မော်လမြိုင်၊ မတ် ၅ ။ ။ မွန်အမျိုးသားရေးအတွက် ဆွေးနွေးမည့် ရှစ်ကြိမ်မြောက် မွန်အမျိုးသားကွန်ဖရင့်အတွက် ကြိုတင်ပြင်ဆင် နိုင်ရန် ပြည်တွင်းရှိ မွန်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များဖြင့် အကြိုကွန်ဖရင့်တစ်ခုကို ကျင်းပပြု လုပ်မည်ဖြစ်ကြောင်း အဆိုပါ အကြို ကွန်ဖရင့်ကျင်းပရေးကော်မတီအဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြိုကွန်ဖရင့်ကို မော်လမြိုင်မြို့၊ ဈေးကြိုရပ်၊ ဓာတုမာလာပရိယတ္တိကျောင်းတွင် မတ်လ ၂၆ ရက်နေ့ မှ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြည်တွင်းရှိ ဂိုဏ်းပေါင်းစုံမွန်သံဃာတော်များ၊ မွန်စာပေယဉ်ကျေးမှုအဖွဲ့၊ မွန်လူမှုအဖွဲ့အစည်းများနှင့် မွန်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၃၀ဝ ခန့် ဖိတ် ကြားထားကြောင်း အမျိုးသားကွန်ဖရင့်အကြိုဖြစ်မြောက်ရေးအဖွဲ့မှ နိုင်ဝဏ္ဏ က ပြောကြားသည်။

mon-confrence“အဓိက မွန်တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးကို ဘယ်လိုလုပ်ဆောင်သွားကြမလဲဆိုတာ အကြိုကွန်ဖရင့်မှာ အဓိကထားပြီးဆွေးနွေးမယ်။ ရှစ်ကြိမ်မြောက် မွန်အမျိုးသားကွန်ဖရင့်ကို တက်ရောက်ဖို့ ကိုယ်စားလှယ်တွေ လည်း ရွေးချယ်သွားမယ်”ဟု ၎င်းက ဆိုသည်။

အကြိုကွန်ဖရင့်တွင် ရွေးချယ်ခံရသော ကိုယ်စားလှယ်များသည် မွန်တစ်မျိုးသားလုံး သွေးစည်းညီညွတ်ရေး နှင့်ပတ်သက်၍ ရရှိထားသော အချက်အလက်ကို မေလပထမပတ်တွင် ကျင်းပမည့် မွန်အမျိုးသားကွန်ဖရင့်တွင် ဆွေးနွေးတင်ပြရမည်ဖြစ်ကြောင်း မွန်အမျိုးသားကွန်ဖရင့် ဖြစ်မြောက်ရေးကော်မတီ နိုင်ဇာတိနိုင်က ရှင်းပြသည်။

ထို့ပြင် ရှစ်ကြိမ်မြောက်မွန်အမျိုးသားကွန်ဖရန့်၌ နိုင်ငံရေး၊ မွန်လူမျိုးမဟာဗျုဟာ၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် မွန်တစ်မျိုးသားလုံးစည်းလုံး ညီညွတ်ရေးခေါင်စဉ်များဖြင့် စာတမ်းများလည်း တင်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

နှစ်နှစ်လျှင် တစ်ကြိမ်ကျင်းပလာခဲ့သော မွန်အမျိုးသားကွန်ဖရင့်ကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် နောက်ဆုံးအကြိမ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ရှစ်ကြိမ်မြောက် မွန်အမျိုးသား ကွန်ဖရင့်ကိုမူ ထိုင်း – မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းကျေးရွာ၌ မေလ ပထမအပတ်တွင် ကျင်းပမည်ဖြစ်သည်။

Leave a Reply