ဓာတ်ပုံ - Dado Ruvic / Reuters

မြတ်ကျော်သူ

အမေရိကန် အိမ်ခြံမြေဘီလျံနာကြီး ဒေါ်နယ်ထရန့်ကို သမ္မတဖြစ်သွားစေတယ်လို့ စွပ်စွဲကြတဲ့ ရုရှားအစိုးရရဲ့ ရွေးကောက်ပွဲအတွင်း ပါဝင်ပတ်သက်မှုဟာ Facebook က စတင်ခဲ့တာပါ။ အဲ့ဒီနောက်ဆက်တွဲအနေနဲ့ Cambridge Analytica လို့ခေါ်တဲ့ အဖွဲ့ကို အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ရောင်းချခဲ့မှုနဲ့ ပတ်သက်ပြီး Facebook ဟာ ကမ္ဘာလုံးအတိုင်းအတာအရ အကြီးအကျယ်ထိုးနှက်မှုတွေ ခံခဲ့ရပါသေးတယ်။

အဲ့ဒီနောက် Facebook ကုမ္ပဏီကြီး ပြိုလဲသွားတော့မလားဆိုပြီးတောင် မီဒီယာတွေက ရေးကြ၊ သားကြနဲ့ ပွတ်လောညံသွားပါတယ်။ ဒါပေမဲ့ ဒီနေ့အထိတော့ Facebookက ပန်းပန်လျက်ပါပဲ။

၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုပြင်နေတဲ့ Facebook

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ Facebook က ဘာတွေလုပ်နေသလဲဆိုတာ ရန်ကုန်၊ ပြည်လမ်းပေါ်မှာရှိတဲ့ နိုဗိုတယ်ဟိုတယ်မှာ သြဂုတ်လ ၅ ရက်နေ့က ရန်ကုန်အခြေစိုက် မီဒီယာတချို့နဲ့ တွေ့ပြီး ရှင်းလင်းခဲ့ပါတယ်။

ဒီပွဲကို အရှေ့တောင်အာရှဒေသ၊ အများပြည်သူဆိုင်ရာ မူဝါဒချမှတ်ရေးအဖွဲ့ ဒါရိုက်တာ Rafael Frankel က ဦးဆောင်ပြီး ဝန်ထမ်းအချို့နဲ့အတူ Facebook ရဲ့အများပြည်သူဆိုင်ရာ မူဝါဒချမှတ်ရေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာဝန်ထမ်း နှစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

“အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲတုန်းကလို ကိစ္စမျိုးတွေကို သင်ခန်းစာယူပြီး ပိုမိုကောင်းမွန်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်မြောက်လာစေရေး ဆက်လုပ်သွားမှာပါ” လို့

Facebook မဟာဗျုဟာမြောက် တုံ့ပြန်ဖြေရှင်းရေးအဖွဲ့၊ အရှေ့တောင်အာရှရေးရာ ဒေသတွင်း Program Manager ဖြစ်သူ Sarah Oh က ပြောပါတယ်။

ပုံမှန်အားဖြင့် Facebook အနေနဲ့ နိုင်ငံတနိုင်ငံရဲ့ရွေးကောက်ပွဲအတွက် တနှစ်ကျော်ကြာကတည်းက အချိန်ယူပြီး ပြင်ဆင်တာမျိုး လုပ်လေ့လုပ်ထ မရှိပါဘူး။ ဒါပေမဲ့ ၂၀၂၀မှာ ကျင်းပမယ့် မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲအတွက်တော့ အခုကတည်းက ပြင်ဆင်နေပြီလို့ တွေ့ဆုံပွဲမှာ ပြောပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရပါဘူး။

မြန်မာနိုင်ငံမှာ အများအားဖြင့် ရွေးကောက်ပွဲတခု နီးလာပြီဆိုတာနဲ့ Facebook မှာ ပေါ်လာတတ်တာက Instant Articles လို့ခေါ်တဲ့ ပုံမှန်သတင်းဌာနက သတင်းတွေလို Websiteပေါ်ကို သွားစရာမလိုဘဲ အလွယ်တကူဖတ်နိုင်တဲ့ သတင်းPage တွေ အများကြီးပေါ်လာတာပါပဲ။ ဒီ Instant Articles တွေဟာ အစပိုင်းမှာ လူကြိုက်များနိုင်တဲ့ ရယ်စရာ၊ ဟာသ၊ နာမည်ကြီးဗီဒီယိုတွေ တင်ပြီး Like စုရာကနေ ရွေးကောက်ပွဲကာလမှာ သတင်းမှား သတင်းတုတွေကို ဖြန့်လေ့ရှိပါတယ်။

