Advertisements

ခိုနူမ်းသုန်သတင်း၊ ၂၅ မတ်လ ၂၀၁၉။

By လားနွန်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် ကုလားတန်မြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်းကို ရခိုင်လက်နက်ကိုင် (AA) တပ်ဖွဲ့၏ တိုက်ခိုက်နှောင့်ယှက်မှုကြောင့် ယာယီရပ်ဆိုင်း ထားရသည်ဟု သိရသည်။

ပလက်ဝမြို့အနီးတွင် ဖြတ်သန်းစီးဆင်းနေသော ကုလားတန်မြစ်ပေါ်တွင် တည်ဆောက်နေသည့် မြစ်ကူး တံတားအတွက် အသုံးပြုရန် ရခိုင်ပြည်နယ် စစ်တွေမြို့မှတဆင့် တန်ချိန် ၃၀၀ နီးပါးခန့်ရှိသော သံပေါင်များတင်ဆောင်လာသည့် သင်္ဘောကို မတ်လ ၁၆ ရက်နေ့က (AA) တပ်ဖွဲ့က မီးရှို့ခဲ့မှုကြောင့် ယနေ့ချိန်ထိ လုပ်ငန်းများ ယာယီရပ်ဆိုင်းထားရသည်ဟု ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“အဲဒီသံပေါင်တွေကမီးလောင်သွားတယ် ၊ မီးလောင်ပြီးမီးဟပ်သွားတယ် ၊ ကျွန်တော်တို့ ဂျပန်ကဝယ်တာ ၊ အဲဒါကိုဂျပန်ပညာရှင်တွေခေါ်ပြီးမှ ပြန်ခိုင်မာမှုရှိမရှိ နဂိုထက်ကိုဘယ်လောက်စွမ်းအားကျသွားတယ်ဆိုတာကို ပြန်စိစစ်ဖို့လုပ်နေပါတယ် ၊ဘာလို့ဆိုတော့ မီးလောင်သွားတဲ့အတွက် ခံနိုင်ဝန်နည်းနည်းကျသွားနိုင်တယ် ၊ ဒါပေမဲ့ ဒီဟာကို ပြန်သုံးလို့ရတယ်ဆိုရင်လည်းလိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ပြီးမှသုံးရမှာပေါ့၊ လောလောဆယ် ခဏတော့ ရပ်နားထားတာပေါ့’’ ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

ထို့အပြင် တံတားတည်ဆောက်ရေးအတွက် နောက်ထပ်အသုံးပြုမည့် သံဘောင်များ သယ်ဆောင်မှုကိုလည်း ဆိုင်းငံ့ထားရသည်ဟု သိရသည်။

ကုလားတန်မြစ်ကူးတံတားသည် ချင်းပြည်နယ်တောင်ပိုင်းအတွက် အင်မတန်မှအရေးပါသည့် တံတားတစ်ခု ဖြစ်ပြီး ယခုကဲ့သို့ AA တပ်ဖွဲ့၏ ဖျက်ဆီးမှုကြောင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည့် ချင်းပြည်နယ်အတွက် အများကြီးနစ်နာသည်ဟု ခူမီးမီဒီယာမှ အယ်ဒီတာကိုပီတာလွယ်လူးကပြောသည်။

“ တကယ်တမ်းဆိုရင် ဒီတံတားက ကျွန်တော်တို့ ချင်းပြည်နယ်အတွင်းစီးခြားတဲ့ မြို့နယ်အချင်းချင်း ချိတ်ဆက်ထားတဲ့ အရေးပါတဲ့တံတားဖြစ်ပါတယ်၊ မြောက်ပိုင်းမှာကျတော့ မြို့နယ်တစ်ခုနှင့်တစ်ခုချိတ်ဆက်တဲ့ကားလမ်းတွေဖောက်ပြီးသွားပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီတောင်ပိုင်းမတူပီနှင့် ပလက်ဝမြို့ကိုချိတ်ထားတဲ့လမ်းထဲမှာအရေးပါတဲ့ တံတားဖြစ်တယ် ၊ဒီတံတားပြီးသွားမှပဲ ပလက်ဝနှင့် မတူပီလမ်းကပေါက်သွားမှာပေါ့နော်၊ ဒီလိုအရေးကြီးတဲ့တံတား တည်ဆောက် မယ့် ပစ္စည်းကိုသူတို့ဖျက်ဆီးလိုက်တယ်ဆိုတော့ စိတ်မကောင်းစရာပဲ ။
ဒေသအတွက်လည်း ဖွံ့ဖြိုးမှုတွေ နှောင့်နှေးစေမယ် ၊ တပ်မတော်တွေကိုသူတို့ တိုက်ခိုက်ချင်တယ် ဆန့်ကျင်ချင်တယ်ဆိုရင်တော့ တပ်မတော်ကိုပဲသူတို့ ပစ်မှတ်ထားပြီးတော့ သူတို့လုပ်ဆောင်သင့်တယ်လို့ ကျွန်တော်ပြောချင်တယ် ။ နောက်တစ်ခုကဒီချင်းပြည်နယ်ဖြစ်တဲ့အတွက် သူတို့ကပိုပြီးတော့ ဂရုစိုက်သင့်တယ်။ သူတို့လုပ်ချင်တယ် ဆိုရင်တော့ ရခိုင်ပြည်နယ်မှာလုပ်ပေါ့ ။ အခုကချင်းပြည်နယ်လုပ်တဲ့စီမံကိန်းတွေကနှောင့်နှေး ကုန်တာပေါ့နော်” ဟု ကိုပီတာလွယ်လူးကပြောသည်။

ကုလားတန်မြို့ကူးတံတားကို တံတားအထူးအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှ တာဝန်ယူတည်ဆောက်ကာ ကျပ်ငွေ ၂၇ ဘီလီယံအသုံးပြုနေပြီး ၅၇ ရာခိုင်နှုန်းကျော် တည်ဆောက်မှု ပြီးစီးနေပြီဖြစ်သည်။

လာမည့် ၂၀၂၀ ပြည့်နှစ် ချင်းအမျိူးသားနေ့တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြသော်လည်း ယခုကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားပါက တည်ဆောက်ရေးလုပ်ငန်းများဆက်လက်နှောင့်နှေးမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။

By လားနွန်

Advertisements
<

Leave a Reply