မော်လမြိုင်၊ ဧပြီ ။        ။ မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ဧပြီလ ၁ ရက်မှ သင်္ကြန်ကာလအတွင်းထိ ဖမ်းဆီးရမိသည့် စည်းကမ်းမဲ့ယာဉ် ၅၀ဝ ကျော်ကို တရားရုံးဖွင့်လှစ်သည့် နေ့ရက်၌ တရားစွဲဆိုမည်ဖြစ်ကြောင်း မွန်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ် (၁၂) ဒုတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကျော်သူက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

မြို့နယ် ၁၀ မြို့နယ်တွင် သင်္ကြန်ကာလအတွင်း၌ စည်းကမ်းမဲ့ မော်တော်ဆိုင်ကယ် ၃၃ စီးကို ဖမ်းဆီးထားပြီး ဧပြီ ၁ ရက်မှ ၁၂ ရက်ထိ သတ်မှတ်စည်းကမ်းချက်များအား လိုက်နာမှုမရှိသည့် ကားနှင့် ဆိုင်ကယ်အပါဝင် ယာဉ် ၄၇၈ စီးကို ဖမ်းဆီးထားကြောင်း ၎င်းက ဆိုသည်။

“သာမန် အုပ်ထုပ်မဆောင်းတာ ယာဉ်မောင်းလိုင်စင် မပါတာတွေကိုတော့ ချလံဖြတ်ပေးပြီး ဆိုင်ကယ်ကို ပြန်ပေးလိုက်တယ်၊ အိပ်ဇောတွေကို ပြုပြင်ပြောင်းလဲပြီး အသံကျယ်လောင်စွာမောင်းတဲ့ဆိုင်ကယ်တွေ၊ ဟွန်းအသံစုံတီးပြီး ယိုးဒယားနံပါတ်ပြားတပ်ထားတဲ့ ဆိုင်ကယ်တွေကိုတော့ သိမ်းထားပါတယ်”ဟု ရဲမှူးကျော်သူက ပြောသည်။

သင်္ကြန်ပြီးကာလ နောက်ပိုင်းတွင် ယာဉ်များစည်းကမ်း လိုက်နာမှုနှင့် ပတ်သက်၍ ပညာပေးကာလအနေဖြင့် ပြုလုပ်ဆောင်ရွက်တော့မည် မဟုတ်ဘဲ ဥပဒေအတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှုကြောင့် ကျိုက်ထိုမြို့နယ်တွင် သုံးမှု၊ ဘီလင်းမြို့နယ်တွင် ငါးမှု၊ မော်လမြိုင်မြို့နယ်တွင် လေးမှု၊ ကျိုက်မရောမြို့နယ်တွင် နှစ်မှု၊ မုဒုံမြို့နယ်တွင် နှစ်မှု၊ သံဖြူဇရပ်မြို့နယ်တွင် သုံးမှု၊ သထုံမြို့၊ ပေါင်မြို့၊ ချောင်းဆုံမြို့နယ်တို့တွင်  တစ်မှုစီနှင့် ရေးမြို့နယ်တို့တွင် အမှုဖွင့် အရေးယူထားသော အမှုမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှုကြောင့် ၄၆ ဦး ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား ကိုးဦး၊ အမျိုးသမီး သုံးဦးသေဆုံးခဲ့ကြောင်း မွန်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ် (၁၂) ဒုတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

Written by – ခေတ်မင်း

Leave a Reply