Advertisements

နိုဝင်ဘာ ၂၃ ၊ ၂၀၁၇။

အာရှလမ်းမသစ် အဆင့် မြှင့်တင်ခြင်း စီမံကိန်း အတွက် ကျောက်ကျင်းရေ တစ်သိန်းကျော် ထုတ်လုပ်ရန် လျာထားသည့် ကရင်ပြည်နယ် အိန္ဒုတိုက်နယ် တွင်းရှိ လွန်းညတောင် ကျောက်ထုတ် စီမံကိန်းအား ကန့်ကွက်ကြောင်းနှင့် ဥပဒေနှင့် အညီ အရေးယူ တားမြစ် ပိတ်သိမ်းရန် နိုဝင်ဘာ ၂၂ ရက်နေ့တွင် ဒေသခံ ၂၀၀ ကျော်က ဘားအံမြို့ရှိ သံလွင် ပါရာဒိုက် ဟိုတယ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ခဲ့ကြသည်။

“ဒီလွန်းည တောင်က တောပြုန်းလို့တောင်ဘဲ ကျန်တော့တယ်၊ စားသောက်စရာ အသီးအနှံ အတွက်နဲ့ တောတိရိစ္ဆာန် တွေလည်း ဒီတောင်ကို မှီခိုပြီး နေနေ ကြတာဖြစ်တယ် ၊ အခုက အဖွဲ့ကြီး အဖွဲ့ငယ်တွေနဲ့ ကျောက်ကို ထုတ်ကြမယ် တောင်ကို ဖြိုမယ် ဆိုတော့ လုပ်တယ်၊ ဒါကို နိုင်ငံတော် မှာလည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်တွေ ဆိုတာ ရှိတဲ့ အတွက် သူတို့လည်း ထိန်းသိမ်း သင့်ပါတယ်” ဟု လွန်းည ကျေးရွာ သား စောလှငွေက ပြောဆိုသည်။

ထို့ပြင် ခရီးသွား ဧည့်သည် များအား ဆွဲဆောင်သည့် နေရာ တစ်ခု ဖြစ်သည့် ကရင်ပြည်နယ်၏ အထင်ကရ ရေပြာအိုင် တစ်ခု ဖြစ်သော “လွန်းည” ရေပြာအိုင် သည်သည်း ဤကျေးရွာတွင် တည်ရှိနေသောကြောင့် ကျောက်ထုတ် လုပ်ငန်း များကြောင့် ဤရေပြာအိုင် ပျက်စီး သွားမည်ကိုလည်း ဒေသခံများ စိုးရိမ် နေကြသည်။

အိန္ဒု/ ကော့ကရိတ် အာရှ လမ်းမသစ် အဆင့် မြှင့်တင်ခြင်း စီမံကိန်း အတွက် လမ်းခင်းကျောက်များ ထုတ်လုပ်ရန် ချစ်လင်းမြိုင် တိုရိုတာ ကုမ္ပဏီ နှင့် လုပ်ကွက်စား ကျောက်မိုင်းငယ် များမှ ကျောက်မိုင်းခွဲ ထုတ်လုပ် နေမှုကြောင့် လွန်းည တောင်ခြေ အနီးရှိ ဒေသများက စီမံကိန်းကို ကန့်ကွက်ကြောင်း သတင်းမီဒီယာ ရှင်းလင်းပွဲနှင့် ပြည်နယ် အစိုးထံ ကန့်ကွက် လက်မှတ်နှင့် အရေးယူ ပိတ်သိမ်းပေးရန် တောင်းဆို သွားမည့် အကြောင်း ရှင်းလင်း တင်ပြ ခဲ့ခြင်း ဖြစ်သည်။

ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး မျိုးမင်းထွန်းက “ဒီကျောက်ထုတ်တဲ့ လွန်းညတောင် ကျောက်မိုင်း ထုတ်လုပ်ခွင့်က လိုင်စင် ချထားတဲ့ လုပ်ငန်းရှင်က လုပ်တာပါ။ တရားဝင် ကျောက်ထုတ်ခွင့် ရထား သူပါ။ အခုလို ဒေသ ခံတွေ ကျောက်မိုင်းကို ကန့်ကွက်တယ်၊ မီဒီယာ ရှင်းလင်းပွဲ လုပ်တယ်၊ တောင်ခြေမှာ သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်မှု့ ဖြစ်တယ် ဆိုတဲ့ ကိစ္စ တွေကတော့ ကျနော်တို့ ပြန်လည် စီစစ် လုပ်ဆောင် သွားမှာပါ ” ဟု ၎င်းက ဒေသခံများ၏ ပြောကြားချက် များအား တုံ့ပြန် ပြောကြား ခဲ့သည်။

ADB ဘဏ် ချေးငွေ ဖြင့် ဖောက်လုပ် နေသော အိန္ဒု /ကော့ကရိတ် အာရှလမ်းမ အဆင့်မြှင့်တင်ခြင်း စီမံကိန်း အကောင်အထည်ဖော် ဖောက်လုပ်ရန်အတွက် (CRBC) China Road and Bridge Corporation နှင့် ချစ်လင်းမြိုင် ကုမ္ပဏီနှင့် ပူးပေါင်းကာ ကျောက်ထုတ်လုပ် ခြင်းကို ၂၀၁၇ နှစ်ဆန်း ခန့်တွင် စတင် လုပ်ကိုင် ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ လတွင် ထိုကုမ္ပဏီ တာဝန်ရှိသူများမှ ကျေးရွာ ဒေသဖွံဖြိုးရေး ရန်ပုံငွေ အဖြစ် ကျောက်တစ်ကျင်းကို ၂၀၀၀ ကျပ်နုန်းဖြင့် ရန်ပုံငွေ ပေးဆောင်ရန် အတွက် သဘောတူသည့် ကျေးရွာသား များနှင့် ကတိကဝတ် ပြုထားခဲ့ခြင်းများ ရှိကြောင်းလည်း ကန့်ကွက်သူများက ထောက်ပြ ပြောဆိုသည်။

လွန်းညတောင်တွင် ၂၀၀၇ ခုနှစ် ကတည်းက တစ်နိုင်တစ်ပိုင် ကျောက်ထုတ် လုပ်ငန်းများကို လုပ်ကိုင် လာကြပြီး ၂၀၁၂ ခုနှစ်တွင် အန္ဒိယ ကုမ္ပဏီ တစ်ခုမှ ဘိလပ်မြေ စက်ရုံ တည်ဆောက်ရန် ကမ်းလှမ်းခဲ့မှုအား ရွာသားများက ကန့်ကွက် ခဲ့ကြသည်။

ထို့ပြင် ၂၀၁၆ ခုနှစ်တွင် နော်တယာ ကုမ္ပဏီမှ ထိုလွန်းည တောင်အား ကျောက်ထုတ် လုပ်ငန်း လုပ်ကိုင်ရန် အတွက် လာရောက် ညှိနှိုင်း ခဲ့သော်လည်း မအောင်မြင် ခဲ့ပဲ ၂၀၁၇ နှစ်ဆန်း ၌မူ နယ်ခြားစောင့် တပ်နှင့် ဆက်စပ်သော ချစ်လင်းမြိုင် တိုယိုတာ ကုမ္ပဏီမှ ကျောက်မိုင်းထုတ်ခြင်း လုပ်ငန်းကို ယခုအထိ လုပ်ကိုင် ခဲ့သည်။

Written by – ရာဟု (ဘားအံ)

Advertisements
<

Leave a Reply