News Federal Times

ပဲခူး၊ မေ ၃၀ ။        ။ ပဲခူးတိုင်းဒေသကြီးအတွင်း နယ်မြေ နယ်နိမိတ် မသတ်မှတ်ရသေးသည့် မြို့နယ် (၁၇)မြို့နယ်အား ဖေဖော်ဝါရီလမှ စတင်၍ နယ်နိမိတ်တိုင်းထွာလျက်ရှိရာ (၅၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီး၍ မြို့နယ်နိမိတ် မတိုင်းထွာရသေးသောမြို့များနှင့်ယခင်အစိုးရလက်ထက်က ကျေးရွာအဆင့်မှ မြို့အဖြစ်သို့ သတ်မှတ်ခံရသော မြို့များအား မြို့နယ်နိမိတ် အပြီးသတ်မှတ်တိုင်းထွာခြင်းကို မေလအတွင်း အပြီးအစီး လုပ်ဆောင်ရန် သတ်မှတ်ထားသော်လည်း ဝန်ထမ်းအင်အား မလုံလောက်ခြင်းကြောင့် လုပ်ငန်း ထက်ဝက်ခန့်သာ ပြီးစီးထားကြောင်း သိရသည်။


“မြို့အဖြစ်သတ်မှတ်ထားပေမယ့် မြို့မြေနယ်နိမိတ်မတိုင်းတာရသေးတဲ့မြို့တွေကို တိုင်းဒေသကြီးအစိုးရရဲ့အစီ အစဉ်နဲ့ စနစ်တကျပြန်လည်တိုင်းထွာသတ်မှတ်နေတာပါ။ သက်ဆိုင်ရာထွေအုပ်ဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင် ရွက်နေတာပါ။ မြို့မြေဖြစ်မှ နေအိမ်အဆောက်အဦးတွေအတွက် ဂရမ်ထုတ်ပေးလို့ရမှာပါ။ ရှိတဲ့ဝန်ထမ်း အင်အားနည်းတော့ သတ်မှတ်ကာလအတွင်းမှာ မပြီးပြတ်နိုင်ခဲ့ပါဘူး။ ရပ်ကွက်နေပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမှ မြန်မြန်ဆန်ဆန်ပြီးမှာပါ။”ဟု ပဲခူးတိုင်းဒေသကြီး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းကိုကိုက ပြောသည်။
လယ်မြေ၊ ကိုင်းမြေ၊ စားကျက်မြေ၊ ပလပ်မြေ၊ မြေလွတ်၊ မြေရိုင်း၊ လူနေအဆောက်အဦး၊ မြေကွက်ဧရိယာများ ကို တိကျသောနယ်နိမိတ်သတ်မှတ်ပေးနိုင်မှ ပြည်သူလူထု၏ လုံခြုံရေးအား အာမခံချက်ရှိရန်၊ ပြဿနာမဖြစ် စေရန်နှင့် ခိုင်မာမှုရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply