်သလန်စေတီတော်ရင်ပြင် အရှေ့မျက်နှာ၌ ၁၄ ဧပြီ ၁၈၆၉ တွင် စိုက်ထူသော စစ်ကဲမောင်ထော်လေးကျောက်တိုင်ရှိသည်။ ကျောက်တိုင်တွင် ထွင်းထုထားသော စာသားပါ အချို့အချက်အလက်များသည် သမိုင်းဖြစ်ရပ်မှန်နှင့် ကွဲလွဲလျက်ရှိသည်။
ထိုနှစ်မှာပင် စစ်ကဲမောင်ထော်လေး တွံတေးမြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် (၉၃)နှစ်ရှိပြီဖြစ်သည်။

၁၃။ အရေးပိုင်ကုန်းရပ်ကွက်

ဒုတိယဗိုလ်မှူးကြီးစလေဒင် (Lt.Colonel E.B Sladen သည် ၁၈၇၃ ခုမှ ၁၈၇၆ ခုအထိ မော်လမြိုင်အရေးပိုင်အဖြစ် အမှုထမ်းခဲ့သည်။ စလေဒင်၏ နေအိမ်သည် မောင့်ဟုပ် (Mount Hope) တောင်ကုန်းပေါ်တွင်ရှိသည်။ ထိုအိမ်ယခုထက်တိုင်ရှိသည်။ အရေးပိုင် စလေဒင်နေထိုင်ခဲ့သော တောင်ကုန်းကို အစွဲပြု၍ ထိုရပ်ကွက်ကို အရေးပိုင်ရပ်ကွက်ဟုခေါ်ကြသည်။ စလေဒင်သည် ဗိုလ်ချုပ်ကြီးပရင်ဒါဂတ် (General Prenderghast)နှင့်အတူ သီပေါမင်းကို နန်းချရာတွင် ပါဝင်ခဲ့သူဖြစ်သည်။
သီပေါမင်းနှင့် စုဖုရားလတ်တို့ မန္တလေးမှ အိန္ဒိယသို့ထွက်တော်မူခါနီးတွင် ကွမ်းအစ်တွင် ထည့်ထားသော ငမောက်ပတ္တမြားကျောက်ကို စလေဒင်က ကြည့်လိုကြောင်းတင်လျှောက်၍ ထုတ်ယူပြသလိုက်သည်။ စလေဒင်သည် ငမောက်ပတ္တမြားကျောက်ကို အတန်ကြာကြည့်ရှု့ပြီး၊ မေ့လျော့ဟန်ပြု၍ မိမိအင်္ကျ ီအိတ်အတွင်းထည့်လိုက်ရာမှ ပြန်လည်မဆက်သတော့ဟု သီပေါမင်းနှင့် စုဖုရားလတ်က စတုတ္ထသမီးတော်အား ပြန်ပြောင်းမိန့်တော်မူခဲ့သည်။

၁၄။ သာယာကုန်းရပ်ကွက်

မောင်သာယာသည် မော်ထော်လေးနှင့် အတူ မော်လမြိုင်သို့လိုက်ပါလာသူဖြစ်သည်။ မောင်သာယာသူကြီးအဖြစ် အုပ်ချုပ်သော ရပ်ကွက်ကို သာယာကုန်းရပ်ကွက်ဟုခေါ်သည်။ မောင်သာယာသည် အင်္ဂလိပ်အစိုးရထံမှ လစာ(၅၀)ကျပ်ရသည်။

၁၅။ ဖက်တန်းရပ်ကွက်

ဖက်စိမ်း (သနပ်ဖက်)များရောင်းဝယ်ရာ ရပ်ကွက်ကို ဖက်တန်းရပ်ကွက်ဟု ခေါ်သည်။

၁၇။ ဒေါင်းမင်းရပ်ကွက်

၁၉၀ဝ ပြည့်နှစ်ဝန်းကျင်တွင် ဒေါင်းမင်းရပ်ကွက်သည် ဘိန်းခန်း၊ ပြည့်တန်ဆာခန်း၊ အရက်ပုန်းဆိုင်နှင့် လောင်းကစားဝိုင်းစသော ဒုစရိုက်လုပ်ငန်းများ ပေါများရှုပ်ထွေးရာ ရပ်ကွက်ဖြစ်သည်။ ထိုကြောင့် လူအများက "ငှက်ဆိုးချောင်"ဟု နှိမ့်ချခေါ်ဝေါ်သမုတ်ကြသည်။

