Written by မင်းကံစီ

COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း၌ စီးပွားရေးအရ ထိခိုက်နစ်နာမှု ကိုယ်စီ ရှိလာနေသည်မှာ အမှန်ပင်ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံရော ဖွံ့ဖြိုးဆဲတိုင်းပြည်ပါ ဆင်းရဲချမ်းသာမရွေး နိုင်ငံအသီးသီးသို့ COVID-19 ဂယက်က ရိုက်ခတ်လျက်ရှိသည်။

တကယ်ဆိုတော့လည်း စီးပွားရေး၊ ကုန်သွယ်ရေး၊ စက်မှုလက်မှုသာမက ကျန် နယ်ပယ်အရပ်ရပ်၊ ကဏ္ဍအမျိုးမျိုးတွင်လည်း COVID-19 စနက်က မလွတ်ကြချေ။

ဖွံ့ဖြိုးတိုးတက်မှုအားနည်းချက်များ၊ ရပ်တည်ရေးပျော့ကွက်များနှင့် ပြည့်နှက်နေသော ကျွန်တော်တို့နိုင်ငံတွင်လည်း COVID-19 ဂယက် ဒဏ် သက်ရောက်မှု ပိုပြင်းထန်သည်ဟုပင် ကောက်ချချဖွယ်ရှိသည်။

COVID-19နှင့် မြန်မာ့စီးပွားရေးကဏ္ဍ၏ အဆက်အစပ်၊ အပိုင်းအခြားကို ဆွေးနွေးရလျှင် အပိုင်း ၃ ပိုင်း ခွဲခြမ်းစိတ်ဖြာကာ ကျွန်တော်တို့ စဉ်းစားထားရန် လိုအပ်ကြောင်း သဘောထားမှတ်ချက်ပြုလိုပါသည်။ COVID-19 မဖြစ်မီ၊ ဖြစ်နေဆဲနှင့် ဖြစ်ပြီးချိန်ဟူ၍။

COVID-19 မဖြစ်မီ

COVID-19 မဖြစ်မီကာလကပင် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေမှာ ယိုင်ဆင်းချည့်နဲ့နေနှင့်ပြီး ဖြစ်ပါသည်။ အားလုံးသိပြီးဖြစ်သည့်အတိုင်း မြန်မာပြည်၏ စီးပွားရေးမှာ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲကာလကစ တောက်လျှောက် ကျဆင်းခဲ့သည်။

ကနဦးတွင် ရွေးကောက်ပွဲကြောင့် စီးပွားရေးကဏ္ဍ တန့်သွားသည့်အနေအထား။ ရွေးကောက်ပွဲမတိုင်မီ ၂၀၁၄ ခုနှစ်မှသည် ရွေးကောက်ပွဲအပြီး အစိုးရသစ် စတင်ဖွဲ့ချိန်လွန်ကာ ၂၀၁၆ ခုနှစ်တိုင်သည်အထိ အာဏာရအစိုးရမှာ သူ့လုပ်ငန်းစဉ်အတိုင်း လုံးပမ်းရင်း စီးပွားရေးကဏ္ဍအပေါ် အာရုံစိုက်နိုင်ခဲ့ပေ။

အစိုးရပြောင်းလဲမှု ဖြစ်လာပြီးချိန်တွင်ရော မြန်မာ့စီးပွားရေးမှာ အတက်ဘက် ဦးတည်လာသလားဟု သုံးသပ်ရပါလျှင် ထင်တိုင်းမပေါက်ခဲ့သည့်အနေအထားပင်။

အမြင်သာဆုံးကိစ္စကို ပြောရလျှင် အစိုးရအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ကန်ထရိုက်လုပ်ငန်းများ အစိုးရက ပြန်လည်ချထားပေးခြင်းမျိုး မရှိခဲ့ခြင်းပင်။ ယင်းအပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုအဝင်မှာလည်း လျော့ပါးလာသည်။ မှန်းချက်နှင့် နှမ်းထွက် မကိုက်ညီ ကွာဟဆဲအနေအထားဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း စီးပွားရေးနှင့်ပတ်သက်သည့် ပေါ်လစီ မူဝါဒ အပြောင်းအလဲများ ရှိခဲ့ပြန်သည်။

