တက္ကသိုလ်အစစ်၊ တက္ကသိုလ်ကျောင်းသားအစစ်

သားရဲဝဏ္ဏသို့ပေးစာ (၁၁) 

ချစ်သောသားလေးရဲဝဏ္ဏ သားတို့ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွေ တင်ကြပြီးပေါ့နော်။ သြဂုတ် ၂၅ နောက်ဆုံးလေ။ ဖေဖေကတော့ သားနှစ်သက်တဲ့ စိတ်ဝင်စားတဲ့ တက္ကသိုလ်၊ ဘာသာရပ်ကို လျှောက်ဖို့တိုက်တွန်းပြီးသား။ ဒါကြောင့် ဖေဖေဝင်မစွက်ဘူးနော်။

သားလေးရေ….. တက္ကသိုလ်ရောက်ပြီ ဆိုတာနဲ့ လောကအမြင်တွေလည်း ပိုမိုကျယ်ပြန့်လာမှာကွဲ့။ အသင်းအဖွဲ့မျိုးစုံမှာ ကျင်လည်ပါဝင်ခွင့်ရတော့မယ်။ ဖေဖေတို့ တက္ကသိုလ်တက်တော့ ဝါသနာပါရာ အားကစား၊ အသင်းတွေ၊ ဂီတ၊ ပန်းချီ၊ စာပေ၊ ခြေလျင်တောင်တက်၊ တိုင်းရင်းသား အသင်းတွေအပြင် ဘာသာရေး အသင်းတွေတောင်ရှိတာသားရဲ့။ အသင်းအဖွဲ့တွေမှာ ပါဝင်တော့ အသင်းအဖွဲ့စိတ်ဓာတ်၊ အသင်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်တတ်တဲ့အလေ့အကျင့်၊ ချစ်ခင်ရင်းနှီးမှု စတာတွေကို ရရှိတာပေါ့ကွယ်။

နောင်တော့ ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပြိး စစ်အာဏာသိမ်းတော့ တက္ကသိုလ်၊ ကောလိပ်တွေလိုတာထက်ပိုများလာပြီး မြို့ပြင်ထုတ်ထားလိုက်တော့တယ်။ ရည်ရွယ်ချက်ကတော့ ကျောင်းသားတွေ စုစည်းမှုရှိမှာကို မလိုချင်တာပေါ့။ နိုင်ငံရဲ့ အပြောင်းအလဲတော်လှန်ရေးအားလုံးဟာ ကျောင်းသားတွေဆီက စတာပဲမဟုတ်လား။ အာဏာရှင်ဟာ စိုးရိမ်တယ်။ ကြောက်တယ်။ ဒါကြောင့် ကျောင်းသားတွေကို တတ်နိုင်သမျှ မစုစည်းနိုင်အောင် ခွဲထုတ်ပေး လိုက်တာပေါ့ကွယ်။

နည်းပညာ၊ စီးပွားရေး၊ ဝီဇ္ဇာသိပ္ပံ၊ သမ၊ အနုပညာ၊ ဆေး၊ နိုင်ငံခြားဘာသာ…..စတဲ့ တက္ကသိုလ်တွေကို တစ်နေရာနဲ့ တစ်နေရာဝေးဝေးမှာ ထားပေးလိုက်ကြတယ်။ တော်တော်လည်း အမြော်အမြင်ကြီးကြပါပေရဲ့။ ဒီအကြောင်းတွေ ရှိခဲ့ပေမယ့် ကျောင်းသားတွေက ညီညွတ်မှုကို တည်ဆောက်နိုင်ကြပါတယ်။