Instant Articles ဟာ များများဖတ်လေလေ Facebook ရော၊ ဒါကို စတင်ထုတ်လုပ်သူရော ပိုက်ဆံရပါတယ်။ သတင်းတုတွေကို Page မှာ Boost လုပ်ပြီး Instant Articles နဲ့ ဖတ်စေပါတယ်။ Facebook အနေနဲ့ ဒါဟာ သတင်းတုလား အစစ်လားဆိုတာလည်း မခွဲခြားနိုင်ပါဘူး။ ဒါ့အပြင် ဒီ Instant Articles သုံးနေတဲ့ Page တွေဟာ ကိုယ်ပိုင်သတင်းဌာနတွေ မဟုတ်ဘဲ အဓိက မီဒီယာကြီးတွေဆီက သတင်းတွေကို ခိုးသုံးနေကြတာပါ။

“Instant Articles ပဲဆိုဆို ဘယ်လိုဖြစ်ဖြစ်ပေါ့လေ၊ Facebook စံနှုန်းတွေကို ချိုးဖောက်တယ်ဆိုရင်တော့ ဒါကို ဖယ်ရှားပစ်ပါတယ်” လို့ ဒါရိုက်တာ Frankel က ဆိုပါတယ်။

ဒါပေမဲ့ ဒီသတင်းခိုးသုံးတဲ့ Instant Articles သုံး Page တွေဟာ တကယ့်သတင်းဌာနကြီးတွေရဲ့ သတင်းတွေကို ခိုးထားတယ်၊ ကူးထားတယ်ဆိုတာကို Facebook က မသိနိုင်သလို၊ သတင်းခန်းတွေကို ဖြတ်ပြီး ရေးသားထားတဲ့အတွက် ဒီသတင်းတွေဟာ Facebook စံနှုန်းတွေကိုလည်း မချိုးဖောက်နိုင်ပါဘူး။ ဒီအတွက် ကျေနပ်လောက်တဲ့ အဖြေမျိုးကို Facebook က မပေးနိုင်ခဲ့ပါဘူး။

မြန်မာဝန်ထမ်း ၁၀၀ ကျော် ခန့်ထား

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ Facebook ရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုတွေအကြောင်းပြောကြတာမှာ ကုမ္ပဏီအနေနဲ့ မြန်မာဝန်ထမ်းတွေ ဘယ်လောက်များများ ခန့်ထားသလဲဆိုတာကလည်း တောက်လျှောက် မေးခွန်းထုတ်ကြတဲ့ အကြောင်းအရာပါပဲ။

လွန်ခဲ့တဲ့ နှစ်တွေက Facebook အနေနဲ့  မြန်မာစကားပြော၊ မြန်မာစာတတ်တဲ့ မြန်မာနိုင်ငံသားစစ်စစ်တွေ ခန့်အပ်မှုနဲ့ပတ်သက်ပြီး တရားဝင်ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။ သိရသလောက် မြန်မာစာတတ်တဲ့ နိုင်ငံခြားသားဝန်ထမ်းတွေသာ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ခုတော့ “မြန်မာဘာသာစကားနဲ့ ရေးသားထားတဲ့ အကြောင်းအရာတိုင်းကို စစ်ဆေးပေးနိုင်တဲ့ စစ်ဆေးသူအယောက် ၁၀၀ ကျော်ရှိနေပါပြီ” လို့ အများပြည်သူဆိုင်ရာ မူဝါဒချမှတ်ရေးအဖွဲ့ ဒါရိုက်တာ Rafael Frankel က ဆိုပါတယ်။

Frankel ရဲ့အဆိုအရ ဒီမြန်မာဝန်ထမ်းတွေဟာ Facebook ရဲ့ လူမှုကွန်ရက်ဆိုင်ရာ စံနှုန်းများ (Community Standards) တွေကို ကြေညက်နေပြီး မြန်မာဘာသာစကားနဲ့ တင်သမျှ ဒီစံနှုန်းတွေနဲ့ ညီ၊ မညီ စစ်ဆေးနေနိုင်ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် Facebook ရဲ့ ဝန်ထမ်းတွေလည်းမဟုတ်၊ ခေါ်ယူငှားရမ်းထားတဲ့အဖွဲ့တွေလည်း မဟုတ်ဘဲ အခြားအဖွဲ့ (Third Party) တွေနဲ့ သတင်းတုတွေ၊ သတင်းမှားတွေကို အတည်ပြုတာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။

