Advertisements

Myanmar Now

တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထားသည့်အတွက် လိုက်လံကယ်တင်ရာ ယနေ့ညနေအထိ စုစုပေါင်း ၁၄ ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း တပ်မတော်က ယနေ့(အောက်တိုဘာ ၂၇ ရက်) ထုတ်ပြန်သည်။

အားလုံးပေါ့ ရောရာ(အရပ်သား၊တပ်နှင့်ရဲတပ်ဖွဲ့ဝင်) အသေးစိတ်တော့ ပြောလို့မရနိုင်သေးဘူးဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက  ဆိုသည်။

AA ၏ပြန်လည် ပစ်ခတ်မှုကြောင့် တပ်မတော်ပို့ဆောင်ရေး ရဟတ်ယာဉ်မှာ ကျည်အချို့ထိမှန်ခဲ့ပြီး ရဟတ်ယာဉ်မှူး  ၁ ဦးမှာ ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း တပ်မတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၂၆ ရက်နေ့မနက်က စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ထွက်ခွာလာသည့် ရွှေနဒီအမြန်ရေယာဉ်ကို ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာအနီးတွင် AA အဖွဲ့ဝင်များက တားဆီးကာ တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနဝန်ထမ်း ဦးနှင့် အရပ်သား ၁၃ ဦး  စုစုပေါင်း ၅၈ ဦးကိုဖမ်းဆီးလိုက်သည်ဟု ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ထို့နောက် ဖမ်းဆီးထားသူများကို AA က စက်လှေသုံးစီးဖြင့် တခြားနေရာသို့ရွှေ့ပြောင်းနေစဉ် တပ်မတော်က ရဟတ်ယာဉ်များနှင့် လိုက်လံတိုက်ခိုက်ခဲ့သည့်အတွက် စက်လှေနှစ်စီးနစ်မြုပ်သွားပြီး AA တပ်ဖွဲ့ဝင်များရော ဖမ်းဆီးခံထားရသူများပါ အများအပြားသေဆုံးသွားသည်ဟု AA က ယနေ့ထုတ်ပြန်သည်။

တပ်မတော်က လိုက်လံတိုက်ခိုက်နေမှုကြောင့် ဖမ်းဆီးထားသူများထဲမှ ထွက်ပြေးလွတ်မြောက် သွားသူများရှိသလို ဆက်လက်ထိန်းသိမ်းထားသူများလည်း ရှိနေဆဲဖြစ်ပြီးအရေအတွက်အတိအကျကို မကြာခင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း AA ပြောခွင့်ရအရာရှိ ခိုင်သုခကဆိုသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည့်နေရာနှင့် အနီးအနားတွင်ရှိသည့် ရေမျက်ရွာမှာရသေ့တောင်မြို့၏ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ မယူမြစ်၏ အရှေ့ဘက်ကမ်းတွင်ရှိပြီး၎င်းရွာ၏ အနီးတွင် ရေဘုတ်ရွာနှင့် ကျောက်တန်းရွာတို့ရှိသည်။

ယနေ့မနက် ၁၁ နာရီခန့်မှစတင်ပြီး ရေဘုတ်ရွာ၊ ကျောက်တန်းရွာ အနီးတဝိုက်ရှိတောင်တန်းများကို တပ်မတော်မှ ရဟတ်ယာဉ်များနှင့် တိုက်ခိုက်နေသလို ဖမ်းဆီးမှုများလည်းရှိနေသည်ဟု ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ည နာရီခွဲခန့်တွင် ရေမျက်ရွာ၏ မြောက်ဘက် မိုင်အနည်းငယ်ခန့်အကွာတွင်ရှိသည့် ရေဘုတ်ရွာအတွင်းသို့ တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီး ရွာသားအများအပြားကို ဖမ်းဆီးထားခဲ့ကြောင်း ထို့နောက် ယနေ့မနက်တွင်အသက်ကြီးပိုင်းတချို့ကို ပြန်လွှတ်ပေးပြီးရွာသား ၁၀ ဦးကို ရွာအရှေ့ဘက်ရှိဘုန်းကြီးကျောင်းတွင် ဆက်လက်ဖမ်းဆီးထားကြောင်း ဦးခင်မောင်လတ်က ဆိုသည်။