သားလေးရဲဝဏ္ဏရေ…တက္ကသိုလ်ဟာ လောကအမြင်တွေကို သင်ပေးရာလို့ ဖေဖေပြောချင်တယ်။ ကိုယ်ယူထားတဲ့ ဘာသာရပ်၊ ပညာရပ်အပေါ် အခြေခံကျောင်းသား အဆင့်လိုကျက်၊ မှတ်ရုံနဲ့ မရဘူး။ စဉ်းစား၊ တွေးခေါ်၊ ကြံစည်တဲ့ အလေ့အထကောင်းကို ရယူရတယ်။ ပြဋ္ဌာန်းစာလောက်နဲ့  မရပ်ရဘူး။ စာတွေဖတ်ရမယ်။ သုတေသနတွေကို လုပ်ရမယ်။ ဆရာဇော်ဂျီက “တက္ကသိုလ်အစစ်သည် ဆိုင်းဘုတ်ထောင်ထားခြင်းမဟုတ်ပါ။ တက္ကသိုလ်၏ အဓိပ္ပာယ်မှာ တက္က-ကြံစည်ခြင်းနှင့်၊ သီလ-အလေ့အကျင့်ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဆိုင်းဘုတ်ထောင်မထားသော်လည်း စဉ်းစားကြံစည်ခြင်း အလေ့အကျင့်ရှိသည့် အရပ်သည် တက္ကသိုလ်မည်ပါသည်“ ဆိုပြီး ပြောခဲ့ (ရေးခဲ့) တယ်။ ဆိုင်းဘုတ်ထောင်၊ အဆောက်အဦသာရှိတဲ့ တက္ကသိုလ်အမည်တတ်ထားတဲ့ တက္ကသိုလ်တွေ ဖေဖေတို့ နိုင်ငံမှာ အများကြီး ဖြစ်သွားတာပေါ့။. ပြည်သူ့အစိုးရလက်ထက်မှာတော့ ပညာရေး၊ ကျန်းမာရေးကို ထိရောက်စွာ ပြောင်းလဲဖို့ အားထည့်နေပါပြီ။

မျက်နှာငယ်ခဲ့ရတဲ့ ဝိဇ္ဇာ၊ သိပ္ပံမေဂျာ အတန်းတွေမှာကိုပဲ ထူးချွန်တန်းတွေဖွင့်ပေးလိုက်တော့ ပညာတော်သူတွေ တက်ရောက်လာကြပြီလေ။ ပြောင်းလဲမှုတွေပေါ့သားရယ်။ သားလေးရေ…အိန္ဒိယရဲ့ ခေါင်းဆောင်ကြီး၊ သူတော်စင်ကြီးမဟတ္တမဂန္ဒီက “စာရိတ္တမပါသော ပညာရေးကို ရှောင်ကျဉ်ရမယ်လို့ ပြောခဲ့ဖူးတယ်။

“စာရိတ္တမပါသော ပညာရေး“ တဲ့ စဉ်းစားကြည့်။ ကြောက်စရာကြီးနော်။ ဂန္ဒီကြီးပြောသွားတဲ့ အဓိပ္ပာယ်က ပညာတွေတတ်မြောက်ပြီး  စာရိတ္တချို့ယွင်းရင် ကြောက်စရာကောင်း၊ အန္တရာယ်ရှိတယ်လို့ ဆိုလိုက်တာပဲ။ အဲဒီလို ပညာတွေ သင်လာတဲ့သူတွေကို ဖေဖေတို့တွေ့ခဲ့ဖူးတယ်။

တက္ကသိုလ်ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်က ဘွဲ့တစ်ခုရရေးမဟုတ်ဘူး။ သင်ယူတဲ့ ဘာသာရပ်ကို တတ်မြောက်ရမယ့်အပြင် Thinking တွေ၊ Way တွေ၊ နိုင်ငံရေးအသိတွေ၊ မေတ္တာတရားတွေ၊ ပရဟိတစိတ်တွေ၊ ကိုယ်ချင်းစာစိတ်တွေကိုပါ မွေးယူလိုက်တာပဲသားရေ။ ဒါကြောင့် graduate လို့ ပြောလိုက်တာနဲ့ လေးစားမှုရရှိကြတယ်။

