သူမတူတဲ့ မော်လမြိုင်သင်္ကြန်၊ ဒီနှစ် ဘာတွေ ထူးခြားမလဲ

476

မွန်ပြည်နယ်ရဲ့ မော်လမြိုင် သင်္ကြန်ကတော့ တခြား ဒေသတွေနဲ့ မတူတဲ့ ဓလေ့ထူးတွေရှိပါတယ်။ တခြားဒေသတွေမှာ သင်္ကြန်အရသာကို အကြိုနေ့က စပြီး ခံစားကြပေမယ့် မော်လမြိုင်ရဲ့ သင်္ကြန် အငွေ့အသက်ကတော့ အကျနေ့ရောက်မှစပါတယ်။

ဒါ့အပြင် သင်္ကြန်လည်တဲ့ နေရာမှာလည်း ရက်သတ်မှတ်ချက်တွေနဲ့ ရေပတ်ခံထွက်လေ့ ရှိတဲ့ ဓလေ့ တစ်ခုလည်း ရှိနေပါတယ်။

သင်္ကြန် အကျနေ့ဆိုရင် ကျိုက်ခမီ၊ စက်စဲ ၊ အကြတ်နေ့ မုဒုံမြို့၊ အတက်နေ့ ကျိုက်မရော ရယ်လို့ သတ်မှတ် ရက်တွေနဲ့ ရေပက်ခံ ထွက်ကြပါတယ်။

ဒီလို ရေပတ်ခံထွက်တဲ့ နေရာမှာ ဆိုင်ကယ်တွေ ပေါတဲ့ ပြည်နယ် တစ်ခု ဖြစ်လို့ လူငယ်က အုပ်စုဖွဲ့ လည်ပတ်တဲ့ အလေ့အထလည်း ရှိနေပါတယ်၊ ဒီလို အုပ်စုဖွဲ့ လည်ပတ်တဲ့ နေရာမှာ တူညီ ဝတ်စုံတွေ ဝတ်ဆင်ပြီး ရေကစားထွက်ကြတာပါ။

ဒီလို သူမတူတဲ့ မော်လမြိုင် သင်္ကြန်မှာ အခြားဒေသတွေနဲ့ မတူတဲ့ ထူးခြားတဲ့ ဓလေ့ နောက်တစ်ခု ရှိနေပါသေးတယ်၊ တခြားဒေသတွေမှာ နှစ်ဆန်းတစ်ရက် ရောက်ရင် ရေမကစားတော့ပေမယ့် မော်လမြိုင် အတွက်တော့ အဲဒီနေ့ဟာလည်း အတာရေချမ်းပက်ဖျန်းတုန်းပါပဲ။

“ရိုးဂိုး” လို့ခေါ်ဆိုတဲ့ ဒီနေ့ကို အနယ်နယ်အရပ်က သူတွေလည်း မော်လမြိုင်ကိုလာပြီး သင်္ကြန် နောက်ဆုံးရက်အဖြစ် သတ်မှတ်ကာ ပျော်ပျော်ကြီးကြီး လာရောက် ဆင်နွှဲတတ်ကြပါတယ်။

သံချပ်မပါတော့

မော်လမြိုင်မှာ ၂၀ ကျော်ကြာ ပျောက်ကွယ်နေတဲ့ သံချပ် ဖျော်ဖြေမှုကို ၂၀၁၄ ခုနှစ်က စပြီး မော်လမြိုင်မြို့ရှိ ကျောင်းသူ၊ ကျောင်းသားအပါအဝင် တက်ကြွတဲ့ လူငယ်တွေရဲ့ စုပေါင်းကြိုးပမ်းမှုကြောင့် ဖျော်ဖြေပွဲတွေ ပြန်လုပ်နိုင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာလည်း မြို့အနှံ့ လိုက်လံ ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့သလို ၂၀၁၇ ခုနှစ်ဆိုရင် နှစ်လိုဖွယ် ဖျော်ဖြေမှုတွေနဲ့အတူ ငွေငန်းအလှပြယာဉ်ကြီးနဲ့ သင်္ကြန်ရေ ကစား မဏ္ဍိုပ်တွေ၊ ရပ်ကွက်တွေကို လှည့်လည်ဖျော်ဖြေနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီနှစ် ၂၀၁၈ ခုနှစ်ရဲ့ မော်လမြိုင် သင်္ကြန်မှာတော့ လူငယ်တွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ “မြင်တာကို တည့်တည့်ပြောမယ်”ဆိုတဲ့ သံချပ်အဖွဲ့တော့ ဖျော်ဖြေမှာ မဟုတ်တော့ဘူးလို့ ဧပြီ ၅ရက်နေ့က ကြေညာလိုက်ပါတယ်။

