မြန်မာနိုင်ငံတွင် သတင်း အချက်အလက် ပျံ့နှံ့မှု အားကောင်းသော လူမှုကွန်ရက် မီဒီယာ တစ်ခုကို ပြရအံ့ ဆိုပါမူ၊ Facebook လူမှု ကွန်ရက် စာမျက်နှာကို မလွဲမသွေ ပြရပေမည်။
Facebook ကို အခြား လူမှု ကွန်ရက် စာမျက်နှာများထက် မြန်မာနိုင်ငံသူ/သားများ တပ်မက် သုံးစွဲ ကြသည် ဖြစ်၍ နိုင်ငံ တနံတလျားက သတင်းများ ၊ အဖြစ် အပျက်များသည် စက္ကန့် မလပ်ပင် ပျံ့နှံ့ ရောက်ရှိ နေလျက် ရှိသည်။

editor copy

ထိုသို့ လူထု ယုံကြည်မှု ရသော လူမှု ကွန်ရက် စာမျက်နှာ Facebook အား သုံးစွဲသည့် လူ၏ ပုဂ္ဂလ သဘော ထား၊ ဆန္ဒအပေါ် မူတည်၍ အချို့မှာ အပြုသဘောဆောင်သော ရည်ရွယ်ချက်ဖြင့် သုံးသည်။ အချို့မှာ အဆိုးမြင် သော ရည်ရွယ်ချက်ဖြင့် အသုံးချ နေသည် များကို စိုးရိမ် စဖွယ် မြင်တွေ့ နေရသည်။
ဓာတ်ပုံများကို ယနေ့ ခေတ်ပေါ် Photoshop Software ဖြင့် ဖြတ်တောက် ပြင်ဆင်၍ မူလ အဓိပ္ပာယ်မှ အဓိပ္ပာယ် တလွဲ သက်ရောက် စေရန် ပြင်ဆင် တင်ခြင်းများ၊ မူရင်း ရေးသား ထားသည့် သတင်း အချက်အလက်များကို ကူးယူ၍ မူရင်း အရင်းအမြစ်ကို ဖြတ်တောက် ပြင်ဆင်ဖော်ပြခြင်း စသည့် သတင်းကျင့်ဝတ်နှင့် မကိုက်ညီသည့် လုပ်ရပ်များကို လူမှု ကွန်ရက် စာမျက်နှာ၌ မကြာခဏ ဆိုသလိုပင် တွေ့နေရသည်။

လတ်တလော ဥပမာတစ် ခုကိုပြပါဆို လျှင် အိန္ဒိယ နိုင်ငံနှင့် ဘင်္ဂလားဒေရှ့် သို့ဝင်ရောက်မည့် မုန်တိုင်း ငယ် မြန်မာနိုင်သို့ ဖြတ်သန်း မည်ဟု ဆိုသော ကောလာဟလ များ ကို သတင်းအချက်အလက် သဖွယ် ရည်ရွယ် ချက်ရှိ ရှိ ဖြန့်ဝေနေကြသည် ။

ထိုကိစ္စပင်မက မြန်မာ နိုင်ငံ တနံတလျား၌ ဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင် နှင့် အစိုးရ တပ် မတော် တို့၏ တိုက်ပွဲ သတင်း အချက်အလက်များ ၊ ဘာသာရေး ပဋိပက္ခ ဆိုင်ရာ သတင်းအချက်အလက် များ၊ ဆန္ဒပြပွဲ ၊ သပိတ်မှောက်ခြင်း စသည့် ဆူလွယ် နပ်လွယ်သည့် သတင်း အချက်အလက် များကို ချဲ့ကားဖြန့်ဝေ နေကြသည်ကိုတွေ့ရှိ ရသည်။
ထို့ကြောင့် လူအများ လက်ခံသည့်၊ ယုံကြည်သည့် သတင်းအချက်အလက် ဖြန့်ဖြူးရေး အခြေခံ အုတ်မြစ် တစ်ခု ကို သုံး၍ ရည်ရွယ်ချက် ရှိရှိဖြင့် တစ်ဖက်သား နစ်နာစေရန်၊ အရှက်ရစေရန် ၊ သတင်းအချက်အလက် အမှားများအား အမှန်ဟု ထင်စေရန်နှင့် ထိုအချက်များ ပျံ့နှံ့စေရန် စသော ရည်ရွယ်ချက် များဖြင့် သုံးစွဲ နေကြ သည်ကို မြင်ရ သည်မှာ စိတ်မသက်သာ လှပါ။

ဤ သို့သော ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုများ ရှိနေသဖြင့် သတင်းအချက်အလက် စားသုံး သူများ အနေနှင့် မည်သည့် သတင်းမှာ သတင်းအမှန် ၊ ဓာတ်ပုံ အမှန် ဖြစ်၍ မည်သည့် သတင်းမှာ တုပ ၊ ဖန်တီး ၊ လုပ်ကြံသည့် သတင်း အချက် အလက်များ ဖြစ်သည်ကို ဝေဖန်ရ ခက်ခဲ လာနေလျက် ရှိနေပေသည်။
ထို့ကြောင့် လူမှု ကွန်ရက် စာမျက်နှာအား အဓိက အားပြု၍ သတင်းအချက်အလက် စားသုံးနေသူများ အနေနှင့် ပျံ့နှံ့နေသော သတင်း အချက်အလက်များ၏ အရင်းအမြစ်၊ သတင်း ဖြစ်တည်ရာ ဌာန၊ ထုတ်ဖော် ပြောကြားသော ပုဂ္ဂိုလ် စသည်တို့ကို သေချာ စေ့ငှစွာ စိစစ်၍သာယုံကြည် သင့်ပါကြောင်း ဝေဖန် ဆင်ခြင် နိုင်ရန် တိုက်တွန်းလိုက်ရပါသည်။

အယ်ဒီတာ
(၁၉.၅.၂၀၁၆)
(ဟင်္သာဂျာနယ် Vol.1,No.8 တွင်ဖော်ပြပြီး)

Leave a Reply