Advertisements

သံဖြူဇရပ်မြို့လယ်အဝိုင်းရှိ ကျိုးပဲ့ပျက်စီးခဲ့သော ဟင်္သာရုပ်တုနေရာကို အသစ်ပြန်လည်တပ်ဆင်မည်

သံဖြူဇရပ်မြို့လယ်အဝိုင်းရှိ ယာဉ်မတော်တဆမှုကြောင့် ကျိုးပဲ့ပျက်စီးခဲ့သည့် ဟင်္သာရုပ်တုကို အသစ်ပြန်လည် အစားထိုးတပ်ဆင်မည်ဖြစ်ကြောင်း ဟင်္သာရုပ်တုဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။

“ရုပ်တုအသစ်က ပြီးခါနီးနေပြီး။ ဆေးသုတ်ဖို့ ပဲကျန်နေတယ်၊ လာမယ့် ၇ လပိုင်းလောက်မှာ တပ်ဆင်သွားမယ်”ဟု ဟင်္သာရုပ်တုဖြစ်မြောက်ရေးကော်မတီ ဦးဆောင်ဆရာတော် ဘဒ္ဒန္တခေမာနန္ဒက မိန့်ကြားသည်။

ရုပ်တုအသစ်ကို ယခင်ထက် တစ်ပေပတ်လည်ပိုကြီး၍ ကုန်ကျစရိတ်အားဖြင့် သိန်း ၃၀ ဝန်ကျင် ကုန်ကျထားကြောင်း၊ ယခင်ပြုလုပ်ခဲ့သည် ဟင်္သာရုပ်တုသည် ဟင်္သာရုပ်တုပြုလုပ်ခြင်းနှင့် ပွဲကျင်းပခြင်း စုစုပေါင်း ကုန်ကျစရိတ် သိန်း ၆၀ ကျော် ရှိခဲ့ကြောင်း ဆရာတော်က မိန့်ကြားသည်။

“ဒီကုန်ကျစရိတ်အတွက်က ဝင်တိုက်မိတဲ့မော်တော်ယာဉ်မောင်း မိသားစုတွေဆီကို ကျွန်တော်တို့ တောင်းဆိုထားတယ်၊ သူတို့ ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ကျွန်တော်တို့က ဟင်္သာရုပ်တုအသစ်ကို တပ်ဆင်သွားမယ်”ဟု ရုပ်တုဖြစ်မြောက်ရေးကော်မတီ မင်းအောင်ချမ်းက ထပ်လောင်းပြောကြားသည်။

Advertisements

ယခင်ဟင်္သာရုပ်အဝိုင်းရုပ်တုကို ဧပြီ ၂၆ မွန်းလွဲ ၂ နာရီခန့်က ယာဉ်မောင်းမြင့်ဦးမောင်းနှင်းလာသည့် ၁၂ ဘီးယာဉ်က မော်လမြိုင်မှ ရေးမြို့သို့ ထွက်ခွာလာစဉ် အရှိန်မထိန်းနိုင်၍ မြို့လယ်အဝိုင်း အုပ်ခုံကို ကျော်ဖြတ်ကာ ဟင်္သာရုပ်တုကို တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သံဖြူဇရပ်မြို့လယ်အဝိုင်းဟင်္သာရုပ်တုအတွက် မွန်အမျိုးသားနေ့နှင့် ပြည်ထောင်စုနေ့ တစ်ထပ်တည်းကျရောက်သည့် (တပို့တွဲလဆုတ် ၁ ရက်နေ့) ယခုနှစ်ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

Written by – ရွှေရိုး

Advertisements

Leave a Reply