ဒါကြောင့် ဒီနှစ် မော်လမြိုင် သင်္ကြန်မှာတော့ သံချပ် အသံတွေ ကြားရတော့မှာ မဟုတ်ပါ။ မော်လမြိုင်မှာ သံချပ်နဲ့ ပြည်သူတွေကို ဖျော်ဖြေပေးနေတာကလည်း ဒီတစ်ဖွဲ့တည်းသား ရှိနေခဲ့လို့ပါပဲ။

သူတို့အဖွဲ့ ဒီနှစ် မဖျော်ဖြေနိုင်တဲ့ အကြောင်းအရင်းကတော့ ရန်ပုံငွေ အခက်ခဲကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် သူတို့အဖွဲ့ဟာ ယဉ်ကျေးတဲ့ သင်္ကြန်ကို ပြန်လည်ဖော်ထုတ်ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး ယဉ်ကျေးခမ်းနားတဲ့ မော်လမြိုင်သင်္ကြန်ကို ပြန်လည် အလိုရှိတယ်လို့လည်း ဆိုပါတယ်။

ဒီအတွက်လည်း လာမယ့် ၂၀၁၉ ခုနှစ် သင်္ကြန်ကာလမှာ အလှယာဉ်နဲ့ သံချပ် ဖျော်ဖြေမှုတွေ ပြန်လုပ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက မော်လမြိုင် သင်္ကြန်မှာ သံချပ်ထိုးမယ့် အဖွဲ့တွေရဲ့ စာသားတွေကို စိစစ်ဖို့ မရှိဘူးလို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ သူ ဒီလိုပြောဆိုခဲ့တဲ့ဒီနှစ်မှာမှ မော်လမြိုင် သင်္ကြန်ဟာ သံချပ်ထိုးမယ့် အဖွဲ့ မရှိတဲ့အဖြစ်နဲ့တိုးရပါတော့တယ်။ ဒါကြောင့် သံချပ်မပါတဲ့ သင်္ကြန်ကို မော်လမြိုင်သူ၊သားတွေ ဒီနှစ်မှာ ဖြတ်သန်းရပါတော့မယ်။

အစိုးရစီစဉ်မယ့်သင်္ကြန်ဒီနှစ်မှာတော့ အစိုးရ ကိုယ်တိုင် ဦးဆောင်ပြီး လမ်းလျှောက် သင်္ကြန် ပြုလုပ်သွားမယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ထုတ်ဖော်ပြောဆိုထားပါတယ်။

လမ်းလျှောက် သင်္ကြန်ကို မြန်မာနိုင်ငံမှာ အရှည်ဆုံး ကမ်းနားလမ်းဖြစ်တဲ့ မော်လမြိုင် ကမ်းနားလမ်းမှာ ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။

မော်လမြိုင် လမ်းလျှောက် သင်္ကြန်ကိုတော့ ၂၀၁၇ ခုနှစ်မှာ တက်ကြွတဲ့ လူငယ်တွေနဲ့ ကျောင်းသူ၊သားတွေက စုပေါင်းပြီး စတင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် ဒီနှစ်မှာတော့ အစိုးရ ကိုယ်တိုင် လုပ်ဆောင်တော့မှာပါ။

အစိုးရ ကိုယ်တိုင် လုပ်ဆောင်မယ့် လမ်းလျှောက် သင်္ကြန်ဖြစ်လို့ လူတိုင်း စိတ်စားနေကြပါတယ်၊ ဘယ်လို ပုံစံတွေနဲ့ လုပ်မလဲဆိုတာ ဧပြီ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပေးမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ပြောပါတယ်။

ဒီနှစ်ရဲ့ မော်လမြိုင် သင်္ကြန်မှာတော့ မဏ္ဍပ် ၁၁ ခု ရှိမှာ ဖြစ်ပြီး အားလုံး နီးပါးဟာ ကမ်းနားလမ်းမှာသာ ဆောက်လုပ်ဖို့ ရှိနေပါတယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ဆိုတယ်။

