ရန်ကုန်၊ ဖေဖော်ဝါရီ ။ ။ DKBA ခွဲထွက်အဖွဲ့အား အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် ဆောင်ရွက်နေကြောင်း DKBA ခွဲထွက် အကျိုးတော်ဆောင်ဦးကျော်သီဟ ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ကျွန်တော်က ငြိမ်းချမ်းရေး ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ တပ်မတော်က တာဝန်ရှိသူတွေ အစိုးရ တာဝန်ရှိသူတွေ ဆွေးနွေးနေပါတယ်။ တစ်ဖက်မှာလည်း အဖိုးကျော်သက် အဖိုးဗိုလ်ဘိတို့နဲ့ ဆွေးနွေးနေပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

DKBA ခွဲထွက်အဖွဲ့သည် ၂၀၁၆ ခုနှစ်အတွင်းတွင် DKBA မှ ခွဲထွက်ခဲ့ပြီး နှစ်ကုန်ပိုင်းတွင် DKBA ခွဲထွက် တပ်ဖွဲ့ဝင် ၃၀ ဦးခန့် လက်နက်ချအလင်းဝင်မှုများ ပြုလုပ်ခဲ့သည်။

DKBA-ခွဲထွက်အဖွဲ့သည် အပစ်ရပ် (NCA) လက်မှတ်ရေးထိုးထားသည့် မူလဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) မှ ထုတ်ပယ်ခံရသည့် ဗိုလ်မှူးကြီး စောဆန်းအောင်အပါအဝင် တပ်မှူးဟောင်းအချို့ ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကရင်ပြည်နယ် မဲသဝေါဒေသတွင် တပ်မတော်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

“အဖိုးကျော်သက် အဖိုးဗိ်ုလ်ဘိတို့ ဘက်ကတော့ ဒီစစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေဖြစ်ဖို့အတွက် ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်ရောက်ဖို့ တစ်ဖက်နဲ့ တစ်ဖက် အလျော့အတင်းလုပ်ပြီးတော့ ဆက်လက် ဆွေးနွေးဖို့ ရှိပါသေးတယ်”ဟု ဦးကျော်သီဟက ဆိုသည်။

DKBA ခွဲထွက်အဖွဲ့မှ ဗိုလ်မှူးကြီး စောဆန်းအောင်နှင့် တပ်ဖွဲ့ဝင်အချို့သည် မြောက်ပိုင်းအဖွဲ့နှင့် ပူးပေါင်း တိုက်ပွဲဝင်ရန် မြောက်ပိုင်းသို့ ရောက်ရှိနေပြီး လက်ရှိအချိန်တွင် DKBA ခွဲထွက်တပ်ဖွဲ့ဝင် ၄၀ဝ ဦးခန့်ရှိကြောင်း ဦးကျော်သီဟထံမှ သိရသည်။

Written by – ဆုမင်းကို

Leave a Reply