အဓိကအကြောင်းရင်းထဲတွင် ရခိုင်အရေးမှာလည်း ပင်မအခက်အခဲတွင် ပါဝင်နေသည်။ ပြည်ပအဝင် လျော့နည်းကျဆင်းစေခဲ့ပါသည်။ ခရီးသွားလာရေးကဏ္ဍအပါအဝင် အခြားကဏ္ဍများသို့ ဆက်စပ်ရိုက်ခတ်မှုများ ရှိခဲ့ကြောင်း အားလုံးသိပြီးဖြစ်ပါသည်။

စီးပွားရေးအမြင်လွယ်ဆုံး ကျဆင်းလာသည့် လုပ်ငန်းမှာ ဆောက်လုပ်ရေးလုပ်ငန်းများ ဖြစ်သည်။ ဆောက်လုပ်ရေးနယ်ပယ်မှာ အစိုးရ Project ကြီးများ ချထားပေးခြင်း မရှိသည့်အတွက် သိသိသာသာ လျော့နည်းသွားသည်။ ယင်းနှင့်တစ်ဆက်စပ်တည်း ရှိသည့် လုပ်ငန်းနယ်ပယ်အရပ်ရပ်မှာလည်း အများအပြား ကြန့်ကြာနှောင့်နှေးသွားခဲ့ရသည်။ အထိအနာဆုံးမြို့မှာ ရန်ကုန်ဟုပင် သုံးသပ်ရန် အကြောင်းများစွာ ရှိလေသည်။

ယင်းအပြင် ဒုတိယ မည်သည့်လုပ်ငန်းများကို ထပ်မံထိခိုက်သနည်းဆိုပါလျှင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများပင်ဖြစ်သည်။ ယင်းနှင့်ပတ်သက်ဆက်နွှယ်သည့် လုပ်ငန်းများသို့ တစ်ဆက်တည်း ထိခိုက်ရိုက်ခတ်သွားခဲ့သည်။ ခရီးသွားလုပ်ငန်းမှာ ၂၀၁၇ ခုနှစ်မှစကာ ၂၀၁၉ ခုနှစ်တိုင် သုံးနှစ်တိတိ တက်မလာသည်သာမက ကျဆင်းခဲ့ပါသည်။

အထူးအားဖြင့် ဘဏ်စနစ် ပြုပြင်ပြောင်းလဲမှု မပြုလုပ်သေးခြင်းမှာလည်း စီးပွားရေးအခက်ကို သက်ရောက်မှု အတော်အတန် ရှိကြောင်း လေ့လာသုံးသပ်နိုင်ပါသည်။ ဆိုရလျှင် ယင်းမတိုင်မီ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ ခုနှစ်များတွင် မြန်မာ့စီးပွားရေး တက်ရိပ်ပြခဲ့သည့် အနေအထား ရှိခဲ့သည်၊ တိုင်းပြည်၏ GDPအညွှန်းကိန်းလည်း အတိုင်းအတာတစ်ခုထိ မြင့်လာခဲ့သေးသည်။ ထိုအချိန်တွင် စီးပွားရေးသမား၊ လုပ်ငန်းရှင်တို့မှာ အတက်စီးပွားရေးကို မျှော်ကာ ရှိရင်းစွဲ လုပ်ငန်းများကို ချဲ့ထွင်လာကြသည်။ အရင်းအမြစ်ရယူရာကား အခြားမဟုတ်၊ ဘဏ်ပင်ဖြစ်သည်။ ဘဏ်ချေးငွေကို အားပြုရင်း ရှေ့ခြေလှမ်းတက်ရန် အပြိုင်ကြိုးပမ်းလာကြသည်။

စီးပွားရေး ပြေပြစ်ချောမွေ့ချိန်တွင် အထောက်အကူဖြစ်နိုင်သော်လည်း စီးပွားရေးကျပ်တည်းလာချိန်၌မူ ဝန်ထုပ်ဝန်ပိုးဖြစ်လာစေပြန်သည်မှာ ထုံးစံပင်။ ယင်းကာလမကုန်ဆုံးမီအပါအဝင်၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ စီးပွားရေး မကောင်းသည့် အချိန်မှာတော့ လုပ်ငန်းရှင်အတော်များများမှာ ဘဏ်ချေးငွေ ပိလာသည့်အနေအထားဆိုက်သွားကြသည်။

