ကျုံထော်ဒေသတွင် မိုင်းနှင့် စစ်ကျန်ပစ္စည်းများ စတင် ရှင်းလင်းမည်

51

ဘားအံ ၊ ဧပြီ ၄

ကရင်ပြည်နယ်အတွင်း မိုင်းနှင့်စစ်ကျန်ပစ္စည်းများကို ရှင်းလင်းရန် ခွင့်ပြုချက်ရရှိပြီးဖြစ်၍ လှိုင်းဘွဲမြို့နယ်၊ ကျုံထော်ဒေသကို စတင် ရှင်းလင်းသွားမည်ဖြစ်ကြောင်း ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ဧပြီလ ၄ရက်က သီရိဘားအံ ဟိုတယ်ခန်းမတွင် ကျင်းပသော နိုင်ငံတကာမိုင်းအသိပညာပေးခြင်းနှင့် မိုင်းဆိုင်ရာအကူအညီများနေ့ အခမ်းအနားတွင် ပြောဆိုသည်။

“ကရင်ပြည်နယ် ဒေသတွင်းနေ ပြည်သူတွေ ဘေးကင်းဖို့ ကျနော်တို့ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ မိုင်းနဲ့ စစ်ကျန်ပစ္စည်းတွေကို The Halo Trust , MAG, NPA တို့နဲ့ပူးပေါင်းပြီး လှိုင်းဘွဲမြို့နယ်၊ ကျုံထော်ဒေသကို အရင်ဆုံး ရှင်းလင်းပေးနိုင်ဖို့ ခွင့်ပြုချက်ရရှိပြီးလို့ ဆက်လက် ဆောင်ရွက်သွားနိုင်ရေး ဒေသခံပြည်သူလူထုများ ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်”ဟု ၎င်းက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

မိုင်းရှင်းလင်းရေးလုပ်ငန်းကို ယခုဧပြီလအတွင်း စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း မိုင်းအန္တရာယ်ကြောင့် ၂၀၁၆ ခုနှစ်၌ မိုင်းထိခိုက်မှုအကြိမ် ၉၃ ကြိမ်တွင် ဒဏ်ရာရရှိသူ ၁၂၀ ဦးနှင့် သေဆုံးသူ ၄၃ ဦးထိရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် ၂၀၁၇ စက်တင်ဘာလအထိ မိုင်းထိခိုက်မှု ၈၂ ကြိမ်တွင် ဒဏ်ရာရရှိသူ ၈၉ ဦးနှင့် သေဆုံးသူ ၃၇ ဦးထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးတွင် ၁ ဦးမှာ ကလေးသူငယ်များဖြစ်ကြောင်း မိုင်းအန္တရာယ်လေ့လာစောင့်ကြည့်သောအရပ်ဘက်အဖွဲ့များ၏စစ်တမ်းများအရ သိရှိရသည်။

ကရင်ပြည်နယ်အတွင်း DCA, The Halo Trust , MAG, NPA အဖွဲ့များအပြင် UNICEF၏ ပံ့ပိုးမှုဖြင့် ပြည်သူနဲ့ထိတွေ့မှုအများဆုံးရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် ကလေးသူငယ်အပါအဝင် ပြည်သူ ၃ သိန်းကျော်တို့ကို မိုင်းအန္တရာယ် အသိပညာပေး သင်တန်းများ ပို့ချနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မိုင်းဒဏ်ထိ လူနာတစ်ဦးလျှင် ငွေကျပ် ၂ သိန်းနှုန်း ထောက်ပံ့ပေးသည့်အပြင် အသေးစားခြေတုပြင်ဆင်မှုအနေဖြင့် ၆၅၆ ဦး၊ အထောက်အကူ အားပြုကိရိယာအနေဖြင့် ၉၈၅ ဦး၊ ခြေတုတပ်ဆင်မှုအနေဖြင့် ၃၈ ဦးတို့အား ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

Written by ရာဟု(ဖားအံ)

LEAVE A REPLY

Please enter your comment!
Please enter your name here