News Federal Times

ရန်ကုန်၊ မေ(၂)ရက် ။       ။ ၂၀၁၇ ခုနှစ် ဧပြီလတွင် Jovago မှ အခန်းငှားဝန်ဆောင်မှုရယူသူများတွင် အခြားခရီးသွား ဒေသများထက် ချောင်းသာကမ်းခြေနှင့် ဘားအံဒေသများသို့ ဝန်ဆောင်မှု ရယူသူပိုမိုများပြားခဲ့ကြောင်း ပြင်သစ်အခြေစိုက် အွန်လိုင်း ဟိုတယ် အငှားဝန်ဆောင်မှု လုပ်ငန်း Jovago ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
Jovago ဝက်ဆိုက်ဒ်၏ အချက်လက်များအရ ဘားအံဒေသသို့ ဟိုတယ်ဘွတ်ကင်ပြုလုပ်သူ (၂၉)ရာခိုင်နှုန်း၊ ချောင်းသာကမ်းခြေသို့ (၁၇)ရာခိုင်နှုန်း၊ ပုဂံဒေသသို့ (၁၁)ရာခိုင်နှုန်း၊ ရန်ကုန်မြို့သို့(၉)ရာခိုင်နှုန်း၊ မန္တလေးသို့ (၉)ရာခိုင်နှုန်း၊ ကလောသို့ (၈)ရာခိုင်နှုန်း၊ ပြင်ဦးလွင်သို့ (၅)ရာခိုင်နှုန်း၊ ငွေဆောင်ကမ်းခြေသို့ (၅)ရာခိုင်နှုန်း၊ မြိတ်သို့ (၃)ရာခိုင်နှုန်းနှင့် ထားဝယ်သို့ (၄)ရာခိုင်နှုန်းရှိကြောင်း သိရသည်။


“ဧပြီလကတော့ သင်္ကြန်ရုံးပိတ်ရက်လည်းရှိတော့ သာမာန်အချိန်ထက် ခရီးသွားပိုများတယ်။ အားလုံးထဲမှာ ဘားအံနဲ့ ချောင်းသာတို့က အမေးများဆုံးနဲ့ ဘွတ်ကင်တင်တာ အများဆုံးဒေသတွေပါ။ Jovago ဝက်ဆိုက်ဒ်မှာတော့ ခရီးသွားတွေက ဈေးသက်သာတဲ့ ဟိုတယ်၊ မိုတယ်တွေနဲ့ တည်းခိုခန်းတွေကိုပဲ ရွေးချယ် ဘွတ်ကင်လုပ်ကြတာများပါတယ်။”ဟု Jovago.com.mm မှ Public Relation Manager မနန်းစုနှင်းထွေး  က ပြောသည်။
ကရင်ပြည်နယ်၊ ဘားအံဒေသသည် တောင်ဝိုင်းတောင်၊ ကျောက်ကလပ်၊ ရွှေရင်မျှော်ဘုရား၊ ဘုရင့်ညီဂူ၊ ကော့ကွန်းဂူ၊ ဆန္ဒန်ဂူ၊ ညဈေးတန်းစသည့် လည်ပတ်စရာနေရာများနှင့် သာယာလှပသည့် ရူခင်းများကြောင့် ခရီးသွားဝင်ရောက်မှုများပြားလာပြီး မြန်မာနိုင်ငံရှိ ခရီးသွားရန် အကောင်းဆုံးမြို့များစာရင်းတွင် ပါဝင်လာခြင်း ဖြစ်သည်။
Jovago သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့ပေါင်း(၅၀)ကျော်မှ ဟိုတယ်ပေါင်း(၉၀၀) ကျော်ဖြင့် ချိတ်ဆက်ကာ ဟိုတယ်အငှားဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသည့် ဝက်ဆိုဒ်တစ်ခုဖြစ်ကြောင်း သိရသည်။

Written by : ကြယ်စင်လင်း (မြစ်မခ)

Leave a Reply