ရေနံယိုဖိတ်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် အရေးပေါ် အခြေအနေကြေညာခဲ့ရ

10

အင်ဒိုနီးရှား ကမ်းရိုးတမ်းတွင် ရေနံယိုဖိတ်မှုများ ပိုမိုဆိုးဝါးလာသောကြောင့် အရေးပေါ်အခြေအနေကြေညာခဲ့ရသည်။
ကာလီမန်တန်အရှေ့ပိုင်းရှိ ဘလစ်ပပန်ဧရိယာတွင် ရေနံများ မီးလောင်နေသည့် မီးခိုးလုံးများဗီဒီယို ပေါ်ထွက်လာပြီးနောက် တက်ကြွလှုပ်ရှားသူများကတော့ အစိုးရသည် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ထိရောက်အောင် ဆောင်ရွက်ခြင်းမရှိကြောင်း ဝေဖန်နေကြသည်။

အဆိုပါ အဖြစ်အပျက်ကြောင့် ငါးဖမ်းသမား ငါးဦးအထိ သေဆုံးခဲ့ရပြီး ထိုဧရိယာအတွင်းရှိ ဒေသခံများကိုလည်း မီးတောက်များ၊ မီးခိုးများနှင့် ပတ်သက်၍ အစိုးရက သတိပေးချက်ထုတ်ပြန်ထားသည်။

Greenpeace ဟူသော သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းကတော့ အစိုးရက အရေးပေါ်အခြေအနေကြေညာထားသော်လည်း ၎င်းတို့အနေဖြင့် တရားဝင်ဆက်သွယ်မှုမရသေးဟုဆိုသည်။

‘ဒီအဖြစ်အပျက်ရဲ့ သက်ရောက်မှုကို ကိုင်တွယ်ဖို့ အစိုးရက အရမ်းနောက်ကျနေခဲ့တယ်။ ရေနံယိုဖိတ်တာကို ကိုင်တွယ်တာလည်းနှေးတယ်။ ပစ္စည်းကိရိယာမရှိလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့’ဟု ပြောရေးဆိုခွင့်ရှိသူ အရစ်စ်ယာ နဆူရှင်က ဆိုသည်။

နိုင်ငံပိုင်ရေနံထုတ်လုပ်ရေးလုပ်ငန်း ပါတာမီနာကတော့ ယခုယိုဖိတ်မှုမှာ ရေအောက်ရှိ ၎င်းကုမ္ပဏီပိုင် ရေနံပိုက်လိုင်းတစ်ခုမှ ယိုဖိတ်ခြင်းဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ လက်ရှိတွင် ရေနံမည်မျှ ပင်လယ်ထဲသို့ ယိုစိမ့်သွားခဲ့သည်ဆိုသည်ကို တွက်ချက်နေဆဲဖြစ်ကြောင်း သိရသည်။

မူလကတော့ ယခုယိုဖိတ်မှုမှာ ၎င်းတို့ကြောင့်မဟုတ်ကြောင်း၊ ရေထဲတွင် ပါဝင်နေသော ရေနံများကို စမ်းသပ်ကြည့်သောအခါ ပင်လယ်လောင်စာဆီများဖြစ်ကြောင်း၊ ပိုက်လိုင်းမှတစ်ဆင့် သယ်ပို့ပေးနေသော ရေနံစိမ်းများမဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

သို့သော် အကြိမ်ကြိမ် စမ်းသပ်ပြီးသည့်အခါတွင်တော့ ယိုဖိတ်နေသော ရေနံများမှာ ၎င်းတို့ထုတ်လုပ်ထားသော ရေနံများဖြစ်ကြောင်း အတည်ပြုခဲ့သည်။

‘ပါတာမီနာဟာ အစပိုင်မှာ လုံး၀ ဗြောင်ငြင်းခဲ့တာဟာ ရှက်စရာကောင်းပါတယ်။ အင်ဒိုနီးရှားရဲတပ်ဖွဲ့အနေနဲ့ ဒီယိုဖိတ်မှုဟာဘာကြောင့်ဖြစ်ရသလဲဆိုတာကို ဆက်လက်စုံစ်းဖို့ တောင်းဆိုပါတယ်’ ဟု Greenpeace ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

Source: CNN

LEAVE A REPLY

Please enter your comment!
Please enter your name here