ဘဏ်လုပ်ငန်းရှင် တစ်ယောက်၏ အပြောအရ ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင် နံပါတ်(၁) မှ (၅၀၀) ခန့်အထိ အားလုံးမှာ ချေးငွေ ပြန်လည် မပေးဆပ်နိုင်တော့ချေ။ အရင်းကို ပြန်မဆပ်နိုင်သည့်အပြင် အတိုးကိုလည်း သူတို့ မပေးနိုင်တော့ပေ။ ထိုအခြေအနေက ဘဏ်လုပ်ငန်းကိုပါ အခက်အခဲတွေ့စေပြန်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင်များနှင့် ၂၀၁၇ အောက်တိုဘာ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုစဉ်က စီးပွားရေးလုပ်ငန်းရှင်နှင့် ကုန်သည်ကြီးများအသင်းက တောင်းဆိုသည်မှာ သုံးချက် ရှိခဲ့ပါသည်။

ပထမတစ်ချက်မှာ ဘဏ်အတိုးနှုန်း ဖြေလျှော့ပေးရန်၊ နောက် အခွန်နှုန်းထား တတ်နိုင်သရွေ့ ဖြေလျှော့ပေးရန်၊ နောက် ဘဏ်၊ ငွေရေးကြေးရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ချိတ်ဆက်ကာ ပြည်တွင်းမှာ လုပ်ဆောင်ရန် သုံးခု လုပ်ငန်းရှင်များဘက်က တောင်းဆိုခဲ့သည်။

တောင်းဆိုချက်များအနက် အခွန်ကိစ္စကို ဖြည်းဖြည်းချင်း ၂၀၁၉ ခုနှစ်ခန့်တွင်မှ ဖြေလျှော့လာသည်ဟု သုံးသပ်လိုပါသည်။ COVID-19 မဖြစ်မီပင်။ သို့ပေမဲ့ ဘဏ်တိုးများကိုမူ COVID-19 ကာလတွင် ဖြေလျှော့လိုက်သည်။

ဆိုရလျှင် COVID-19 မဖြစ်မီကပင် မြန်မာ့စီးပွားရေးအခြေအနေမှာ ယိုင်ယဲ့နေပြီးသားဖြစ်သည်။ ရောဂါသဘောအရဆိုရသော် ကင်ဆာအဆင့် ၄ အနေအထားဟုပင် ဆိုနိုင်၏။

ရခိုင်အရေးအကြောင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများလည်း သွားလာဝင်ထွက်မှု ကျဲပါးသထက် ကျဲပါးလာနေသည်။

COVID-19 ကာလ

COVID-19 ရောဂါပိုး မြန်မာနိုင်ငံသို့ ရောက်မလာမီကပင် ဦးစွာ ရောက်လာသည်မှာ COVID-19 ဂယက် ဖြစ်သည်။

၂၀၁၉ နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံ ဟူပေးပြည်နယ် ဝူဟမ်မြို့တွင် ရောဂါပိုး စတင်လာသည်။ ၂၀၂၀ ပြည့်နှစ်နှင့် စပ်ကူးမတ်ကူးကာလကစ နယ်စပ်ဖြတ်ကျော် ကူးသန်းသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးအပေါ် သက်ရောက်မှု ရှိလာခဲ့သည်။ ကျွန်တော်တို့ မြန်မာပြည်ဘက်မှ စားသောက်ကုန်၊ သီးနှံများ ပို့ဆောင်မရတော့သလို တရုတ်ပြည်မှ ကုန်ကြမ်းလည်း တင်သွင်းရန် အခက်ကြုံရသည်။

စီးပွားရေးကဏ္ဍတွင် နဂိုကတည်းက ယိုင်လဲနေပြီးသား ဆောက်လုပ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာမှုကဏ္ဍအပြင် ထပ်တိုးကာ ထုတ်လုပ်မှုလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းအပါအဝင် အခြားလုပ်ငန်းများလည်း တဖြည်းဖြည်း ကျဆင်းရပြန်သည်။