ဗဟို မဏ္ဍပ်ကိုတော့ မော်လမြိုင်မှာ ကမ်းနားလမ်း တည်ဆောက်ဖို့ ရှိနေပြီး ယိမ်းအဖွဲ့တွေနဲ့ ရေလာကစားမယ် သူတွေ နားခိုလို့ရအောင် မနှစ်ကထက် ပိုကြီးတဲ့ မဏ္ဍပ်ဖြစ်အောင် လုပ်ဆောင်မယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့် ဒီမဏ္ဍပ်တွေဟာ သင်္ကြန်ကျဖို့ တစ်ပတ်အလို ဧပြီ ၆ ရက်အထိ မဏ္ဍပ်ဆောက်လုပ်မယ့် အရိပ်အရောင်တောင် မသိတွေ့ရသေးပါဘူး၊

စည်ပင်သာယာရေးအဖွဲ့ကတော့ သင်္ကြန်မှာ ပုဂ္ဂလိက ရေကစားမဏ္ဍပ် အပါအဝင် ဖျော်ဖြေရေး မဏ္ဍပ်တွေ တည်ဆောက်မယ့် သူတွေအနေနဲ့ ခွင့်ပြုချက် တင်ကြဖို့ တိုက်တွန်းထားပါတယ်။

ရေကစား မဏ္ဍပ်တွေမှာ ရေအလုံအလောက် ပေးနိုင်ဖို့အတွက် စည်ပင်သာယာရေးအနေနဲ့ ကြိုတင် စီစဉ် ဆောင်ရွက်မှု လုပ်ဆောင်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

“စည်ပင်အနေနဲ့ မဏ္ဍပ်တိုင်းမှာ ရေရှိအောင် ဆောင်ရွက်ပေးမယ်၊ ရေကစားမဏ္ဍပ်မှာ ကစားတဲ့ လူရှိလည်း ပေးမယ်၊ မရှိလည်း ရေကတော့ ပေးမယ်”လို့ ဝန်ကြီး ဦးမင်ကျော်လွင်က ပြောပါတယ်။

ဒါအပြင် သင်္ကြန်အတွက် မွန်ပြည်နယ် အစိုးရအဖွဲမှာ ဘတ်ဂျက် သိန်း ၅၀၀ သာရှိလို့ ဘတ်ဂျက် မလုံလောက်မှု ဖြစ်ပေါ်နေလို့ လိုအပ်တဲ့ ဘတ်ဂျက်ကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေမှာ အလှူခံသွားမယ်လို့ ဦးမင်းကျော်လွင်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် မွန်ပြည်နယ် သင်္ကြန်မှာ အစိုးရအဖွဲ့မှ ဘတ်ဂျက် သိန်း ၁၀၀၀ သုံးစွဲခဲ့ပါတယ်။

လုံခြုံရေးနဲ့ ဆေးရုံ

မွန်ပြည်နယ် သင်္ကြန်ဟာ အုပ်စုဖွဲ့ လည်ပတ်တဲ့ ဓလေ့ ရှိတာကြောင့် တုတ်၊ ဓား၊ အလံ ကိုင်ဆောင်မှုတွေအတွက် တင်းကျပ်တဲ့ လုံခြုံးရေး အစီအမံတွေ ချမှတ် ဆောင်ရွက်သွားမယ်လို့ ဧပြီ ၅ ရက်က ပြုလုပ်တဲ့ သင်္ကြန် ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးမှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သင်္ကြန် ကာလအတွင်း ရေပတ်ခံ ထွက်မယ့် သူတွေအနေနဲ့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း ၁၃ ချက် ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်မှာတော့ ဒီစည်းမျဉ်စည်းကမ်း ၁၃ ချက်အပေါ် အခြေခံပြီး မိမိ ဒေသခံနဲ့ ကိုက်ညီမယ့် စည်းမျဉ်းစည်းကမ်းတွေလည်း ထည့်သွင်း ဖြည့်စွက်သွားဖို့ ရှိနေတယ်လို့ ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောပါတယ်။

သင်္ကြန် ရေပတ်ခံ ထွက်တဲ့ နေရာမှာ အုပ်စုဖွဲ့ ဆိုင်ကယ် စီးနင်းမှုတွေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာတဲ့ ယာဉ်တွေ၊ ရိုးရာ ယဉ်ကျေးမှုနဲ့ မလျောက်ဦတဲ့ ဝတ်စား ဆင်ယင်မှုတွေကိုလည်း အရေးယူမှုတွေ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