သားလေးရေ…..လူထုခေါင်းဆောင်က ကျောင်းသားတွေ နိုင်ငံရေးမှာ ပါဝင်တာကို ကြိုဆိုတာနော်။ အရင်တုန်းကတော့ ကျောင်းသားတွေကို နိုင်ငံရေးနဲ့ မပတ်သက်အောင်ကို ပိတ်ပင်ခဲ့တာပေါ့။ ကျောင်းသားဟာ နိုင်ငံရေးကို စိတ်ဝင်စားရမှာပဲ။ အောင်မြင်နေတဲ့ တက္ကသိုလ်ကြီးတွေမှာ နိုင်ငံရေးဗေဒကို ဘာသာရပ်၊ ပညာရပ် တစ်ခုအနေနဲ့ကို သင်ကြားရတာ။ ဒါမှ နိုင်ငံ့ခေါင်းဆောင်ဖြစ်လာမယ့်သူတွေမှာ နိုင်ငံရေးအသိတွေ ကြွယ်ဝလာမှာလေ။

ဖေဖေကတော့ ကျောင်းစာပဲအဓိကဆိုတဲ့ထဲမပါဘူးနော်။ ပြုပြင်ပြောင်းလဲရေးတွေအများကြီး လိုအပ်နေသေးတဲ့ ဖေဖေတို့ နိုင်ငံမှာ လူငယ်မျိုးဆက်သစ်တွေရဲ့ အားတွေအလွန်ပဲလိုအပ်လှပါတယ်။

ပညာတတ်ရုံနဲ့ မရဘူး အကျင့်ပျက်ခြစားတဲ့  စိတ်ကင်းဖို့၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး တို့ကို မြတ်နိုးရလိမ့်မယ်။ တည်ဆောက်ရလိမ့်မယ်။ ဒါကြောင့် တက္ကသိုလ်ပညာသင်ရာမှာ ထားရမယ့်စိတ်၊ ခံစားမှု၊ မှန်ကန်တဲ့ အယူအဆ၊ အတွေးအခေါ်၊ လက်တွဲဆောင်ရွက်ခြင်း၊ အပြန်အလှန်လေးစားတန်ဖိုးထားခြင်းတို့ကို သင်ယူသွားရမှာဖြစ်တယ်။

ဘယ်လိုသင်မလဲ။ စာအုပ်တွေဖတ်ရမှာပေါ့သားရယ်။ The true, university of these days is a collection of books (Thomas Carlyle)  ဆိုတာလေး ဖေဖေမှတ်မိနေတယ်။ “ယခုခေတ်တက္ကသိုလ် အစစ်သည် စာအုပ်များအစုအဝေးဖြစ်သည်“ တဲ့။ စာအုပ်တွေဟာ တက္ကသိုလ်လိုပဲ ဖြစ်တယ်လို့ ဆိုတာပေါ့။ ဒါကြောင့် စာဖတ်ရမှာနော်။

သားလေးရဲဝဏ္ဏရေ…..ဖေဖေကတော့ သားလေးဘယ်တက္ကသိုလ်ပဲတက်တက် တက္ကသိုလ်စစ်စစ်မှာ တက်ခွင့်ရစေချင်တာပါပဲ။ သားကလည်း တက္ကသိုလ်ကျောင်းသား စစ်စစ်ဖြစ်အောင်လုပ်ရမှာပေါ့။ ပညာတတ်ရမယ်၊ အသိကြွယ်ရမယ်၊ အသင်းအဖွဲ့စိတ်ဓာတ်ရှိရမယ်။ နိုင်ငံရေး အသိရှိရတယ်၊ စိတ်ထားကောင်းရမယ်…..ကဲ…..မကြာခင်မှာ လောကကြီးကို အကျိုးပြုနိုင်မယ့် သူတစ်ယောက်အဖြစ်ရောက်လာတော့မယ်လို့ ဖေဖေက ယုံကြည်လိုက်ပါပြီ၊ သားသူငယ်ချင်းတွေလည်း တက္ကသိုလ်ကျောင်းသားစစ်စစ်ဖြစ်အောင်ခံယူတတ်ဖို့သားက တိုက်တွန်းပေးလိုက်ပါနော်။

သားရဲ့ ချစ်သော ဖေဖေ

Written by – ရဲသျှမ်း

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်