၂ မတ် ၁၉၆၂ တွင် ခေတ်ပြောင်းစနစ်ပြောင်းကာလစတင်သည်။ မကြာမီမှာပင် တိုးပြည်စီးပွားရေး ကမောက်ကမဖြစ်၍ ကျဆင်းလာသည်။ မှောင်ခိုဈေးကွက်ပေါ်ပေါက်လာသည်။ မှောင်ခိုခေတ်တွင် ဒေါင်းမင်းရပ်သည် မှောင်ခိုပစ္စည်းရောင်းချရာ စည်ကားသော ရပ်ကွက်ဖြစ်လာည်။

၁၈။ မန္တလေးရပ်ကွက်

ထိုရပ်ကွက်သည် ယတြာချေရာမှ စတင်ပေါ်ပေါက်လာသည်။ အင်္ဂလိပ်စစ်တပ်များသည် တတိယအင်္ဂလိပ်မြန်မာစစ်ပွဲကို ၁၈၈၅ ခုတွင် ဆင်နွှဲ၍ မန္တလေးမြို့ကို လွယ်လင့်တကူသိမ်းပိုက်နိုင်ရန် မော်လမြိုင်တွင် ယတြာချေခဲ့ကြသည်။ ဗိုလ်မှူးကြီးဘလိတ် (Colonel Blake) ဦးဆောင်သော အင်္ဂလိပ်စစ်သားများနှင့် ဟိန္ဒူမွတ်ဆလင်မျိုးစုံပါဝင်သော စစ်ပါရီ (Sepry) စစ်သားများသည် ယခု မန္တလေးရပ်ကွက်တည်ရှိရာ အရပ်တွင် နန်းတော်ပြသာဒ်မြို့ရိုးစသည်များကို သစ်ဝါးတို့ဖြင့် လှပစွာဆောက်လုပ်ကြသည်။ ယခုတိမ်ကောနေပြီဖြစ်သော "ရွှေတချောင်း"ခေါ် ချောင်းကလေးကို ကျုံးအဖြစ်သတ်မှတ်ကြသည်။ ထို့နောက် အင်္ဂလိပ်နှင့် စစ်ပါရီစစ်သားများက သရုပ်ပြတိုက်ပွဲဆင်နွှဲကာ မြို့ရိုးအတွင်းရှိ နန်းပြသာဒ်တို့ကို မီးတင်ရှို့ပြီးနောက်၊ ထီးနန်းနှင့်တကွ ရတနာပုံ မန္တလေးကို အင်္ဂလိပ်တပ်က သိမ်းပိုက်လိုက်ပြီဟု အော်ဟစ်ကြွေးကြော်ကြသည်။ နောင်အခါ မြန်မာတို့က နန်းတော်အတုအတွင်းရှိ ပလ္လင်တုထားသည့်နေရာတွင် စေတီတည်၍ နန်းဦးနေရာကို ဝတ္တကမြေအဖြစ်သတ်မှတ်ကြသည်။ ထိုစေတီကား "ပြည်လုံးချမ်းသာစေတီ"ဖြစ်၍ နှစ်စဉ်ပြာသိုလပြည့်နေ့တွင် ဘုရားပွဲတော် ကျင်းပသည်။ ဗိုလ်မှူးကြီးဘလိတ်ကို အစွဲပြု၍ ထိုရပ်ကွက်တွင် ဘလိတ်လမ်း (Blake Street)ခေါ်သော လမ်းတစ်လမ်းရှိသည်။ ယခု မန္တလေးလမ်းဟု ခေါ်တွင်နေသော  လမ်းဖြစ်သည်။

တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲပြီးချိန်တွင် ထိုရပ်ကွက်အမည်ကို "မန္တလေးအငယ်ရပ်" သို့မဟုတ် ဟိန္ဒူစတန်နီဘာသာဖြင့် "ချွတ်ထားမန္တလေး"ဟု ခေါ်ကြသည်။ စစ်ပြီးချိန်တွင် ထိုရပ်ကွက်မှ စစ်ပါရီများ ပြန်လည်လာရောက်နေထိုင်ကြသည်။ အချို့စစ်ပါရီများသည် စစ်မှုထမ်းသက် ကုန်ဆုံးချိန်တွင် အိန္ဒိယပြည်သို့ မပြန်ကြတော့ဘဲ ထိုရပ်ကွက်မှာပင် ကြက်မွေးမြူရေးလုပ်ကိုင်၍ ဆက်လက်နေထိုင်ကြသည်။ ဤသို့ဖြင့် ထိုရပ်ကွက်ကို "ကြက်တန်းမန္တလေး"ဟု ခေါ်ဝေါလာကြသည်။ နောင်အခါ လူကြက်နှင့် တိရစ္ဆာန်ကြက်မှားယွင်းနိုင်သဖြင့် "မန္တလေးရပ်ကွက်"ဟု အမည်ပြောင်းလိုက်သည်။

Written by – အံ့ကျော်

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်