၂၅ မေ ၂၀၁၉

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ)က မီးရှို့ခဲ့သည့် ကုလားတန်မြစ်ကူးတံတား သံဘောင်များကို ဂျပန်နည်းပညာရှင်များက စစ်ဆေးကြည့်ရာ ပြန်လည်အသုံးပြု၍မရတော့ဘဲ အသစ်ပြန်လုပ်ရမည်ဟု တွေ့ရှိကြောင်း ချင်းပြည်နယ် အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

“မီးလောင်သွားတဲ့အတွက် ခံနိုင်ရည်ကျသွားတယ်။ ဂျပန်ပညာရှင်တွေ လာစစ်တဲ့အခါကျတော့ အပေါ်ယံကတော့ သုံးလို့ရမယ်ထင်လိုက်တာ၊ နောက်ပြန်ပြီးတော့ ဆေးသုတ်ပြီး ခေါက်ထည့်လို့ရှိရင် အဆင်ပြေမယ်လို့ထင်တယ်၊ သူတို့ ဓာတ်ခွဲစမ်းသပ်မှု လုပ်တဲ့အချိန်မှာ ခံနိုင်ဝန်က တအား ကျသွားတာ။ အဲဒါကြောင့် ဒီဟာကိုသုံးရင် ဒီတံတားက ရေရှည် ခိုင်မှာ မဟုတ်ဘူး၊ အဲဒါကြောင့် ဒါကို ပြန် ငြင်းပယ်ခံလိုက်ရတယ်။ အဲဒီအစား အသစ် ပြန်လုပ်ရမယ်”ဟု ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် တည်ဆောက်လျက်ရှိသည့် ကုလားတန်မြစ်ကူးတံတားအတွက် အသုံးပြုရန် ရန်ကုန်မြို့မှ သင်္ဘောဖြင့် တင်ဆောင်လာသော တံတားသံဘောင် တန်ချိန် (၃၀၀) နီးပါးကို ရခိုင်လက်နက်ကိုင်တပ်ဖွဲ့(အေအေ)က ပြီးခဲ့သည့် မတ်လ ၁၆ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ဒယင်းသံဘောင်များကို ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် JF3 ကုမ္ပဏီတို့က ဆက်စပ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး တံတားသံဘောင်နှင့် ဆက်စပ်ပစ္စည်းများ၏ ဆုံးရှုံးမှုတန်ဖိုး ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ ၃၂၇၃၆၀ နှင့် ညီမျှသော မြန်မာငွေကျပ် ၄၉၁၀၄၀၀၀၀ ခန့်ရှိသည်ဟု သိရသည်။

သို့သော်လည်း IKBZ အာမခံကုမ္ပဏီထံသို့ အာမခံထားရှိသည့်အတွက် သက်ဆိုင်ရာမှ လျော်ကြေးအချိန်မီရရှိ လာပါက မူလ သတ်မှတ်ထားသည့် ရှေ့ လာမည့် ၂၀၂၀ ခုနှစ် ချင်းအမျိုးသားနေ့တွင် ဖွင့်လှစ်နိုင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးကျော်လင်းက ပြောကြားခဲ့သည်။ မေလ (၁၇) ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သော အစိုးရ၏ တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ဆိုခဲ့ခြင်း ဖြစ်သည်။

By လားနွန် ၊ ခိုနူမ်းသုန်သတင်း

Leave a Reply