Advertisements

၃ ဇွန် ၂၀၁၉

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ – အေအေက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားသည့် ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာသူ ရွာသား ၅၂ ဦးမှာ မိသားစုဝင်များနှင့် ယနေ့ချိန်ထိ အဆက်အသွယ်မရရှိသည့်အတွက် စိုးရိမ်ပူပန်နေကြပြီး အမြန်ဆုံးပြန်လွှတ်ပေးရန် ချင်းလူအခွင့်အရေးအဖွဲ့ (CHRO) က တောင်းဆိုသည်။

အမျိုးသမီး ၃၃ ဦး၊ ကျောင်းနေကလေးသူငယ်ပေါင်း ၁၇ ဦးနှင့် မိန်းကလေးငယ် ၉ ဦး ပါရှိကြောင်း သိရသည်။

Advertisements
data-language="en"

အေအေက ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ လေးလကျော် ကြာမြင့်နေပြီဖြစ်ပြီး ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးသင့်သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ Field Director ကိုတေရ (Terah) ကပြောသည်။

“သူတို့ကအပြစ်မဲ့ပြည်သူတွေပါ၊ ဘာဖြစ်လို့ အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပြီး အဲဒီလို လုပ်သလဲ၊ အဲဒီ အခုဖမ်းတဲ့အထဲမှာ ကျောင်းနေကလေးတွေက ၁၇ ယောက်ရှိတယ် ၊ သူတို့အတွက်လည်း အခုကျောင်းဖွင့်နေပြီ ၊ သူတို့အဲဒီလိုကျောင်းမတက်နိုင်ဘူး၊ သူတို့ဖမ်းထားလို့ရှိရင် ကလေးတွေရဲ့အနာဂတ်ကိုလည်းပဲ သူတို့ဖျက်ဆီးရာရောက်တယ်၊ ဖြစ်နိုင်ရင်တော့ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးဖို့ ကျနော်တို့အနေနဲ့ တောင်းဆိုပါတယ်’’ ဟု ကိုတေရက ပြောသည်။

အေအေတပ်ဖွဲ့များသည် လွန်ခဲ့သော လေးလကျော်က ကင်းတလင်းရွာသို့ ရောက်လာကြပြီး ရွာသားများကို ဘုရားကျောင်းတွင်လူစုစေခဲ့ကြောင်း၊ မြန်မာ့တပ်မတော်က ဗုံးကျဲတိုက်ခိုက်မည့်အတွက် ၎င်းတို့နောက်သို့ လိုက်ရန် ပြောဆိုကြောင်း၊ ရွာသားများက ငြင်းဆန်ကြသော်လည်း ဆယ်အိမ်မှူးကို ထိုးကြိတ်ရိုက်နှက်ကာ ရွာသား ၅၄ ဦးကို ဘင်္ဂလားဒေရှ့် နယ်စပ်ဘက်သို့ ခြိမ်းခြောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း CHRO က ဆိုသည်။

မိသားစုဝင် ခြောက်ဦးနှင့် ခွဲခွာနေရသူ ကင်းတလင်းကျေးရွာ မူလတန်းကျောင်းမှ အထွေထွေလုပ်သား ဦးကံအောင်က “ကျွန်တော့် မိန်းမနဲ့ သမီး ခြောက်ယောက်လည်း သူတို့ဖမ်းတဲ့ထဲမှာ ပါတယ်၊ AA အဖွဲ့လာဖမ်းတဲ့အခါမှာ ကျွန်တော်က အလုပ်ကိစ္စနဲ့ ခရီးသွားတဲ့အခါမှာ ဖြစ်တယ်၊ ဆိုတော့ ကျွန်တော်စိတ်နာတယ်။ ကျွန်တော်က ဝမ်းနည်းလွန်းလို့ ဦးနှောက်တောင်မှ သိပ် မမှန်တော့ဘူး၊ သူတို့ ဖမ်းဆီးခေါ်ဆောင်သွားတာ လေးလတောင်ရှိပြီ ၊ အဆက်အသွယ်လဲမရှိဘူးဆိုတော့ ကျွန်တော့်မိသားစုအတွက် ကျွန်တော် အလွန် စိုးရိမ်ပြီး ဝမ်းနည်းနေရတယ်” ဟု ပြောဆိုကြောင်း CHRO ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်နယ်စပ် အေအေတပ်စခန်းတစ်နေရာတွင် ထိန်းသိမ်းထားဆဲဟု သိရပြီး စခန်းအပြင်ဖက်သို့ သွားလာခြင်း လုံးဝ တားမြစ်ပိတ်ပင်ခံနေရသည်ဟု CHRO က ဆိုသည်။

By လားနွန်၊ ခိုနူမ်းသုန်သတင်း

Leave a Reply