မြဝတီ၊ ဖေဖော်ဝါရီ ၁၈ ။ ။ ကရင်ပြည်နယ် ဖားပွန်ခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊ ပန်းတော်မီရွာ၊ ခွားသခီးတောင်ရှိ KNU တပ်မဟာ (၇) နယ်မြေ အတွင်း DKBA ခွဲထွက်အဖွဲ့နှင့် BGF တပ်ဖွဲ့တို့သည် ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်အကျအဆုံးနှင့် ဒဏ်ရာရသူများရှိခဲ့ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ သိရသည်။

ယင်းတိုက်ပွဲကြောင့် DKBA ခွဲထွက်အဖွဲ့မှ ခြောက်ဦးကျဆုံးခဲ့ပြီး M-16 နှစ်လက်၊ ကာပိုင် တစ်လက်၊ 79 တစ်လက် စုစုပေါင်း သေနတ်လေးလက် သိမ်းဆည်းရမိခဲ့သည်ဟု ယင်းတပ်ဖွဲ့မှ အတည်ပြု ပြောကြားသည်။

“ဒီနေ့မနက်ကပေါ့ လှိုင်းဘွဲ့အလွန်၊ ကြာအင်းရွာအနီး ခွားသခို့တောင်မှာ DKBA ခွဲထွက်အဖွဲ့က အင်အား ခုနစ်ယောက်မှ ၂၀ ယောက် လာရောက်ပစ်ခတ်တာ။ ခုတော့ BGF, KNU တပ်မဟာ (၇) နဲ့ မြန်မာစစ်တပ်တို့ ပြန်လည်ပူးပေါင်ပြီး နယ်မြေရှင်းလင်းနေပါတယ်”ဟု နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးတစ်ဦးက ပြောသည်။

နှစ်ဘက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကာ လေးဦး ဒဏ်ရာရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများအား တောင်ကလေးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ခုတော့ နယ်မြေရှင်လင်းရေး ဆောင်ရွက်နေပါတယ်။ ငြိမ်းချမ်းရေးနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေပေမယ့် သွားလမ်း လာလမ်းတွေမှာ မိုင်းထောင်တာတွေ၊ အဖျက်အမှောက်တွေ လုပ်လာနေတော့ ရှင်းလင်း ရအုံးမှာပါ”ဟု နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးတစ်ဦးက ပြောသည်။

ကရင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွွဲ့များဖြစ်သည့် KNU, DKBA, KNU/KNLA (PC) အဖွဲ့တို့သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်ခဲ့သော်လည် သဘောထား မတိုက်ဆိုင်သည့် DKBA ခွဲ ထွက်အဖွဲ့နှင့် နယ်ခြားစောင့်တပ်၊ တပ်မတော ်စစ်ကြောင်းတို့သည် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ဆန်းပိုင်းက မဲသဝေါဒေသတွင်စစ်ပွဲများ တကျော့ပြန် ဖြစ်ပွားခဲ့သည်။

Written byt – ဆုလာဘ်နန္ဒာ

Leave a Reply