နှစ်သစ်ဆီသို့ အားဖြည့်ချီစို့

46

မကြာမီ ကုန်ဆုံးလွန်မြောက်တော့မည့် ကောဇာသက္ကရာဇ် ၁၃၇၉ ခုနှစ်သည် မိမိတို့နိုင်ငံနှင့် အစိုးရအဖို့ လှမ်းတိုင်း မရောက်ခဲ့
သလို ပြည်သူမှာလည်း ထင်တိုင်း မပေါက်ခဲ့သော နှစ်ကာလတစ်ရပ်ဟု ကောက်ချက်ချ ရပေမည်။

ပြည်သူက တင်မြှောက်ခဲ့သော “ပြောင်းလဲချိန်တန်ပြီ” ဆောင်ပုဒ်ပိုင်ရှင် အစိုးရ၏ ဒုတိယမြောက် ယင်းသက်တမ်းကာလမှာ
မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့သော ရလဒ်များစွာရှိကြောင်းကို ပြည်သူ့ရှေ့မှောက် အချိန်နှင့်အမျှ ရောက်ရှိရိုက်ခတ်ခဲ့သောသတင်းလှိုင်းလုံးများ လည်ပြန်စောင်းငဲ့ကြည့်ရုံဖြင့် သိနိုင်သည်။

လေထုမှတစ်ဆင့် မိမိတို့ ကျန်းမာရေးအပေါ် ခြိမ်းခြောက်ပုတ်နှိုးခဲ့သော ကူးစက်မြန်ရာသီတုပ်ကွေး H1N1 ၏ အတွေ့အကြုံကိုလည်း
ရရှိခံစားလိုက်ရသေးသည်။ သခွပ်ပင်က မီးတကျည်ကျည်ဆိုသလိုလိုအစိုးရဖြုတ်ချရေး ကြွေးကြော်သံဟစ်၊ ဆိုင်းဘုတ်ထူလိုက်သေးသည့်သပိတ်စခန်းများနှင့် တိုးခဲ့ရဖူးသည်။

ဘာသာရေး ယုံကြည်မှု၊ မတူကွဲပြားမှုအပေါ် အခြေခံ၍ နိုင်ငံရေးအမြတ် ထုတ်သူများလက်ချက်ကလည်း မသေး။ ယင်းကြောင့် ပေါ်ပေါက်လာသည့် လူမျိုးရေးပဋိပက္ခ အဓိကရုဏ်းဘက်ဆီ အရောက်ပို့နေသော လှုံ့ဆော်မှုလေနီကြမ်းများ၏ ဒဏ်မှာလည်းကြံ့ကြံခံရင်ဆိုင်နေရဆဲ။

မိမိမြေ၌ စိုက်ပျိုးဖြစ်ထွန်းသော်လည်း တစ်ပါးနိုင်ငံဈေးကွက်ကိုသာ အဓိကအားကိုးပြုနေရသော မြန်မာ့သီးနှံများကြုံနေရသည့် ကျိန်စာကိုလည်း “ပဲ”ကဲ့သို့သော သီးနှံက သက်သေထင်ရှားပြခဲ့ပြန်၏။ အိန္ဒိယက ဝယ်ယူမှုပမာဏကို လျှော့ချလိုက်ခြင်းကြောင့်မှာလည်း ကျခဲ့ရသည့် တောင်သူတို့၏ မျက်ရည် နောင်နှစ်တွင် တိတ်မတိတ်မှာလည်း မသေချာသေး။

ဟိုမှသည်မှ သေနတ်သံများကလည်း မရပ်သေး၊ ယမ်းနဲ့ လှိုင်ဆဲ၊ မီးခိုးအူဆဲပါပေ။ ယင်းတို့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အစွန်းရောက် အကြမ်းဖက် ARSA အဖွဲ့က ရှို့သော မီးပွားကလည်း အရှိန်မသေသည့်အပြင် ဒေသတွင်းအရေး၊ ပြည်တွင်းကိစ္စမှသည် ကမ္ဘာ့စင်မြင့် ပေါ်သို့ပင် ရောက်ရှိသွားပြီး သမိုင်းတစ်လျှောက် အမြင့်မားဆုံးသော နိုင်ငံတကာဖိအားပေးမှုဒဏ်ကို အစိုးရရော ပြည်သူပါ လှိမ့်ပိန့်ခံနေရပြန်သည်။

အခြေအနေများသည် ပြန်လည်ထူထောင်စတိုင်းပြည်ကို B2P Business to Peace(စီးပွားရေးဖွံ့ဖြိုးမှုမှသည် ငြိမ်းချမ်းရေး) ဆီသို့ မရောက်စေဘဲ R2P Responsibility to Protect (လူသားချင်း
စာနာမှုအရ ဝင်ရောက်အကာအကွယ်ပေးရန် တာဝန်ရှိမှု)ဟူသောအချုပ်အခြာအာဏာဆိုင်ရာ ထိပါးနှောင့်ယှက် ခံရနိုင်သည့်လမ်း
သို့ပင် ရောက်ရှိမတတ်။

မည်သို့ပင်ရှိစေ လိုလားချက်မြင့်မားခဲ့သလို ယုံကြည်မှုလည်းမြဲခိုင်သည်ဟု ဆိုရမည့် ပြည်သူ၏ အားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ
ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပုံထားဆဲ။ သို့သော် သူတစ်ဦးတည်းသာ မှီခိုခံနေရသဖြင့်မနိုင်ဝန်ထမ်း၊ ကျယ်ကျယ်မလှမ်းနိုင်သည့်သဘော၌ရှိသည်။

သို့ဖြစ်ရာ နိုင်ငံတော်သမ္မတ အသစ် ဦးဝင်းမြင့် ဦးဆောင်သော အစိုးရအဖွဲ့နှင့် တပ်မတော်၊ လွှတ်တော်များတို့ ပူးပေါင်းပါဝင်ဖြေရှင်းမှု အားပိုကောင်းမှုရှိခြင်းမရှိခြင်းသည် တိုင်းပြည်ကြီးကြုံနေရသော
ဆိုးကျိုးနွံများထဲမှ ရုန်းထွက်၊ နိုးထနိုင်ရေးပေါ် တည်မှီနေသည်ဟု ဟင်္သာကထောက်ပြလိုသည်။

မကြာမီရောက်ရှိလာတော့မည့် ၁၃၈၀ ပြည့်နှစ်ကာလမှသည် (ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး၊ သူတော်ထုံးကို စွဲသုံးမြဲမြံ၊ လက်တွဲညီညီ၊ စီမံဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ခြွေရင်း တိုက်တွန်းနှိုးဆော်လိုရင်းဖြစ်သည်။

Written by အယ်ဒီတာ

LEAVE A REPLY

Please enter your comment!
Please enter your name here