Myanmar Now

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်ရှိ ဥယျာဉ်သာရွာမီးလောင်မှုမှာ ရွာထဲတွင် တပ်စွဲနေသည့် ရက္ခိုင့်တပ်တော်(AA) က ပစ်ခတ်သဖြင့် ပြန်ပစ်ရာမှ လက်နက်ကြီးကျည် ကျပြီး မီးလောင်ခြင်းဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ယနေ့(စက်တင်ဘာ ၅ ရက်) ပြောသည်။

ဥယျာဉ်သာရွာတွင် မနေ့ညက မီးလောင်ခဲ့ခြင်းဖြစ်ပြီး ရွာသားများမှာ စစ်ဘေးတိမ်းရှောင် နေခြင်းကြောင့် ယင်းရွာတွင် နေထိုင်သူမရှိကြောင်း ဒေသခံများက ဆိုသည်။

တိုက်ပွဲများကြောင့် ရွာလုံးကျွတ်နီးပါး စစ်ရှောင်နေကြရသည့် ဥယျာဉ်သာရွာတွင် ရွာသားများမရှိတော့ဘဲ ရခိုင်လက်နက်ကိုင်အဖွဲ့ AA က တပ်စွဲထားပြီး တပ်မတော်စစ်ကြောင်းများကို တိုက်ခိုက်နေကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက Myanmar Now ကို ပြောသည်။

“ သူတို့က(AA)ရွာထဲက စာသင်ကျောင်းတို့၊ ဘုန်းကြီးကျောင်းတို့ကနေပြီး ပစ်တယ်လေ၊ သူပစ်ကိုယ်ပစ် ပစ်တော့ ရွာလောင်တာပေါ့ဗျ ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

အဆိုပါရွာတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ သုံးရက်ခန့် ကြာမြင့်နေပြီး ယနေ့မှ ရွာကို သိမ်းနိုင်ခြင်းဖြစ်ကြောင်းနှင့် ဥယျာဉ်သာရွာတွင် တပ်မတော်စစ်ကြောင်းများ ဆက်လက်တပ်စွဲထားပြီး မိုင်းနှင့်နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသည်ဟု ၎င်းကပြောသည်။

သို့သော် AA ပြောခွင့်ရ ခိုင်သုခကမူ ထိုသတင်းကို ငြင်းလိုက်ပြီး ယမန်နေ့ ညနေပိုင်းက ဥယျာဉ်သာရွာတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသလို ၎င်းတို့တပ်ဖွဲ့ဝင်များလည်း အဆိုပါရွာအနီးတွင် မရှိကြောင်း ဆိုသည်။

လက်နက်ကြီးပစ်ခတ်သံများကို ဆက်တိုက်ကြားနေရကြောင်း ဒေသခံများထံမှ သိရပြီး ညနေ ၄ နာရီခန့်တွင် ဥယျာဉ်သာရွာ မီးလောင်နေသည်ကို အနီးအနားကျေးရွာများမှ မြင်တွေ့ရကြောင်း၊ တပ်မတော်စစ်ကြောင်းတချို့မှာ အဆိုပါရွာအနီးတွင် ရှိနေသည်ဟု ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းရွှေက ပြောသည်။

ဘူးသီးတောင်မြို့နယ် အရှေ့တောင်ဘက် ၁၀ မိုင်ခန့် အကွာတွင်ရှိသည့် စံဂိုးတောင်ကျေးရွာအုပ်စုတွင် ဥယျာဉ်သာ၊ စံဂိုးတောင်၊ နွားရုံတောင်၊ သျှစ်သျှားတောင်စသည့် ရခိုင်ရွာ လေးရွာနှင့် ဆင်သေပြင်၊ ဂေါင်းတိုက်စသည့် မူဆလင်ရွာ နှစ်ရွာရှိသည်။

စံဂိုးတောင်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာအားလုံးနီးပါးတွင် လူနေထိုင်ခြင်းမရှိဘဲ ရွာအချို့တွင် တပ်မတော်မှ တပ်စွဲထားသည်မှာ တစ်လခန့် ရှိပြီဟု ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းရွှေက ပြောသည်။

ယမန်နေ့ ညနေ ၄ နာရီခန့်က လက်နက်ကြီးပစ်ခတ်သံများကို ဆက်တိုက်ကြားရပြီးနောက် ဥယျာဉ်သာရွာမှ မီးခိုးများထွက်နေသည်ကို မြင်ရကြောင်း ဥယျာဉ်သာရွာနှင့် မလှမ်းမကမ်းတွင်ရှိသည့် ဖုံညိုလိပ်ရွာသား ဦးရာဖီးလ်က ပြောသည်။

ရခိုင်မြောက်ပိုင်းတိုက်ပွဲများကြောင့် ယခုနှစ် ဇန်နဝါရီလအတွင်းက ရွာလုံးကျွတ် စစ်ဘေးရှောင်ခဲ့ရသည့် ဘူးသီးတောင်မြို့နယ် ခမီတိုင်းရင်းသားများနေထိုင်ရာ အလည်ချောင်ရွာသည် ကျန်ခဲ့သည့်လက မီးရှို့ခံခဲ့ရသည်။

ရခိုင်မြောက်ပိုင်းတွင် တိုက်ပွဲများ စတင်ပြင်းထန်လာသည့် ၂၀၁၉ နှစ်ဆန်းပိုင်းမှ စတင်ပြီး ဘူးသီးတောင်မြို့နယ် အတွင်းရှိ ကျေးရွာတော်တော်များများမှာ စစ်ဘေးရှောင်နေရပြီး ရွာပေါင်း ၂၀ ခန့် စစ်ရှောင်နေရကြောင်း ဘူးသီးတောင်မြို့နယ် လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းကဆိုသည်။

စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး၏ သြဂုတ် ၁၉ ရက်နေ့ အချက်အလက်များအရ ရခိုင်မြောက်ပိုင်း မြို့နယ် ရှစ်မြို့နယ်တွင် စစ်ဘေးရှောင်အရေအတွက် ၆၁,၀၉၃ ခန့်အထိ ရှိနေသည်။

Leave a Reply