၁ နာရီကျော်ကြာတဲ့ တွေ့ဆုံရှင်းလင်းမှုမှာ ၁၀ ကြိမ်ထက်မနည်း ပြောသွားတဲ့စကားက

“ဘယ်သတင်းမှားတယ်၊ ဘယ်သတင်းကတော့မှန်တယ်ဆိုတာ Facebook အနေနဲ့ မဆုံးဖြတ်နိုင်ပါဘူး။ အားလုံးကို စံနှုန်း (Community Standards) ကို ချိုးဖောက်ခြင်း၊ မချိုးဖောက်ခြင်းပေါ်မှာပဲ မူတည်ပြီးဆုံးဖြတ်တာပါပဲ” လို့ ဒါရိုက်တာ Frankel ကဆိုပါတယ်။

တပ်မတော်ရဲ့ Facebook အကောင့်များ

မြန်မာနိုင်ငံမှာတော့ ၂၀၁၆ နဲ့ ၂၀၁၇ ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အရေးအခင်းတွေရဲ့ အကျိုးဆက်အနေနဲ့ ပြည်တွင်း၊ ပြည်ပမှ လူမှုအဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံအရေး လှုပ်ရှားကြသူတို့ရဲ့ ဝေဖန်ထောက်ပြမှုတွေကြောင့် မြန်မာတပ်မတော်ရဲ့ အကောင့်တွေကို Facebook က ပိတ်ပစ်ခဲ့ပါတယ်။

ဒီနောက်ပိုင်း တပ်မတော်ထောက်ခံသူအများစုနဲ့ အမျိုးသားရေးလှုပ်ရှားသူတွေဟာ ရုရှားထုတ် VK ဆီကို အုံနဲ့ကျင်းနဲ့ ရောက်သွားခဲ့ပါသေးတယ်။

လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို အလေးထားတယ်ဆိုတဲ့ အမေရိကန်နိုင်ငံ၊ ဆီလီကွန်ဗယ်လီထဲက Facebook ဟာ မြန်မာနိုင်ငံမှာတော့ အမုန်းစကားဖြန့်သူတွေ၊ အမျိုးသားရေး လှုပ်ရှားသူတွေကြောင့် ၂၀၁၅ ရွေးကောက်ပွဲ ပြီးချိန်ကတည်းက နာမည်ပျက် ရှိနေခဲ့တာပါ။ ရွေးကောက်ပွဲကာလတွေမှာ သတင်းတုတွေ၊ မဟုတ်မမှန်သတင်းတွေနဲ့ တဖွဲ့နဲ့တဖွဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေဟာ မြန်မာ့ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာ ကြီးစိုးခဲ့ပါတယ်။

အရင်က တပ်မတော်နဲ့ပတ်သက်လို့ နာမည်ကြီး Facebook စာမျက်နှာတွေဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စာမျက်နှာအပါအဝင် အခြား တပ်မတော်ကိုထောက်ခံတဲ့ အကောင့်တွေဖြစ်တဲ့ မောင်မောင်အောင်တို့လို Follower များတဲ့ စာမျက်နှာတွေ၊ လူပုဂ္ဂိုလ်အကောင့်တွေကို Facebook က ဖယ်ရှားခဲ့ပါတယ်။ ဒါပေမယ့် တပ်မတော်လေ တို့လို တပ်နဲ့ပတ်သက်တဲ့ လက်ကျန်အကောင့်တွေ ရှိပါသေးတယ်။

“သူတို့ ဘာတွေတင်ထားသလဲဆိုတာ ကျွန်တော်တို့ စစ်ဆေးကြည့်ဖို့ လိုပါသေးတယ်။ ပြန်စစ်ပါမယ်” လို့ အဲ့ဒီအကောင့်တွေနဲ့ ပတ်သက်လို့ သူတို့ လုပ်မယ့် အစီအစဉ်ကို ဒါရိုက်တာ Frankel က ပြောဆိုပါတယ်။

