သတင်းနှင့် မီဒီယာ ကွန်ရက်

၂၀၁၉ မေ ၇

မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့မှ အကျဉ်းကျခံနေရသူ နှစ်ဦး နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသည့် သတင်းသမားနှစ်ဦး နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့် မေလ ၇ ရက်တွင် လွတ်မြောက်လာသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA တွင် လက်မှတ်ရေးထိုးထားသည့် ABSDF – မြောက်ပိုင်းမှ ဒု-ဥက္ကဋ္ဌ ဦးအောင်ဆွေဦး၊ ဗိုလ်မောင်ဦးတို့ကို မိုးညှင်းခရိုင်တရားရုံးက မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး မိုးညှင်းအကျဉ်းထောင်တွင် ကျခံနေရသည်။

“ဟုတ်ပါတယ်၊ နှစ်ယောက်လုံးပါ၊ ရဲဘော်အောင်ဆွေဦးရော၊ ရဲဘော်မောင်ဦးရောပါ၊ ဒီနေ့လွတ်လာပြီ” ဟု ABSDF ဥက္ကဋ္ဌ ဦးသံခဲက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က မိုးညှင်းမြို့တွင် ABSDF-NB မှ စစ်ဒေသကော်မတီ ဗဟိုကော်မတီဝင်ဖြစ် သည့် ရဲဘော်နိုင်ထွန်းထွန်း (ခ) ဦးပေါက်ကွေး ကွယ်လွန်သွားသည့်အတွက် ABSDF ၏ စည်းစနစ်ထုံးစံနှင့် အညီ ပြန်တမ်းဖတ်ကြားရမည်ဖြစ်သည့်အတွက် သွားရောက်သြင်္ဂိုဟ်ခဲ့ရာ မိုးညှင်းမြို့တွင် အဖမ်းခံခဲ့ရခြင်း ဖြစ် သည်။

ယခုကဲ့သို့ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ABSDF အဖွဲ့ဝင်ကို လွတ်ငြိမ်းခွင့် ပြုပေးသည့်အပေါ် နိုင်ငံတော်သမ္မတနှင့်တကွ လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြပေးကြသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ အစိုးရတာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန် ရှိသူများအားလုံးကို အထူးကျေးဇူးတင်သည်ဟု ဦးသံခဲက ပြောသည်။

“ကျနော်တို့ ရဲဘော်တွေ ၁၇/၁ ဆိုတဲ့ မတရားအသင်းဆက်သွယ်မှုဆိုတဲ့ ပုဒ်မနဲ့ စွပ်စွဲပြီးတော့မှ ထောင်ဒဏ် အကျခံရတာဖြစ်ပါတယ်။ ဒီအပေါ်မှာ ဒါက ကျနော်တို့ ရဲဘော်တွေအတွက် မထိုက်တန်တဲ့ ဆုံးဖြတ်ချက်လို့ အစကတည်းက တင်ပြခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ကျနော်တို့ ABSDF တပ်ဖွဲ့ ဝင်တွေ ကို မတရားအသင်းစွပ်စွဲခံရတာဟာ ဒါက ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလိုစွပ်စွဲမှုတွေဟာ နောက် နောင်မဖြစ်ဖို့လည်း လိုအပ်တယ်လို့လည်း သတိချပ်စေချင်ပါတယ်” ဟု ဦးသံခဲက ပြောသည်။

“ဒါမှသာလျှင် ကျနော်တို့အခု အားလုံးဝိုင်းဝန်းကြိုးပမ်းနေကြတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အတွက် တစ်ယောက်နဲ့တစ်ယောက် ကြားမှာ ယုံကြည်မှုတွေခိုင်မာပြီးတော့မှ တာဝန်ခံမှု၊ တာဝန်ယူမှုတွေအပေါ်မှာ တစ်နည်းအားဖြင့် ပြောရရင် အထောက်အကူပြုလိမ့်မယ်လို့ ကျနော်ယူဆပါတယ်။ ဒါကြောင့် ဒီလွတ်မြောက်မှုကို ကျနော်ကြိုဆိုပါတယ်။”

ထို့အပြင် အင်းစိန်ထောင်မှ ပြန်လွှတ်လာသူများထဲတွင်လည်း Reurers သတင်းဌာနမှ သတင်းထောက် နှစ်ဦးဖြစ်သည့် ကိုသက်မောင်ဦး (ခေါ်) ကိုဝလုံးနှင့် ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့လည်း ပါဝင်သည်။

လွတ်မြောက်လာသူ ကိုဝလုံးက “ကျနော့်ကို ထောင်ထဲမှာ ကူညီပေးခဲ့တဲ့သူတွေနဲ့ ဒီကမ္ဘာအရပ်အရပ်ကနေ ကျနော်တို့လွတ်မြောက်ဖို့အတွက် ဆုတောင်းပေးနေတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော် အရမ်းဝမ်းသာတယ်။ မိသားစုနဲ့ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ရတော့မှာဖြစ်တဲ့အတွက် အရမ်း စိတ်လှုပ်ရှားနေပါတယ်။ ကျနော်ရဲ့ သတင်းခန်းထဲ ပြန်ရောက်ဖို့တောင် မစောင့်နိုင်တော့ဘူး” ဟု အင်းစိန် ထောင်ရှေ့တွင် သတင်းထောက်များကို အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုခဲ့သည်။

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနှင့် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ထောင်ဒဏ် ၇ နှစ်ချမှတ် ခံထားရတာဖြစ်ပြီး တရားရုံးချုပ်အထိ အယူခံဝင်ခဲ့ရာ ပယ်ချခြင်းခံထားရသူများဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ရဲတပ်ဖွဲ့ဝင်များဘက်က ချိန်းဆိုမှုကြောင့် သွာေးရာက်တွေ့ ဆုံစဉ် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ဖြစ်စဉ်များနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် ၂၀၁၇ ဒီဇင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ ၊ ထောက်ကြန့်နယ်မြေ ရဲစခန်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အကျဉ်းထောင်စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်း သူ/သား စုစုပေါင်း ၆၅၂၀ ဦး ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းမျဉ်းစည်းကမ်း ချမှတ်မထားဘဲ မေ ၈ ရက်တွင် နိုင်ငံတော်သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အနေဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်းအေး ချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချောမွေ့အောင်မြင်စေရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အထောက်အကူပြုစေရန်အတွက် လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြစ်သည်ဟု အမိန့်စာထုတ် ပြန်ရာတွင် ဖော်ပြထားသည်။

Leave a Reply