ထိုအခြေအနေ မတ်လ ၂၃ ရက်တွင် COVID-19 ရောဂါပိုးကို မြန်မာတွင် ဓာတ်ခွဲစစ်ဆေး တွေ့ရှိခဲ့ခြင်းပင်။

လုပ်ငန်းရှင်တို့ ထုံးစံ စီးပွားရေးလုပ်ငန်းကျဆင်းလျှင် စိုက်ထည့်ရသည့် သွင်းအားစုကို လျှော့ချရမည်မှာ အားလုံးအသိပင်။ ထွက်ငွေအပိုင်းတွင် ထုထည်ကို မလွှဲသာမရှောင်သာ လျှော့ချရပါသည်။ ထိုအထဲတွင် လူ့စွမ်းအားအရင်းအမြစ်လျှော့ချရသည်မှာ တစ်ကဏ္ဍ ပါဝင်သည်။ ဝန်ထမ်းအင်အား လျှော့ချပစ်ရသည့်ကိစ္စ။

မူလက လျှော့ချထားပြီးသားကို ထပ်မံ ချုံ့ရပြန်ချိန်တွင် အလုပ်လက်မဲ့ဦးရေမှာ မြင့်တက်လာတော့သည်။ ပြည်တွင်းသာမက ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားတို့လည်း ခြေဦးပြန်လှည့်လာသည်။

COVID-19 ကာလ အစောပိုင်းဟု ဆိုရမည့် သင်္ကြန်မတိုင်မီတွင် အစိုးရက လုပ်ငန်းရှင်တို့အတွက် ကျပ်ငွေ ဘီလျံ ၁၀၀ မ တည် ထုတ်ချေးပေးသည်။ ယင်းပမာဏမှာ စီးပွားရေး နလံထူရန် ဝေးစွ၊ အသက်ရှုချောင်ရန်မျှ မလုံလောက်ဟု မှတ်ချက်ပြုရမည့် ကိန်းဂဏန်းဖြစ်နေသည်။

အဆိုပါအစောပိုင်းချေးငွေကိုပင် စီးပွားရေးသမားများ၏ လျှောက်လွှာပေါင်း ၁၆၀၀ ကျော်အနက် ၈၈ ခုသာ ရခဲ့ကြကြောင်း သိရသည်။ လုပ်ငန်းရှင်တို့မှာ လုပ်ငန်းလည်ပတ်နိုင်ရန် ထည့်သွင်းရင်းနှီးရန်မဆိုထားနှင့်၊ လုပ်ခ လ စာ ပေးချေရာတွင်သာ စိုက်ထည့်အသုံးပြုနိုင်ခဲ့သည်။

ဦးရေ နည်းသည်၊ ပမာဏ နည်းသည်။ ပြောရလျှင် ဆင့်ပါးစပ်ကို နှမ်းပက်သကဲ့သို့သာ ဖြစ်ခဲ့သည်။

ခြောက်လ လား၊ တစ်နှစ်လား၊ မည်သူမျှ သေချာမသိနိုင်သော COVID-19 ကာလကို ဖြတ်သန်းရန် ဝန်ထမ်း အလုပ်သမားများကို ပေးချေရမည့် လုပ်ခလစာမျှသာ လုပ်ငန်းရှင်တို့က တွက်ဆခဲ့သည်။ မိမိမှာ ရှိသည့် လုပ်သားအရေအတွက်ကိုသာ ထည့်သွင်းစဉ်းစားကာ အစိုးရထံက အတိုးနှုန်း ၁ ကျပ်ဖြင့် ချေးငွေ ရယူခဲ့ကြခြင်းပင်။ အကျပ်အတည်းကာလ၌ လုပ်ငန်းကို ရပ်ထားလို့ ရနိုင်သည်၊ ဝန်ထမ်းများ စားဝတ်နေရေးကို ဆိုင်းငံ့ရန်မှာ ဘယ်သို့မျှ မဖြစ်နိုင်။

ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး သွားလာမှုကန့်သတ်သည့် ကာလ ရန်ကုန်တွင် ဧပြီ ၉ ရက်က စတင်ခဲ့သည်။ မန္တလေးမှာ ဧပြီ ၆ ရက်က စတင်သည်။ ကုန်စည်ထုတ်လုပ်မှု ရပ်ဆိုင်း၊ ကူးသန်းရောင်းဝယ်ရေး ဆိုင်းငံ့၊ သွားလာဆက်ဆံမှု ကန့်သတ်ချိန် လုပ်ငန်းများ မလည်ပတ်နိုင်ဖြစ်ကြရသည်။

အကျဉ်းအကျပ်ကာလမှာ လုပ်သည့်လုပ်ငန်းမှာ Operation Cost (ထုတ်လုပ်မှုစရိတ်)ကို ကာမိဖို့ မဖြစ်နိုင်ချေ။ Supply (အထောက်အကူ)တစ်ခုအနေဖြင့်သာ ဖြစ်နိုင်ပါသည်။ အကျိုးအမြတ်လည်း ရမည်လည်း မဟုတ်ပေ။ ဘာပဲရောင်းရောင်း ဘာပဲဝယ်ဝယ် အားလုံးသည် လိုအပ်နေသည့် ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးခြင်းသာ။ လုပ်အားလေလွင့်မှု မဖြစ်စေရေးမျှ။ ဝန်ထမ်း၊ အလုပ်သမားတို့လည်း ရှေ့ရေး မရေရာဖြစ်ရ၏။

မြေ၊ ရေ၊ မီတာ အပါအဝင် မပြည့်စတမ်း စိုက်ထည့်ရမည့် သွင်းအားစု ထုထည်ကို ထမ်းပိုးထားခဲ့ကြသည့် အခြေအနေဖြစ်သည်။ ရှိရင်းစွဲကို ထုတ်သုံးရသူ လုပ်ငန်းရှင်များသာမက လက်ခံရယူထားပြီးသည့် ဝင်ငွေကိုပင် ပြန်အမ်းရသူတွေလည်း တပုံတပင် ရှိလာသည်။ ယင်းအခြေအနေတွင် ဖွံ့ဖြိုးတိုးတက်ရေး အသာထား၊ ရပ်တည်နိုင်ရေးသာ ပဓာနမဟုတ်ပါလား။

မကြာသေးမီ ဧပြီ ၂၇ ရက်က စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် ရည်မှန်းချက် ၇ ခု၊ မဟာဗြူဟာ ၁၀ ခု၊ ဆောင်ရွက်ရမည့် အစီအစဉ် ၃၆ ခု၊ ဆောင်ရွက်နေသည့် အစီအစဉ် ၇၆ ခု ပါဝင်သည့် စီးပွားရေးဆိုင်ရာ အစီအစဉ်များကို ထုတ်ပြန်ထားသည်။ COVID-19 စီးပွားရေးကုစားမှုအစီအစဉ် – COVID-19 Economic Relief Plan(CERP) ဟူ၍။

အစီအစဉ်များတွင် ဘဏ္ဍာရေး ထောက်ပံ့မှုပေးပြီး စီးပွားရေးလုပ်ငန်းများ တိုးတက်အောင် လုပ်ဆောင်ရေး၊ ထိခိုက်နေသည့် အလုပ်သမားများ၊ အိမ်ထောင်စုများအတွက် ငွေကြေးအပါအဝင် ပံ့ပိုးကူညီမှု ပေးဆောင်ရေး၊ ကျန်းမာရေးစနစ် အားကောင်းခိုင်မာစေရေး စသဖြင့် ကဏ္ဍ ၇ ရပ် ခွဲခြားထားကြောင်း လေ့လာတွေ့ရှိရသည်။

ယင်းအနက် စီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း နည်းနည်းဖြင့် ငွေချေးသည့်ကိစ္စအပါအဝင် အစီအစဉ်အချို့ကို စတင် ဆောင်ရွက်လျက်ရှိပြီး ကျန်အစီအစဉ်များကို သတ်မှတ်ချိန် ထားရှိဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