Facebook ကို အသုံးချမယ့် နိုင်ငံရေးသမားတွေ

“Facebook ရဲ့ စံနှုန်းတွေ၊ သက်ဆိုင်ရာက ချမှတ်ထားတဲ့ ဥပဒေတွေအရ လျော်ညီတယ်ဆိုရင် Facebook မှာ လူမှုရေးကိစ္စတွေ၊ နိုင်ငံရေးကိစ္စတွေနဲ့ ရွေးကောက်ပွဲနဲ့ဆိုင်တာတွေကို ကြော်ငြာထည့်နိုင်ပါတယ်။ ဒါပေမဲ့ လိုအပ်လာလို့ရှိရင်တော့ ရွေးကောက်ပွဲနဲ့ဆိုင်တာတွေ၊ နိုင်ငံရေးနဲ့ပတ်သက်တာတွေကို Facebook က တားမြစ်နိုင်ပါသေးတယ်” လို့ သူ့ရဲ့ ကြော်ငြာမူဝါဒ အမှတ်စဉ် ၁၀ မှာ ရေးထားပါတယ်။

မြန်မာနိုင်ငံမှာ Facebook ကိုအသုံးပြုပြီး ကိုယ်စားလှယ်လောင်းတွေရဲ့ ကြော်ငြာတွေ ခဏခဏတွေ့ရသလို စည်ပင်ရွေးကောက်ပွဲကာလကလည်း Facebook ပေါ်မှာ Boost လုပ်ပြီး မဲဆွယ်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲဥပဒေအရ ကိုယ်စားလှယ်လောင်းတွေဟာ သူတို့ရဲ့ ရွေးကောက်ပွဲအသုံးစရိတ်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံကို ပြန်လည် တင်ပြကြရမှာဖြစ်ပါတယ်။

Facebook ပေါ်မှာ Boost လုပ်ပြီး နိုင်ငံရေးကြော်ငြာအတွက် အသုံးပြုတဲ့ ငွေတွေဟာ ဒီအတိုင်းဆိုရင် ရွေးကောက်ပွဲအသုံးစရိတ်ထဲ ပါမလာဘဲ လွတ်နေမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ Facebook မှာ တိကျတဲ့ မူဝါဒ မရှိပါဘူး။ တွေ့ဆုံစဉ်ပြောကြားရာမှာလည်း ဝေဝါးတဲ့ အဖြေများကိုသာ ရခဲ့ပါတယ်။

အမုန်းစကား နဲ့ Facebook ရဲ့ AI

အမုန်းစကားဖြန့်ဝေမှုတွေဟာ Facebook ရဲ့ လူမှုကွန်ရက်စံနှုန်းတွေကို ချိုးဖောက်လာပြီဆိုတာနဲ့ Facebook ရဲ့ ဉာဏ်ရည်တု (Artificial Intelligence) က သိမှာဖြစ်ပြီး ဒီကနေတဆင့် Facebook ရဲ့ ဝန်ထမ်းတွေဆီ ရောက်လာပြီး ပယ်ဖျက်ခြင်း၊ ဖျက်သိမ်းခြင်းတို့ကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ထဲမှာ အမုန်းစကားနဲ့ပတ်သက်လို့ သူ့ရဲ့ သတ်မှတ်ထားတဲ့ စံနှုန်းတွေကို ချိုးဖောက်တယ်လို့ ယူဆပြီး Facebook က မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အကြောင်းအရာပေါင်း ၁၂၀,၀၀၀ ကျော် ဖယ်ရှားခဲ့ပြီး ရာခိုင်နှုန်း ထက်ဝက်ကျော်ဟာ အသုံးပြုသူတွေမတိုင်ကြားမီ Facebook က အရင် တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

သူ့ရဲ့ ဉာဏ်ရည်တုနည်းပညာဟာ ဘယ်လောက်ပဲ ကောင်းကောင်း အမုန်းစကားဖြန့်ဝေမှုတွေ၊ သတင်းမှားတွေ၊ သတင်းတုတွေကို တွေ့ရင်တော့ အသုံးပြုသူတွေအနေနဲ့ ‘Report’ လုပ်ပေးဖို့တော့ လိုတယ်လို့ Facebook က ဆိုပါတယ်။

