မော်လမြိုင် ၊ဖေဖော်ဝါရီ ၂၅ ။ ။ မွန်ပြည်နယ် ၊သံဖြူဇရပ်မြို့နယ်ရှိ ဖောင်စိန်ကျေးရွာတွင် ကျင်းပသော မွန်အမျိုးသား နေ့အခမ်းအနား ကျင်းပသည့်နေရာတွင် စိုက်ထူထား သည့် မွန်အလံများကို ခိုးယူူမှု ဖြစ်ပွားခဲ့ကြောင်း ဖောင်စိန်ကျေးရွာ မွန်အမျိုးသားနေ့ကျင်းပရေး ကော်မတီအဖွဲ့ဝင် ဦးမျိုးလွင်က ပြောကြားသည်။

“ အလံ လေးခု အခိုးခံလိုက်ရပါတယ်၊ခိုးတဲ့လူကိုလည်းဖမ်းမိထားပါတယ် ၊သူတို့ကတော့ အပျော်သဘောနဲ့စ နောက်ပြီး လုပ်လိုက်တာလို့ပြောထားပါတယ်၊ ဒီကိစ္စကိုဘယ်လိုအရေး ယူဆောင်ရွက်မလဲဆိုတာကတော့ ညှိနှိုင်းနေဆဲဖြစ်ပါတယ်” ဟု ဦးမျိုးလွင်က ဆိုသည်။

အဆိုပါ အလံများကို ည(၁)နာရီခန့်တွင် ဖြုတ်ယူနေစဉ် အစောင့်ရွာသားများကတွေ့မြင်သဖြင့် လိုက်လံ ဖမ်းဆီးရာ အလံဖြုတ်ယူသည့် လူနှစ်ဦးမှာ ကျိုက်မရောမှဖြစ်ပြီး အပျော်သဘောဖြင့်သာဖြုတ်ယူခြင်း ဖြစ်သည်ဟု ထွက်ဆို ကြောင်း ဦးမျိုးလွင်ကဆိုသည်။

ယင်းကိစ္စနှင့် ပက်သက်ပြီး မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ(ဗဟို)သို့ အကြောင်းကြားထား
သော်လည်း အဆင်ပြေသလို လုပ်ဆောင်ရန် ပြန်လည် ညွှန်ကြားထားကြောင်း ၎င်းကပြောသည်။

“တရားဥပဒေအရ အရေးယူစေချင်ရင်တော့ ရဲကိုတိုင်ရမှာပေါ့၊ အခုလောလောဆယ်ကတော့ ဒီရွာက လူကြီးတွေက သူတို့ကိုသွန်သင်ဆုံးမပြီးပြန်လွှတ်မယ်လို့ကြားထားပါတယ်၊ ဗဟိုကနေပြီး ဘယ်လိုလုပ်လိုက်ပါ လို့ ညွှန်ကြားထားတာမျိုးတော့မရှိပါဘူး” ဟု မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ (ဗဟို)အဖွဲ့ဝင် နိုင်တလညီက ပြောသည်။

အဆိုပါ မွန် အလံခိုးယူသည့် လူငယ်နှစ်ဦးကို ရွာလူကြီးများ သွန်သင်ဆုုံးမကာ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း
ဒေသခံများထံမှသိရသည်။

Leave a Reply