Covid-19 ဗိုင်းရပ်စ်ပိုးဟာ တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ မေးခွန်းထုတ်စရာ ပေါ်လာတာကတော့ ကူးစက်ခံထားရတဲ့ တချို့လူတွေမှာ ဘာလို့ရောဂါလက္ခဏာမပြတာလည်းဆ ိုတာပါပဲ။
တရုတ်ပြည်က ရရှိတဲ့သတင်းအရဆိုရင် ကူးစက်ခံထားရသူ ၅ ပုံပုံရင် ၄ ပုံလောက်ဟာ ရောဂါလက္ခဏာမပြဘူးလို့ ဆိုပါတယ်။

>> ကူးစက်ခံရသူတွေမှာ တချို့က သေစေနိုင်တဲ့အထိ ပြင်းထန်ပြီး တချို့က ရောဂါလက္ခဏာမပြတာ ဘာလို့လဲ။
အဲလိုဖြစ်ရတဲ့ အကြောင်းအရင်းကို London ကူးစက်ရောဂါဆေးရုံက ဆေးရုံအုပ် Professor Brendan Wren က ဒီလိုရှင်းပြပါတယ်။
တချို့လူတွေဟာ ပိုးကူးစက်ခံရချိန်မှာ ခန္ဓာကိုယ်ထဲဝင်တဲ့ ပိုးကောင်ရေဟာ အရမ်းနည်းလို့ ဖြစ်ပါတယ်တဲ့။ ပိုးကောင်ရေဟာ နည်းလွန်းတာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ပိုးကို နိုင်သွားပါတယ်။ ဒါကြောင့် ဘာလက္ခဏာမှမပြတော့ဘဲ ကာကွယ်ဆေးထိုးသလိုပုံစံမျိုး ဖြစ်သွားတာ ဖြစ်ပါတယ်။
လူတစ်ယောက်ချင်းဆီရဲ့ ခုခံအားစနစ်တွေဟာ မတူညီဘဲကွဲပြားကြပါတယ်။
ဒီအထဲမှာ တချို့လူတွေရဲ့ ခုခံအားဟာ ဗိုင်းရပ်စ်ကို တွေ့တွေ့ချင်းမှာပဲ ကောင်းကောင်းပြန်တိုက်ထုတ်နိုင်တာကြောင့် ဘာလက္ခဏာမှမပြတာ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကလေးဆေးရုံကြီးက ဆရာဝန်တွေကတော့ ဒီလိုပြောပါတယ်။ Covid -19 ဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်ထဲကို အဆုတ်၊ ကျောက်ကပ်၊ နှလုံးနဲ့ အူလမ်းကြောင်းကတစ်ဆင့် ဝင်ပါတယ်။ ဝင်ပြီးပြီးချင်းမှာ လက္ခဏာစမပြသေးဘဲ ပိုးပွားတဲ့အချိန်တစ်ခု စောင့်ပါတယ်။ အဲ့ဒီအချိန်အတွင်းမှာ ခုခံအားက ကောင်းကောင်းတိုက်လိုက်နိုင်ရင် ပိုးကောင်ရေက လျော့နည်းသွားပြီး အဆုတ်ထဲအထိ မရောက်တော့ပါဘူး။
ကလေးတွေမှာ ဖြစ်တာနည်းတယ်ဆိုတာ လူကြီးတွေနဲ့ ယှဉ်လိုက်ရင် ကလေးတွေရဲ့ စစဦးဆုံး တုံ့ပြန်တဲ့ခုခံအားစနစ်ဟာ အများကြီး ပိုပြီးအားကောင်းလို့ ဖြစ်ပါတယ်တဲ့။
နောက်တစ်ခုကတော့ တချို့လူတွေရဲ့ မွေးကတည်းကပါလာတဲ့ ခုခံအားဟာ ဘယ်ပိုးကိုမဆို တိုက်ထုတ်ဖို့အတွက် လျင်လျင်မြန်မြန် ပြုပြင်ပြောင်းလဲနိုင်လို့ဖြစ်တယ်လို့ ဆိုပါတယ်။ ပိုးစစဝင်ချင်းမှာပဲ ခန္ဓာကိုယ်ရဲ့ခုခံအားက ပိုးကိုမှတ်ထားပြီး စအလုပ်လုပ်တဲ့အတွက် ပိုးပွားဖို့ စောင့်နေတဲ့အချိန်အတွင်းမှာ လျင်လျင်မြန်မြန် တိုက်ထုတ်နိုင်လိုက်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလိုလက္ခဏာလုံးဝမပြတဲ့လူတွေရော၊ အနည်းငယ်သာ ပြတဲ့လူတွေရောဟာ သူတို့ကိုယ်တိုင်တောင် မသိလိုက်ဘဲ သူများကို ကူးစက်စေဖို့ အခွင့်အလမ်းများပါတယ်။ ဒါဟာ အရေးကြီးဆုံးအချက်ပါပဲ။ ဒီလိုလက္ခဏာမပြဘဲ ဖြန့်ဝေနေနိုင်တဲ့လူတွေ ရှိနေတာဟာ Covid-19 ကို ကာကွယ်တဲ့နေရာမှာ ဟာကွက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

Dr. Htar (www.drmyanmar.com)

Credit drmyanmar.com

Leave a Reply