မဟာဗျုဟာမြောက် တုံ့ပြန်ဖြေရှင်းရေးအဖွဲ့ရဲ့ အရှေ့တောင်အာရှ ဒေသတွင်းပရိုဂရမ် မန်နေဂျာ Sarah Oh က “Report လုပ်တာနဲ့ပတ်သက်ရင် မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေထဲမှာ တော်တော်လေး အားနည်းတာ တွေ့ရပါတယ်” လို့ ဆိုပါတယ်။

ပြဿနာတခုကတော့ အမုန်းစကား ဖြန့်နေသူတွေ၊ သတင်းတုတွေကို ရည်ရွယ်ချက်ရှိရှိ တင်နေသူတွေကို သိပြီး ‘Report’ လုပ်ကြပေမယ့် Facebook ပေါ်က ပျက်မသွားသေးသလို ပိုပြီးတော့တောင် Like လုပ်သူ၊ Share သူတွေ များလာနေတယ်ဆိုတဲ့အချက်ပါပဲ။

ဥပမာ တလောက မြန်မာ Facebook သုံးသူတွေကြားထဲ ပွတ်လောညံသွားတဲ့ တယ်လီကွန်းကုမ္ပဏီ Ooredoo ဟာ အရှုံးပေါ်လို့ ဖျက်သိမ်းတော့မယ်ဆိုတဲ့ သတင်းကို Smart Life for Myanmar ဆိုတဲ့ Page တခုက တင်ခဲ့ပါတယ်။ အဲ့ဒီနောက် သိပ်မကြာခင်မှာပဲ Telenor ကုမ္ပဏီကို ဘာသာရေးနဲ့တွဲဖက် ရေးသားပြီးလည်း Myanmar Knowledge ဆိုတဲ့ Page က သတင်းတု ဖြန်ခဲ့ပါတယ်။

သတင်းမှားဖြစ်ကြောင်း တယ်လီကွန်းကုမ္ပဏီက ထုတ်ပြန်ခဲ့သလို Facebook သုံးသူတွေကလည်း သတင်းတုဖြစ်ကြောင်း မျှဝေကြ၊ ဝိုင်းပြီး Report လုပ်ခဲ့ကြပါတယ်။ နောက်တခုက ဒီသတင်းမှားကို အဲ့ဒီ Page က Boost လို့ခေါ်တဲ့ Facebook ကို ပိုက်ဆံပေးပြီး Sponsored အနေနဲ့ လူအများကြီးဆီကို ရောက်စေခဲ့တာပါပဲ။ ဒီနေရာမှာ Facebook ကို ပိုက်ဆံပေးလိုက်ခြင်းအားဖြင့် သတင်းမှားခြင်း၊ မှန်ခြင်းဆိုတာ အရေးမကြီးတော့ဘဲ လူအများကြီးဆီကို အချိန်တိုအတွင်း ရောက်သွားစေနိုင်တယ် ဆိုတာပါပဲ။

Facebook အသုံးပြုသူတွေက အဲ့ဒီ Page တွေကို Report လုပ်ကြပေမယ့် ကျမသွားခဲ့ပါဘူး။ ခုချိန်ထိ ဆက်ပြီးရှိနေသေးသလို အခြားအရာများကိုလည်း ဆက်ပြီး Boost လုပ်နေပါသေးတယ်။

ဒီလိုကိစ္စမျိုးဟာ မြန်မာနိုင်ငံက Facebook အသုံးပြုသူတွေကြား သိပ်ဆန်းကြယ်တဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ မကြာခဏဆိုသလို ဖြစ်လေ့ဖြစ်ထရှိပြီး ရိုက်ခတ်မှုလည်း ပြင်းထန်ပါတယ်။ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်မှုတွေဟာလည်း ဒီလိုမျိုး Facebook ပေါ်ကနေ စတတ်ပြီး Report လုပ်ကြပေမယ့်လည်း လွယ်လွယ်ကူကူ ပယ်ဖျက်ပေးလေ့မရှိပါဘူး။ ဒီနေရာမှာ Facebook အသုံးပြုကြသူ မြန်မာတွေကြား ရေပန်းစားတာက Follower များတဲ့လူကို Report လုပ်မယ့်လူဦးရေလည်း များဖို့လိုတယ်ဆိုတာပါ။

ဒါရိုက်တာ Rafael Frankel ကတော့ Report လုပ်ဖို့အတွက် “တကယ်တော့ တယောက်ပဲ လိုပါတယ်” လို့ ပြောပါတယ်။

Leave a Reply