အစိုးရထုတ်ပြန်သည့် စီးပွားရေးအစီအစဉ်များအပေါ် စီးပွားရေးလုပ်ငန်းရှင် အများစုက ကြိုဆိုသော်လည်း လက်တွေ့ထိရောက်နိုင်ရေးအတွက် ယခုထက်မက ငွေကြေးသုံးစွဲရေး မျှော်လင့်ကြ သဘောထားရှိကြပေသည်။ သို့မှသာ သက်ရောက်လာသော ဆိုးကျိုးတို့ကို အထိုက်အလျောက် ကုစားနိုင်ပေလိမ့်မည်မဟုတ်ပါလား။ မူလကတည်းက ရှိရင်းစွဲ ကွက်လပ်များကိုပါ ဖြည့်စွက်ရမည်ဖြစ်ရာ လိုအပ်ချက်ရေချိန်က မြင့်နေပါသည်။

COVID-19 အလွန်

COVID-19 ကာလမှာ မည်မျှ ကြာမြင့်မည် ကျွန်တော်တို့ မသိသေးသော်လည်း COVID-19 အလွန် အရေးကိုမူ တွေးဆချင့်ချိန်ကြရမည်သာ ဖြစ်ပါသည်။ သေချာသည်တစ်ခုမှာ COVID-19 လွန်သော်ငြား ကျွန်တော်တို့၏ လူနေမှုစနစ်၊ နေထိုင်မှုပုံစံမှာမူ ယခင်နှင့်မတူ တစ်မျိုးပြောင်းလဲသွားပေလိမ့်မည်သာ။

New Normal ဆိုသော ဝေါဟာရအသစ်ပင် ယခုတလော တွင်ကျယ်ခေတ်စားလာသည်မဟုတ်ပါလား။ Social Distancing ဆိုသည့် အသိရှိရှိ ဝေးဝေးနေခြင်းများ အသားကျလာဦးမည်။ Work from home ဆိုသည့် နေအိမ်မှသာ အလုပ်လုပ်ခြင်းများ ကျန်ရစ်ဦးမည်။ Quarantine ဆိုသည့် ရောဂါခြေချုပ်ပင် အမျိုးအစားက သုံးမျိုးရှိပြန်သည်။ လူမှုဘဝပုံစံအသစ်က မသိမသာရော သိသိသာသာပါ တိုးဝင်ရောက်ရှိလာတော့၏။

နေ့စဉ်ဘဝတွင် မဖြစ်မနေ ထုတ်သုံးရမည့် ထွက်ငွေမှအပ အစစ ခြိုးခြံကြရမည်သာ။ စားရေး၊ ဝတ်ရေး၊ နေရေးကိုသာ အဓိက ကုန်ကျစရိတ်အဖြစ် အသုံးပြုနေကြရဦးမည်။ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်းတို့ ဦးမမော့သာသေး။ မြေဈေး၊ ကားဈေး၊ လျှပ်စစ်ပစ္စည်း၊ ကုန်ပစ္စည်း၊ ဈေးကွက် အဖက်ဖက်က မရေတွက်နိုင်အောင် ကျဆင်းလာနိုင်ခြေ အပြည့်။

ယင်းမှာ ခါးသီးသော အမှန်တရားပင်။

မှန်းခြေအရ တွက်ကိန်းထုတ်ရလျှင် ၂၀၂၀ ပြည့်နှစ်လွန်သည့်တိုင် အစောဆုံး၂၀၂၁ ထိ အသက်ရှူချောင်ရေး မလွယ်ဟု ဆိုနိုင်သည်။ စီးပွားရေး ကောင်းမွန်ဖို့ ကို မပြောလို၊ လုပ်ငန်းလည်ပတ်ရေးမျှပင် ဆွေးနွေးလိုခြင်းဖြစ်သည်။

၂၀၂၁ တွင် စီးပွားရေးလည်ပတ်ဖို့ဆိုလျှင် လုပ်ငန်းရှင်များ အစောပိုင်းက ဘဏ်များမှ ရယူထားသည့် ချေးငွေ ကြွေးကျန်များသည်လည်း ဆက်ရှိနေကြမည်ပင်။ လက်ရှိကာလမတိုင်မီကတည်းက အတိုးဆပ်ရန် အခက်ပွေနေသည့် အနေအထား။