သင်္ကြန်ကာလအတွင်း လူသွားလူလာများတဲ့ နေရာတွေမှာလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားသွားဖို့ ရှိနေပါတယ်။ ထူးခြားမှုအနေနဲ့ ဒီနှစ် သင်္ကြန် မဏ္ဍပ်တွေမှာ CCTV ကင်မရာတွေ တပ်ဆင်သွားမယ်လို့ ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောပါတယ်။

မွန်ပြည်နယ် သင်္ကြန်ကာလအတွင်း မော်လမြိုင် ပြည်သူ့ ဆေးရုံကြီးမှာ ဝန်းထမ်း အင်းအား တိုးမြှင့်ချထားဖို့ စီစဉ်ပြီ ဖြစ်ကြောင်း ဆေးရုံ တာဝန်ရှိ ဆရာဝန်တစ်ဦးက ပြောပါတယ်။

ဒါပေမယ့် ဝန်ထမ်း အင်းအား မည်မျှ ချထားမယ်ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုမှုတော့ မရှိသေးပါဘူး။
သင်္ကြန် ကာလအတွင်း ဖြစ်ပေါ်လာမယ့် ယာဉ်မတော် တဆမှုများအတွက် အရေးပေါ် လူနာကားတွေ စီစဉ်ထားသလို ပရဟိတ အသင်းတွေနဲ့လည်း ချိတ်ဆက် ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ဒါအပြင် ကုသရေး ဆေးဝါးအနေနဲ့ အခြေခံ ဆေးဝါး အပါအဝင် ဆေးကိရိယာများကို ဝယ်ယူ ဖြည့်တင်းထားပြီ ဖြစ်တယ်လို့ ပြောတယ်။

ထူးထူးခြားခြား စည်ကားမယ့်နေရာတွေ

မော်လမြိုင် သင်္ကြန်ဟာ ဓလေ့တွေ ထူးတဲ့ သင်္ကြန်ဖြစ်တဲ့ အညီ အကျနေ့က စပြီး ကျိုက်ခမီနဲ့ စက်စဲ ကမ်းခြေဘက်မှာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ အလည်ပတ် သွားတဲ့ သူတွေနဲ့ စည်းကားမြဲ ဖြစ်ပါတယ်။

အကြတ်နေ့မှတော့ မုဒုံမြို့သို့ သွားတဲ့ သူတွေနဲ့ စည်းကားဦမှာ ဖြစ်သလို အတက်နေ့မှတော့ ကျိုက်မရော သွားတဲ့ သူတွေ မြိုင်ဆိုင် နေဦးမှာလည်း ဖြစ်ပါတယ်။

ဒါအပြင် နှစ်ဆန်း တစ်ရက် ရိုးဂိုး သင်္ကြန်ကလည်း ရန်ကုန်၊ ပဲခူး၊ ကရင်ပြည်နယ်က သူတွေပါ လာရောက် တက်တာ ဖြစ်လို့ စည်ကားနေဦးမှာပါပဲ။

ဒီနေ့ ရက်သတ်မှတ်ချက်တွေနဲ့ ရေလည်ခံထွက်တဲ့ ဓလေ့ရှိပေမယ့် သင်္ကြန်ကာလအတွင်း ညနေပိုင်းမှာတော့ မော်လမြိုင် ကမ်းနားလမ်းကတော့ ကြက်ပျံမကျ စည်းကားတဲ့ နေရာ တစ်ခုပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာသက္ကရာဇ် ၁၃၈၀ပြည့်နှစ် အတာသင်္ကြန်ကိုဆင်နွှဲဖို့ သူ့ခွန် သူ့အားနဲ့ ရုန်းကန် ပြင်ဆင်နေတဲ့ မော်လမြိုင်ဟာ တမူထူးတဲ့ သင်္ကြန်ပွဲတော်ကို ရိုးရာမပျက်ဆက်လက်ကျင်းပမှာကတော့ အသေအချာပါပဲ။

Written by ဇော်ထိုက်၊ ခင်နန်းေဋ္ဌး

LEAVE A REPLY

Please enter your comment!
Please enter your name here