Facebookမှာ ပုံတင်တာ အလုပ်လုပ်တာပါ ဆိုတဲ့ သင်ဇာဝင့်ကျော်

Facebook တွင် ဓာတ်ပုံတင်တိုင်း ပရိသတ်အားပေးမှု အမြဲရရှိနေသည့် သင်ဇာဝင့်ကျော်က ပုံတင်ခြင်းသည် သူမအတွက် အလုပ်လုပ်နေခြင်းသာ ဖြစ်ကြောင်း ပြောသည်။

“Facebook မှာ ပုံတင်တယ်ဆိုတာက သင်ဇာ့အလုပ် သင်ဇာ လုပ်တာပေါ့နော်။ ကိုယ်က သမ္မာအာဇီဝကျကျ ရှာစားတယ်။ အနုပညာအလုပ်လုပ်နေတဲ့အတွက် ဒီလိုမျိုးပုံလေးတွေ ရိုက်ဖြစ်တယ်၊ တင်ဖြစ်တယ်ဆိုတော့ သင်ဇာ
မရှက်ပါဘူး။ ကိုယ့်ကို ဘယ်လိုမျိုးပဲ ပြောပြောပါ။ ကိုယ်က သမ္မာအာဇီဝနဲ့ ရှာစားနေတာဆိုတော့လေ။ ဘယ်လိုမျိုးပဲ ကိုယ့်ကို သမုတ်သမုတ်၊ မရှက်ဘူး။ ကိုယ်သည် ဖြူစင်စွာ လုပ်ကိုင်ရှာဖွေစားသောက်နေတဲ့အတွက် ကိုယ့်လိပ်ပြာကိုယ်လုံတယ်။ အကောင်းပြောတဲ့သူတွေကိုလည်း ချစ်ပါတယ်၊ အဆိုးပြောတဲ့သူတွေကိုလည်း ချစ်ပါတယ်။
အားလုံးအပေါ်လည်း သင်ဇာ မေတ္တာထားပါတယ်။ ဘယ်သူတွေ ဘာပဲပြောပြော ငါ့ကိုဒီလို ပြောလိုက်လေခြင်း ဆိုတဲ့ စိတ်နဲ့ အကုသိုလ်တွေ မဖြစ်တော့ဘူး”ဟု သင်ဇာဝင့်ကျော်က ပြောသည်။

သင်ဇာဝင့်ကျော်သည် မကြာသေးမီက ကော့သောင်းမြို့တွင် ပုလဲကြော်ငြာရိုက်ကူးခဲ့ပြီး ကြော်ငြာရိုက်ကွင်းပေါ်က Two Pic နှင့် ရိုက်ထားသော ပုံများကို Facebook ပေါ်တွင် တင်ခဲ့ခြင်းဖြစ်သည်။

“လူတိုင်းကိုလည်း ကိုယ်ကကောင်းပါတယ်ဆိုပြီး သက်သေပြနေဖို့ မလိုဘူး။ ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ပဲ လိုပါတယ်။ ကောင်းအောင်နေပြပြီးတော့ ငါဟာကောင်းတဲ့မိန်းမတစ်ယောက် ဖြစ်ပါတယ်ဆိုတာမျိုးလည်း သင်ဇာမလုပ်ပြချင်ဘူး။ ကိုယ့်ဘဝကို ကိုယ့်စိတ်ထဲရှိသလို၊ ရင်ထဲမှာရှိသလို၊ အရှိကို အရှိအတိုင်းပဲ ဖြတ်သန်းတယ်။ လူ့ဘဝလေးက တိုတိုလေးပါ။ နောက်မှ ငါမလုပ်ခဲ့ရလေခြင်းဆိုတဲ့ နောင်တမျိုးရမှာ သင်ဇာ အရမ်းကြောက်တယ်။ အဲဒါကြောင့် လုပ်စရာရှိတာကို အချိန်ရှိတုန်း၊ အခွင့်အရေးရှိတုန်းမှာ လုပ်ပါတယ်”ဟု သင်ဇာဝင့်ကျော်က ပြောသည်။

Written by ခင်ပြည့်စုံဟန်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.