ပထမအချက် စဉ်းစားရလျှင် အဆိုပါဘဏ်များကရော ၂၀၂၁ ထိ ရပ်တည်မလား၊ ရပ်တည်နိုင်မလား။ နိုင်ငံတော်ကရော ဘဏ်များ မပြိုလဲရေး အနောက်ကနေ ကျားကန်ပြီး ရပ်တည်ပေးထားသည့်အချိန်က ဘယ်လောက်ထိဖြစ်နိုင်မလဲ။

ယခုကတည်းက ဘဏ်များမှာ ရှိငွေအားလုံးက လုပ်ငန်းရှင်များ ချေးယူသွားနှင့်ပြီဖြစ်သည်။ သို့ဖြစ်ရာ လည်ပတ်ငွေအားလုံးက အပ်ငွေမျှဖြင့်ပင် ခရီးဆက်နေရ၏။ စီးပွားရေးအပ်ငွေများနှင့် ရှေ့ဆက်နေတော့ ဘဏ်လုပ်ငန်းသဘောသဘာဝ ၂၀၂၁ ထိ ယင်း အပ်ငွေများကို အတိုးပေးနေရမည်မှာလည်း မုချပင်။

ကျွန်တော်တို့ မြန်မာပြည်တွင် နိုင်ငံခြားနှင့် မတူကွဲပြားသည်က ပြည်ပမှာ စတော့ဈေးကွက်၊ စတော့ရှယ်ယာ၊ ဘဏ်တို့က သူတို့ စီးပွားရေးကဏ္ဍကို ကျားကန်ထားပေးသည်။ ပြည်ပတွင် စတော့ရှယ်ယာ ပြိုလဲလျှင် တိုင်းပြည်စီးပွားရေးပြိုလဲ၏။ ကျွန်တော်တို့နိုင်ငံမှာ စတော့ရှယ်ယာမရှိ၍ ထည့်သွင်းတွက်ချက်ရန် မလိုဟုပင် ဆိုနိုင်သည်။ သို့ပေမဲ့ ဘဏ်ပြိုလဲလျှင်မူ တိုင်းပြည်စီးပွားရေး ပြိုလဲမည်။ ယင်းသည်လည်း ခါးသီးသော အမှန်တရားပင်။ အရှိအမှန်ကို ကျွန်တော်တို့ လက်ခံရမည်သာ။

လာမည့်၂၀၂၁ ခုနှစ်မတိုင်မီမှာပင် ဘဏ်များ အချိန်မရွေး တစုံတခု ဖြစ်သွားနိုင်ခြေ ရှိပါသည်။ ကိုဗစ်အလွန် ထိုအခြေအနေအတွက် အစိုးရဘက်က ဘာတွေ ပြင်ဆင်ထားသနည်း။ စိတ်ဝင်စားဖွယ် မေးခွန်းထုတ်ဖွယ် ကောင်းလေသည်။

အစိုးရအနေဖြင့် အများဆုံး၊ အတတ်နိုင်ဆုံး လုပ်နိုင်သည်မှာတော့ စီးပွားရေးလုပ်ငန်းရှင်များ၏ လိုငွေကို Market ထဲ ထည့်လိုက်ရန်ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ၂၀၀၈ ခုနှစ် စီးပွားရေး ပျက်ချိန် သမ္မတ အိုဘားမားက ဘဏ်များသို့ ဒေါ်လာ ၃၅၇ ဘီလျံ ထည့်ပေးလိုက်၏။ ထိုစဉ်က ယင်းကိစ္စနှင့်ပတ်သက်ပြီး ကွန်ဂရက်မှာလည်း အချေအတင် ဆွေးနွေးငြင်းခုန်မှုများ အားကောင်းခဲ့သည်။

ယခုလည်း အမေရိကန်က အကျပ်အတည်းကာလမှာ စီးပွားရေးလုပ်ငန်းအတွက် ၂ ထရီလီယံ ထည့်သွင်းလိုက်၏။ ယခင် ၂၀၀၈ ထက် အဆပေါင်းများစွာ သာလွန်သော ပမာဏဖြစ်သည်။ အရပ်စကားနှင့်ပြောရလျှင် ပစ်ထည့်ထားသည်ဟု ဆိုရန်ရှိ၏။

