မော်လမြိုင်၊ ဧပြီ ။     ။မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်ကို ဆက်သွယ်ထားသည့် ဗိုလ်ချုပ်အောင်ဆန်းတံတားသည် ၉၉ ဒဿမ ၅ ရာခိုင်နှုန်း ပြီးစီးသွားသော်လည်း ဖွင့်လှစ်မည့်ရက် မသတ်မှတ်ရသေးကြောင်း တံတားစီမံကိန်းတာဝန်ခံ ညွန်ကြားရေးမှူး ဦးသိန်းမြင့်မွန်က ပြောကြားသည်။

“ဖွင့်မယ့်အချိန်ကို ကျွန်တော်တို့လည်း အတိအကျ မသိရသေးဘူး၊ ပြည်ထောင်စုက ဖွင့်လှစ်မယ့်ရက်ကို သတ်မှတ်ပေးမှာဖြစ်တယ်၊ မကြာမှီ ဖွင့်နိုင်မယ်လို့လည်း ယုံကြတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဗိုလ်ချုပ်အောင်ဆန်းတံတားကို ဝန်အလေးချိန် စမ်းသပ်သည့် လုပ်ငန်းနှင့် လျှပ်စစ်မီး တပ်ဆင်သည့် လုပ်ငန်းသာ ကျန်ရှိတော့ကြောင်း ၎င်းက ပြောသည်။

တံတား ဝန်အလေးချိန် စမ်းသပ်သည့် လုပ်ငန်းကို ဧပြီနောက်ဆုံးအပတ်တွင် တံတားစစ်ဆေးရေးအဖွဲ့များနှင့် သက်ဆိုင်ရာ ဌာနများက ပူးပေါင်း စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းတံတားကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီတွင် စတင်တည်ဆောက်ခဲ့ကာ တံတား အမျိုးအစားသည် သံမဏိသံပေါင် ကုန်းတံတား အမျိုးအစားဖြစ်ပြီး၊ ကျပ် ဘီလီယံ ၆၀ ကျော်ကုန်ကျခံ တည်ဆောက်ထားကြောင်း ၎င်းက ပြောကြားသည်။

မတ် ၁၄ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်းချမ်းက သံလွင်တံတား (ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်း တံတားအဖြစ် သတ်မှတ်ပေးရန် အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် သတ်မှတ်ခဲ့သည်။

ယင်းအပြင် ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ကို ဖေဖော်ဝါရီ ၁၃ ရက်က ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် အမည်ပေး သတ်မှတ်ခဲ့ကြောင်း ပြည်ထောင်စု ဆောက်လုပ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူများက မီဒီယာများကို ပြောဆိုထားသည်။

ဗိုလ်မြို့ချုပ်အောင်ဆန်းတံတားအမည် ပေးသည့်ကိစ္စနှင့် ပတ်သက်ပြီး မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်တို့တွင် ဒေသခံများက မှုလတံတားအမည် ပြောင်းလဲသတ်မှတ်ပေးရန် နှစ်ကြိမ်တိုင်တိုင် ဆန္ဒပြတောင်းဆိုခဲ့သည်။

အဆိုပါ တံတားအရှည်မှာ ၅၂၀၃ ပေရှိပြီး၊ မုပွန်ဘက်ကမ်း ချဉ်းကပ်တံတားအရှည်  ၆၈၉ ပေ၊ ကညှော်ဘက် ချဉ်းကပ် တံတားအရှည် ၂၇၅၆ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ် တစ်ဘက် ၃ ပေ ၃ လက်မရှိပြီး၊ တံတားသည် မော်တော်ယာဉ်တစ်စီး အလေးချိန် ၇၅ တန် ခံနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဆိုထားသည်။

Written by – ဇော်ထိုက်

Leave a Reply