မော်လမြိုင်၊ ဇွန် ။      ။ မွန်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် ပြည်ထောင်စုအစိုးရချမှတ်သည့် လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ရန် ဇွန်လ ၅ ရက်က မော်လမြိုင်မြို့၊ Royal Hinthar ဟိုတယ်၌ မွန်ပြည်နယ်ရှိ NLD ပါတီမှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ ပါတီဝင်များနှင့် တွေ့ဆုံခဲ့စဉ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က တိုက်တွန်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ လုပ်ဆောင်ချက်က တစ်နှစ်ကျော်သွားပါပြီ၊ မွန်ပြည်နယ် အနေနဲ့က ဝန်ကြီးချုပ်ကို လဲရတဲ့ အနေအထားထိ ဖြစ်လာတယ်၊ အရင်က ဝန်ကြီးချုပ် မှားယွင်းခဲ့တာတွေကို ပြင်ဆင်ပြီးတော့ ပြည်ထောင်စုအစိုးရ ချမှတ်တဲ့ လမ်းစဉ်အတိုင်း လက်ရှိဝန်ကြီးချုပ်က ဆောင်ရွက်ဖို့ တိုက်တွန်းချင်ပါတယ်”ဟု ဦးဝင်းထိန်က ပြောသည်။

တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူလူထု အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးကို ကြိုးစားရန် လိုသေးသည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ နာယကကြီး ဦးတင်ဦးတို့က ပြောကြားခဲ့ကြောင်း သူကပြောသည်။

“ဘာကြောင့်လဲဆိုရင် မွန်ပြည်နယ်အစိုးရကြိုးစားမှုအောင်မြင်မှ ဗဟိုအစိုးရ ကြိုးစားနေတဲ့ နိုင်ငံရေးလမ်းစဉ်အောင်မြင်မယ်၊ အခုဟာက ဒီမိုကရေစီဆိုတဲ့ အပင်က အခုမှ ပေါက်ခါစ ရှိသေးတယ်၊ အချိန်မရွေး ပျက်သွားနိုင်တယ်။ ဒီလမ်းစဉ်ပေါ်မှာ ဒီမိုကရေစီဆိုတဲ့ အပင်လေးရှင်သန်ဖို့ အားလုံးကို တိုက်တွန်းချင်ပါတယ်”ဟု ဦးဝင်းထိန်က ထပ်လောင်းပြောကြားသည်။

အစိုးရသက်တမ်း တစ်နှစ်တာအတွင်း ယခုမော်လမြိုင်ခရီးစဉ်သည် ဒုတိယအကြိမ်လာရောက်ခြင်းဖြစ်ကာ ၂၀၁၆ ၌ ပထမဆုံးအကြိမ် ရောက်ခဲ့ပြီးဖြစ်သည်။

Written by – ခေတ်မင်း

 

Leave a Reply