မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက် ဦးဇိနဘုရားလမ်းပေါ်တွင် ဖွင့်လှစ်ရောင်းချနေသည့် CP ကြက်ကြော်ဆိုင်နှင့် ငပိထောင်းထုတ်လုပ်သည့်လုပ်ငန်းများမှ ထွက်ပေါ်လာသည့်ညှော်နံ့များကြောင့် ပတ်ဝန်းကျင်နေပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်နေရကြောင်း ပန်းဘဲတန်းရပ်ကွက်နေဦးဘညိုက ဟသၤာမီဒီယာသို့ပြောကြားသည်။

ထို့အပြင် အဆိုပါ ဆိုင် အနီးနားနေအိမ်များရှိဒေသခံများသည် ပန်းနာရင်ကျပ်၊နှလုံးရောဂါနှင့် မျက်စိတိမ်စွဲသည့်ရောဂါများခံစားနေရကြောင်း ပန်းဘဲတန်းရပ်ကွက်နေဦးဘညိုက ဟင်္သာမီဒီယာသို့ပြောသည်။

CP ကြက်ကြော်ဆိုင်မှ ထွက်သည့်ညှော်နံ့များကိုလမ်းဘေးတူးမြောင်းများသို့ထုတ်လွှင့်စေခြင်းဖြစ်ပြီး ညှော်နံ့များကိုအဆိုပါတူးမြောင်းတစ်လျှောက်ရှိနေအိမ်များမှ နေ့စဉ်ခံစားနေရသဖြင့် ကျန်းမာရေးများထိခိုက်ကာ စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ဦးဘညိုကပြောသည်။

“ ဒီအကြော်အလှော်ကထွက်တဲ့ ညှော်နံ့တွေကိုပတ်ဝန်းကျင်ကလုံးဝမခံစားနိုင်တော့ပါဘူး၊ အရမ်းဆိုးဝါးတဲ့အနံ့ တွေကိုနေ့စဉ်ရက်ဆက်ခံစားနေရပါတယ်၊ သူတို့ကိုလည်းမနာလိုစိတ်လည်းမရှိပါဘူး” ဟု ဦးဘညိုကပြောသည်။

ထိုညှော်နံ့များကို လမ်းဘေးတူးမြောင်းမှတစ်ဆင့် စွန့်ထုတ်စေခြင်းကိုရပ်တန့်၍ ခေါင်းတိုင်ဖြင့် အနံ့ထုတ်သည့်စနစ်ကိုပြောင်းလဲတပ်ဆင်အသုံးပြုစေလိုကြောင်း ၎င်းက ဆိုသည်။

“ ကျွန်တော့် အမေဆုံးတဲ့နေ့ ဒီCPကြက်ကြော်ဆိုင်ကိုမီးရှို့တဲ့နေ့ပဲ” ဟုပန်းဘဲတန်းရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။

အဆိုပါလုပ်ငန်းများမှ ညှော်နံ့များကြောင့် ကျန်းမာရေးထိခိုက်မှုကိုဖြေရှင်းပေးရန် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ရပ်ကွက်နေပြည်သူများတွေ့ဆုံပွဲတွင် တင်ပြထားသော်လည်း အရေးယူဆောင်ရွက်မှုများမရှိခဲ့ကြောင်း ဦးဘညိုကပြောသည်။

ကြက်ကြော်လုပ်ငန်းကို လုပ်ကိုင်နေသည်မှာတစ်နှစ်ခန့်ရှိနေပြီဖြစ်ပြီး အသားကြော်ရာမှထွက်သည့် ညှော်နံ့များကိုလည်းဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့ခြင်းမဖြစ်စေရန်အတွက် အညှော်စုပ်စက်နှင့်တစ်ကွ လမ်းဘေးမြောင်းအတွင်းသို့ထုတ်လွှတ်သည့်စနစ်ကိုအသုံးပြုထားကြောင်း CPကြက်ကြော်ဆိုင်မှ ဒေါ်အိသူဇာမောင်ကပြောသည်။

“ ဒီညှော်နံ့ကိစ္စကိုဘယ်သူမှမတိုင်ဘူး၊ ဘေးအိမ်တစ်အိမ်ကပဲကဂျီဂဂျောင်ဖြစ်ပြီးလျှောက်တိုင်နေတာ၊ တခြားလူတွေလည်းဒီလိုညှော်နံ့အလုပ်နဲ့ လုပ်စားနေကြတာပဲ၊ သူများကိုလည်းတိုင်ပေါ့” ဟုဒေါ်အိသူဇာမောင် ကပြောသည်။

၎င်းညှော်နံ့ပြဿနာနှင့်ပတ်သက်၍ CPကြက်ကြော်ဆိုင်ပိုင်ရှင်အားခေါင်းတိုင်စနစ်ဖြင့် အနံ့ထုတ်သည့်စနစ်ကိုအသုံးပြုရန်မှာကြားထားကြောင်း ပန်းပဲတန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးဝဏ္ဏကပြောသည်။

Leave a Reply