လျှပ်စစ်ဓာတ်အားရရှိရေးကိစ္စ သံလွင်မြစ်ကမ်းတလျှောက် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများကို ကရင်ပြည်နယ်အစိုးရ ခေါ်ယူတွေ့ဆုံ

142

ဘားအံ ၊ မတ် ၂၉

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဦးဆောင်သော အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပြည်နယ်အတွင်း လျှပ်စစ်မီးရရှိရေးကိစ္စများအတွက် ဘားအံမြို့နယ်၊ သံလွင်မြစ်ကမ်းတလျှောက်ရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် မတ်လ(၂၇)ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် လျှပ်စစ်၊ စက်မှုဝန်ကြီးဦးစိုးလှိုင်တို့က ပြည်နယ်အတွင်း လျှပ်စစ်မီး ရရှိမှုအခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် စီမံလျာထားချက်များ၊ စစ်တမ်းကောက်ယူမည့်၊ တိုင်းတာ ဆောင်ရွက်မည့် လုပ်ငန်းစဉ်ဆိုင်ရာ အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံ ဆရာတော်သံဃာတော်များက သိရှိလိုသည်များ မေးမြန်းခဲ့ကြပြီး ဌာနဆိုင်ရာအလိုက် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြကြောင်း သိရှိရသည်။

သံလွင်မြစ်ကြောင်းတစ်လျှောက် ရှင်းလင်းရေး လုပ်ဆောင်မည့် ကိစ္စအပါအဝင် ဝတ်ကြီးကျေးရွာတွင် ဆောင်ရွက်မည့် လျှပ်စစ်ဓာတ်အားစီမံကိန်းနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါစီမံကိန်းအပေါ် ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ကန့်ကွက်မှုများ ရှိနေခဲ့ရာ ကျေးရွာများတွင်လည်း ဆွေးနွေးရှင်းလင်းပွဲများကို လူထု စိတ်ပါဝင်စားပြီး နားလည်သဘောပေါက်သည်အထိ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှူးတွေ ခေါ်ပြီး သံလွင်မြစ်ထဲမှာ လုပ်မယ့် သောင်တူးတာ၊ မြစ်ကြောင်းရှင်းလင်းတာ၊ မြစ်ကမ်းပါးထိမ်းနံရံတွေ လုပ်တာ၊ လျှပ်စစ် စီမံကိန်းလုပ်ရာမှာ လိုအပ်မယ့် ပြင်ဆင်မှုတွေ၊ တိုင်းတာမှုတွေ၊ စစ်တမ်းကောက်ယူမှုတွေ လုပ်ဆောင်ဖို့အတွက် ခေါ်ယူဆွေးနွေးတာပါ။ ပြီးရင်တော့ သူတို့ ပညာရှင်တွေ၊ဌာနဆိုင်ရာက တာဝန်ရှိသူတွေနဲ့အတူ ကွင်းဆင်းလုပ်ဆောင်မယ်လို့တော့ သိရတယ်” ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ကိုနွေဦး(ဝဲကြီးကျေးရွာ)က ဆိုသည်။

ဒေသအတွင်း လျှပ်စစ်ဓာတ်အား ရရှိရေး၊ ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်စီမံကိန်းဆိုင်ရာများကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့က နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများအပါအဝင် လျှပ်စစ်မီးတွဲအစုံ ၄၀ ကို ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးများထံ ပေးအပ် ခဲ့ကြောင်း သိရသည်။

Written by ရာဟု (ဖားအံ)

LEAVE A REPLY

Please enter your comment!
Please enter your name here