သို့ဖြစ်ရာ ကျွန်တော်တို့ မြန်မာပြည်ဝယ် နံပါတ် ၁ အချက်မှာ စီးပွားရေး ပြန်လည် လည်ပတ်ရေးအတွက် ငွေ ပမာဏ မညမျှထိ ပစ်ထည့်နိုင်မည်နည်း။ ယင်းမှာ မေးခွန်းတစ်ခု ဖြစ်လာပေတော့သည်။

စီးပွားရေးလုပ်ငန်းဆိုသည်မှာတော့ အဓိက လိုအပ်ချက်မှာ ငွေရေးကြေးရေး အရင်းအနှီးဖြစ်ကြောင်း သူသူငါငါ အသိဖြစ်သည်။ ယင်းငွေ မည်မျှအထိဖြင့် အစိုးရက စီးပွားရေးလုပ်ငန်းများကို ကျားကန်ပေးမည်နည်း။

ယင်းသို့ အစိုးရက ကျားကန်မပေးနိုင်ခဲ့သော် စီးပွားရေးလုပ်ငန်းရှင်တို့၏ ကပ်ရောဂါဂယက်အလွန် ရှေ့ရေးမှာ မည်သို့နည်း။

ပြောရလျှင် စီးပွားရေးလုပ်ငန်းများမှာ အဦးဆုံး ပြိုလဲသွားမည်မှာ အထက်ပိုင်းအဆင့်က စတင်ပြိုလဲပေသည်။ စီးပွားရေးလုပ်ငန်းဆိုသည်မှာ အောက်က မပြိုလဲချေ။ များသောအားဖြင့် အပေါ်က အရင် ပြိုလဲတယ်။ ယင်းမှတဆင့် အလယ်ပိုင်း ပြို၊ ထိုမှတဆင့် အောက်ခြေ ယိုင်လဲပြိုဆင်းပေသည်။

ကျွန်တော်တို့ မြန်မာပြည်၏ အနေအထားမှာ အောက်ခြေလူတန်းစားက ဆထက်လွန်ကဲ များပြားပါသည်။ အလယ်အလတ်လူတန်းစား Middle Class ဆိုသည် မရှိဟု ဆိုရလောက်အောင် ကျွန်တော်တို့မှာ တတိယလူတန်းစား များ၏။ အဆိုပါ အောက်ခြေလူတန်းစား ထိခိုက်ပါလျှင် တိုင်းပြည်တစ်ခုလုံး၏ စီးပွားရေးကို ပြန်လည်ထိန်းချုပ်ရေးမှာ အင်မတန် ခက်ခဲသွားနိုင်ကြောင်း သုံးသပ်နိုင်ကြပါသည်။

ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘာတွင် စီးပွားရေး အကျဆုံးနိုင်ငံ၊ အဆင်းရဲဆုံးနိုင်ငံ၊ အဘက်ဘက်က ယိုယွင်းနေသည့်နိုင်ငံဖြစ်လေရာ ကျွန်တော်တို့ ထပ်မံလဲကျလျှင် အခြားချိန်ထိုးစရာ နိုင်ငံ မရှိနိုင်တော့ချေ။

သို့ဖြစ်ရာ ကိုယ့်ပြည်ထဲမှာ ကိုယ့်ကိုယ်ကိုသာ ပြန်လည်ချိန်ထိုးရမည့် အနေအထား ရှိသည်။

ဆိုရသော် COVID-19 ကာလအလွန်ဝယ် စီးပွားရေးကဏ္ဍ၌ အစိုးရ၊ လုပ်ငန်းရှင်၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ အားလုံး စုပေါင်းလျက် မည်သို့ ပုံဖော်မည်နည်း အဖြေရှာကောင်းသင့်ပေပြီ။ စီးပွားရေးပုံစံအသစ်လည်း ပြောင်းလဲသွားနိုင်ပါ၏။

ယင်းသို့ ပုံဖော်သည့်အပေါ် မူတည်လျက် ကျွန်တော်တို့၏ စီးပွားရေး အလားအလာကောင်းမည်ဟု ကျွန်တော့်အနေဖြင့် သုံးသပ်မျှော်လင့်ပါသည်။ အဓိကမှာ ငွေရေးကြေးရေးစနစ်တစ်ရပ်ပင် ဖြစ်သည်။ ။

မင်းကံစီ

Leave a Reply