မော်လမြိုင် ဧပြီ ၁

COVID-19 ရောဂါနှင့် ပတ်သက်ပြီး အများပြည်သူအထိတ်တလန့်ဖြစ်စေသည့် ရည်ရွယ်ချက်ဖြင့် မမှန်သတင်းများ ထုတ်လွှင့်ပါက သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်။

လတ်တလောဖြစ်ပေါ်နေသည့် COVID-19 ရောဂါသည် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေတွင် အကျုံးဝင်သဖြင့် မဟုတ်မမှန်သတင်း ထုတ်ပြန်သူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၇ အရ တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။

“ဒေတာသတင်းအရင်းမြစ် တိကျခိုင်မာမှုမရှိဘူး ဒေတာကို စနစ်တကျပြုစုထားမှုမဟုတ်ပဲနဲ့ မဟုတ်မှန်သတင်းထုတ်ပြန်မယ်ဆိုလို့ရှိရင်လည်းပဲ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူဆောင်ရွက်သွားဖို့ရှိပါတယ်”ဟု ဦးမြင့်သန်းဝင်းက ပြောသည်။

COVID-19 ရောဂါနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ရာတွင် အများပြည်သူအထိတ်တလန့်မဖြစ်စေရေး တိကျခိုင်မာသည့် သတင်းအရင်းမြစ်များနှင့် မှန်ကန်တိကျသည့် အချက်အလက်များကို ထုတ်ပြန်ရန် လိုအပ်ကြောင်း မဟုတ်မမှန်သည့်သတင်းများကိုလည်း မထုတ်လွှင့်ကြရန် မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မေတ္တာရပ်ခံကြောင်း ဦးမြင့်သန်းဝင်းက ပြောသည်။

“ကူးစက်ရောဂါကိစ္စသည် တိုင်းပြည်အတွင်းရှိပြည်သူများအားလုံးနှင့်ဆက်စပ်ပတ်သက်နေ၍ အစိုးရ၏ ကာကွယ်ထိန်းချုပ်ရေး လုပ်ကိုင်ဆောင်ရွက်နေရသောလုပ်ငန်းစဉ် Data အချက်အလက်များကိုသေချာစွာ မလေ့လာပဲ၊ မသိရှိပဲ၊ မိမိဆန္ဒတစ်ခုဖြင့် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားလိုက်သည့်အတွက်၎င်း၊ သတင်းတင်လိုက်သည့်အတွက်၎င်း၊ ပြည်သူများစိုးရိမ်ပူပန်စေခြင်း ဖြစ်ပေါ်စေသည့်အတွက် ရှောင်ရှားစေလိုပါသည်”ဟု လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းမင်းအောင်က ၎င်း၏ Facebook လူမှုကွန်ရက်တွင် ရေးသားထားသည်။

ကူးစက်ရောဂါ COVID-19 နှင့်ပတ်သက်၍ တာဝန်ရှိသူများထံ သတင်းအချက်အလက် မေးမြန်းရယူပြီးမှ သတင်းအမှန်ကို ရေးသားတင်ပြစေလိုကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားထားသည်

ရွှေရိုး

Leave a Reply