DKBA ဘက်မှ လယ်မြေများကို မြေကွက်ဖော်နေမှုကြောင့် ဒေသခံလယ်ပိုင်ရှင်များ စိုးရိမ်မှုမြင့်တက်

ဘားအံ ၊ဖေဖော်ဝါရီ ၆

ကော့ကရိတ်ခရိုင်၊ ဂျိုင်းမြစ်ကူးတံတားအနီး၊ ကွင်းအမှတ် ၇၈-စ/၊ ဒေါ့ဖျာကျေးရွာ၊ ကော့ပေါ်ကွင်းအပိုင်ရှိ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) နှင့်လယ်ခွန်ပြေစာများရှိသူ လယ်ရှင် ၁၄ ဦးပိုင် လယ်မြေများပေါ်တွင် အပစ်ရပ် DKBA ၉၀၇ တပ်ရင်းမှ ဗိုလ်စိန်မြင့်နှင့်အဖွဲ့က ကျူးကျော်ဝင်ရောက်ကာ မြေကွက်ရိုက်၍ ရောင်းချရန် လုပ်ဆောင်နေမှုကြောင့် ဒေသခံလယ်ပိုင်ရှင်များအနေဖြင့် နစ်နာနေရပြီး စိုးရိမ်ပူပန်မှုများမြင့်တက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

“ကျွန်တော်တို့လယ်ပိုင်ရှင်တွေကို အခု ကျုံဒိုးရဲစခန်းက ခေါ်စစ်နေတယ်။ ပြည်နယ်က လူကြီးတွေ စိစစ်ခိုင်းလို့ပြောတာပဲ။ ပြီးရင်လည်း DKBAလက်နက်ကိုင် ဗိုလ်စိန်မြင့်တို့က လှိုင်းဘွဲဘက်က ကွမ်ဘီဆိုတဲ့ရွာဘက် လယ်သမားတွေကို ဆွေးနွေးဖို့ဆိုပြီး ခေါ်သွားမယ်လို့ အသံတွေ ကြားနေရတယ်။ ရန်ရှာမှာ စိုးရိမ်နေကြတယ်။ ရွာက လယ်ရှင် ၁၂ ဦးလောက်ပါတယ်။ လယ်မြေတွေအပေါ်မှာ စက်ယန္တရားတွေနဲ့မြေကွက်တွေဖော်နေတယ်။ သူတို့က လက်နက်ကိုင်တွေဆိုတော့ သွားလည်း မတားရဲဘူး။ ရွာက ထွေအုပ်စာရေးနဲ့ ကော့ကရိတ်မြို့ကအုပ်ချုပ်ရေးပိုင်းကို တိုင်စာပို့ထားတော့ အုပ်ချုပ်ရေးပိုင်းက တားမြစ်စာထုတ်ထားပေမယ့် ဆက်လုပ်နေတုန်းပဲ။ မြေကွက်တွေရိုက်ပြီး ရောင်းမယ်လို့တော့ ကြားနေရတယ်” ဟု သရက်တောရွာ အုပ်ချုပ်ရေးမှူး ဦးကွန်ကဲက ပြောသည်။

ဖော်ပြပါတပ်ရင်းမှဗိုလ်စိန်မြင့်၊ ဗိုလ်ကျားလေးခင်အဖွဲ့က မြေထိုးမြေကော်ယာဉ်များ၊မြေသယ်ယာဉ်များဖြင့် ဒေါ့ဖျာရွာ နှင့် သရက်တောရွာများမှ လယ်ရှင် ၁၄ ဦးခန့်ပိုင် မြေဧက ၂၀၀ ကျော်ခန့်အကျယ်အဝန်းရှိ လယ်ယာမြေများအတွင်းသို့ ၂၀၁၈ ဇန်နဝါရီလဆန်းပိုင်းရက်များမှ စတင်ကာ ဝင်ရောက်ကျူးကျော်ခြင်း၊ အိမ်ရာမြေကွက်ရိုက်ခြင်း၊လမ်းတာဘောင်များ သယ်ဖို့ခြင်းများ လုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံတို့ကပြောသည်။

ယင်းအတွက် ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများထံ သွားရောက်အသိပေးတိုင်ကြားခဲ့ကြောင်း၊ အုပ်ချုပ်ရေးပိုင်းအနေဖြင့်လည်း ယင်းလုပ်ရပ်ကိုဆက်လက်မလုပ်ဆောင်ကြရန် တားမြစ်စာထုတ်၍ ကန့်ကွက်ထားသော်လည်း အောက်ခြေမြေပြင်သို့ လာရောက်တားမြစ်ကာ အရေးယူမှုမရှိသေးကြောင်း၊ ယင်းအပေါ် ၎င်းင်းတို့ဒေသခံများအနေဖြင့် လယ်မြေများ ဆုံးရှုံးမည့်အရေးအတွက် စိုးရိမ်ပူပန်နေကြခြင်းဖြစ်ကြောင်း ကာယကံရှင်အချို့က ပြောပြသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ ကော့ကရိတ်မြို့နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးစန်းလွင်က “DKBA အဖွဲ့အစည်းအနေဖြင့် မြို့နယ်ကို လာရောက် တင်ပြထားခြင်းမရှိပါဘူး။ ကော့ကရိတ်မြို့နယ် ထွေအုပ်အနေနဲ့ ရပ်/ကျေးလယ်ယာမြေ စိစစ်ရေးကော်မတီအဆင့် တားမြစ်စာ ထုတ်ထားတယ်။မြို့နယ် လယ်ယာမြေစိစစ်ရေးကော်မတီအဆင့်တားမြစ်စာထုတ်ထားသလို အထက်ပြည်နယ်အဆင့်ဌာနဆိုင်ရာဆီကိုလည်းဖြစ်စဉ်ကို တင်ပြထားပါတယ်”ဟူ၍ ဖြစ်သည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဘားအံမြို့ရှိ DKBA ဆက်ဆံရေးရုံးမှ ဗိုလ်မှူးစောစိုးမိုးထံ ဆက်သွယ်မေးမြန်းရာ ၎င်းတို့အနေ
ဖြင့် မသိရှိကြောင်း၊ ဗိုလ်စိန်မြင့်မှာ မိမိတို့တပ်ဖွဲ့ဝင်ဖြစ်သော်လည်း ဗိုလ်ကျားလေးခင်မှာတပ်ဖွဲ့မှ ထုတ်ပယ်ထားသူဖြစ်ကြောင်း၊ ယခုကိစ္စလာရောက်တင်ပြထားခြင်းလည်း မရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။

Written by ရာဟု(ဖားအံ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်