ဖမ်းဆီးထားသူ ၁၀ ဦးမှာ ယနေ့နေ့လယ်ပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ၎င်းကဆက်လက်ပြောသည်။

ထို့အပြင် ရေဘုတ်ရွာနှင့် တစ်မိုင်ခန့်အကွာတွင်ရှိသည့် ကျောက်တန်းရွာမှ ရွာသား နှစ်ဦးကိုလည်း ယနေ့မနက် နာရီခန့်တွင် တပ်မတော်က ဖမ်းဆီးသွားကြောင်း ကျောက်တန်းရွာသား ဦးအေးမောင်က ပြောသည်။

ဖမ်းဆီးခံရသည့် ကျောက်တန်းရွာသားနှစ်ဦးမှာ ဦးအေးထွန်းတင်နှင့် ဦးမောင်အေးထွန်းတို့ဖြစ်ကြပြီး ယနေ့ ညနေပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဦးအေးမောင်ကပြောသည်။

ဖမ်းဆီးမှုဖြစ်ပွားခဲ့သည့် နေရာအနီးတဝိုက်ကို ယမန်နေ့ကတည်းကစတင်ပြီး တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း ရေမျက်ရွာနှင့် အနီးဝန်းကျင်ရွာများကိုရဟတ်ယာဉ်သုံး၍ တိုက်ခိုက်မှုများရှိသော်လည်း ဖမ်းဆီးစစ်ဆေးမှုများတော့လတ်တလောလုပ်ဆောင်နေခြင်း မရှိသေးကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက Myanmar Now ကိုပြောသည်။

ယနေ့မနက် ၁၁ နာရီခန့်မှ စတင်ပြီး နေ့လယ် နာရီကျော်အထိ ရေဘုတ်၊ ကျောက်တန်း စသည့် ရွာအနီးဝန်းကျင်ရှိ ဒီရေတောများနှင့် ကျောက်တန်းရွာအရှေ့ဘက်ရှိ မျောတောင်နှင့်လိုင်ဂွင်တောင်များ ပေါ်သို့ ရဟတ်ယာဉ်များနှင့် ပစ်ခတ်နေကြောင်း ရေဘုတ်ရွာနှင့်ကျောက်တန်းရွာ ဒေသခံများကပြောသည်။

AA ပြောခွင့်ရအရာရှိ ခိုင်သုခက အဆိုပါကျေးရွာများအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်မှ တစ်ဖက်သတ် ပစ်ခတ်နေခြင်းသာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုသည်။

ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်း၊ ရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်းများ AA ကမကြာခဏ လုပ်ဆောင်လေ့ရှိပြီး ယင်းသို့လုပ်ဆောင်ခြင်းမှာ တပ်မတော်က ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်ကာ တိုက်ခိုက်နေခြင်းနှင့် ရဲစခန်းများကို အမြှောက်စခန်းများအဖြစ် အသုံးပြုနေခြင်းကြောင့် ပြန်လည်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း AA ဘက်ကဆိုသည်။

ကျန်ခဲ့သည့် အောက်တိုဘာ ၁၁ ရက်ကလည်း  သင်တန်းကနေပြန်လာသည့် မီးသတ်တပ်ဖွဲ့ဝင်များ စီးနင်လာသည့်ကားကို AA က တားဆီးစစ်ဆေးပြီးနောက် မီးသတ်တပ်ဖွဲ့ဝင် ၁၉ဦးနှင့် ခရီးသည် ၁၂ ဦးတို့ကိုဖမ်းဆီးသွားခဲ့ပြီး ယနေ့အထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပေ။

Advertisements
<

Leave a Reply