ရန်ကုန်
၂၄ ဧပြီ ၂၀၂၀
(ဟင်္သာမီဒီယာ)
မြန်မာနိုင်ငံတွင် ပိုးတွေ့လူနာ ၇ ဦးတိုးလာပြီး ဓာတ်ခွဲအတည်ပြုလူနာဦးရေ ၁၃၉ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၉ နာရီ သတင်းထုတ်ပြန်သည်။
ယခု ပိုးတွေ့ရသူ ၇ ဦးစလုံးမှာ ရန်ကုန်မှ ဖြစ်ကြပြီး ပန်းဘဲတန်း၊ တာမွေ၊ ကျောက်တံတား၊ လှိုင်မြို့နယ်များရှိ သက်လတ်ပိုင်းအရွယ် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦးတို့ ဖြစ်သည်။
ယခုဓာတ်ခွဲအဖြေများမှာ ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) (DMR) ၏ စစ်ဆေးတွေ့ရှိချက်များဖြစ်ပြီး ယမန်နေ့အထိ တွေ့ရှိသူများမှာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) ၏ ဓာတ်ခွဲအဖြေများ ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ဓာတ်ခွဲစစ်ဆေးပေးသည့် ဌာန နောက်တစ်ခု ထပ်မံတိုးမြှင့်လိုက်သည့် အနေအထား ဖြစ်သည်။
DMR အနေဖြင့် ယမန်နေ့ ဧပြီ ၂၃ တွင် ဓာတ်ခွဲနမူနာ ၆၄ ခု စစ်ဆေးခဲ့ရာ ၇ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိရခြင်း ဖြစ်သည်။ NHL က စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာများတွင် လူနာသစ် ၅ ဦးတွေ့ရှိခဲ့မှုကို ယမန်နေ့ ညဦးပိုင်းကတည်းက သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်ရာ ယင်း ဌာန ၂ ခု ပေါင်းလျှင် ယမန်နေ့က ဓာတ်ခွဲနမူနာ ၃၂၉ ခု စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ပိုးတွေ့လူနာ တွေ့ရှိချက်မှာ စုစုပေါင်း ၁၂ ဦး ဖြစ်သည်။
ယနေ့ နံနက် ၁၀ နာရီထိ အခြေအနေမှာ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၃၉ ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၅ ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၉) ဦး ရှိသည်။ ကုသဆဲလူနာ ၁၂၅ ဦးကို သက်ဆိုင်ရာဆေးရုံများတွင် ဆေးကုသမှုပေးလျက်ရှိကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
= = = = = = =
ပုံစာအညွှန်း – ကုသဆဲလူနာများနှင့် ၎င်းတို့ ကုသမှုခံယူလျက်ရှိရာ ဆေးရုံ၊ ဒေသ။
( Photo : MoHS)