Wednesday, December 02, 2020

“တပ်မတော် ငြိမ်မနေဘူးနော်” လို့အစပြုထားတဲ့ သတင်းမှားတစ်ပုဒ်ကို နိုဝင်ဘာ ၂၇ ရက် မွန်းလွဲချိန် ၂ နာရီ ၁၅ မိနစ်မှာ မဉ္ဇူသက်ထားဆိုတဲ့ account ကတင်ခဲ့ပါတယ်။

ဒီပို့စ်ကို ပြန်လည်ဖြန့်ဝေသူတွေ ယခုထိရှိနေပါတယ်။ နိုဝင်ဘာ ၃၀ ရက် ညနေ ၆ နာရီထိ ပြန်လည်ဝေမျှသူ ၃၅၀ ခန့် နဲ့ React ပြုလုပ်သူ ၃၀၀ ကျော်ရှိလာပါပြီ။

“တပ်မတော် ငြိမ်မနေဘူးနော်၊ စစစ/စရတ/sp သတင်းတပ်ဖွဲ့ ညံ့တယ်မထင်နဲ့။ သက်ဆိုင်ရာမဲရုံတွေ ပြန်စစ်နေပြီ။ ပြောသင့်ပြောထိုက်တဲ့အချိန်မှာ ထုတ်ပြန်သွားမယ်တဲ့။ သတင်းစာရှင်းလင်းပွဲပီးပြီ ရလဒ်ကတော့ အပေါင်းဖက်ဆောင်တယ်လို့ပြောရမယ်။ ဘာကြောင့်ဆိုရင် ရွေးကောက်ပွဲ နဲ့ပတ်သတ်ပြီးတပ်မတော်က စီစစ်ဆဲလို့ပြောသွားတဲ့သဘောရယ်၊ ရွေးကောက်ပွဲရလဒ်တွေကို အတည်မပြုသေးဘူးလို့ ပြောသွားတာတွေ့ရတယ်။ အစိမ်းအားလုံး Fighting ပါ။ ဆက်လက်ပြီး လုပ်စရာရှိတာ မှန်မှန်ကန်ကန် ဆက်လုပ်နေရုံပါပဲ။ တပ်မတော်ရဲ့သဘောထားဟာ အမှန်တရား ကို လစ်လျူရှုမထားဘူးဆိုတာပါပဲ။ မိုးသခဲတွေအတွက်ရင်ခုန်စရာ အခိုက်အတန့်တစ်ခုရောက်နေပြီလို့ ပြောချင်ပါတယ်” အထက်ပါအတိုင်း ရေးသားထားပါတယ်။

ပို့စ်အဆုံးပိုင်းမှာ အသုံးပြုထားတဲ့ “မိုးသခဲ” ဆိုတဲ့ ဝေါဟာရကတော့ “မဲသူခိုး” လို့ ရည်ညွှန်းတာဖြစ်ကြောင်း အများသူငါသိပြီးဖြစ်မှာပါ။

ဒီပို့စ်မှာ “ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး တပ်မတော်က စီစစ်ဆဲလို့ပြောသွားတဲ့သဘောရယ်၊ ရွေးကောက်ပွဲရလဒ်တွေကို အတည်မပြုသေးဘူးလို့ပြောသွားတာတွေ့ရတယ်” လို့ ထည့်သွင်းရေးသားထားပါတယ်။

ဒီအချက်အလက်ဟာ မှားယွင်းတယ်ဆိုတာကို အောက်ပါအကြောင်းအရာတွေကိုကြည့်ပြိး သိနိုင်ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးက နိုဝင်ဘာ ၂၇ ရက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီရှင်းလင်းပွဲမှာ တပ်မတော်သားတွေမဲပေးခဲ့တဲ့ မြို့နယ် ၂၀၀ ကျော်က သက်ဆိုင်ရာမဲရုံတွေကို ရွေးကောက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။

ဒီလိုဆောင်ရွက်ရခြင်းနဲ့ပတ်သက်ပြီး “ကျွန်တော်တို့အနေနဲ့ ပြောသင့်ပြောထိုက်တဲ့အချိန်မှာ ပြောသင့်ပြောထိုက်တဲ့ဟာတွေကို ပြောနိုင်ဖို့အတွက် လုပ်ခြင်းဖြစ်တယ်လို့ပဲပြောချင်တယ်” လို့ ပြောကြားခဲ့တာပါ။

ဒါအပြင် နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်လို့ တိုင်ကြားမှုတွေပြုလုပ်ခြင်းဟာ တပ်မတော်နဲ့မသက်ဆိုင်တဲ့အတွက် မှတ်ချက်ပြုဖို့မလိုဘူးလို့လည်း ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

ရွေးကောက်ပွဲရလဒ်ကို အတည်မပြုသေးဘူးလို့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

သတင်းစာရှင်းလင်းပွဲ အစအဆုံး တဖန်ပြန်လည်စိစစ်ရာမှာလည်း ခုသတင်းပို့စ်က ရည်ညွှန်းပြဆိုထားတာနဲ့ပတ်သက်လို့ မတွေ့ရပါဘူး။

သတင်းစာရှင်းလင်းပွဲအပြည့်အစုံကို ဒီမှာကြည့်ပါ ( https://cutt.ly/phhCgDm )။

ဒီလိုသတင်းတွေဟာ အခြေအနေမှန်တချို့ကိုအခြေပြုပြီး ရေးသားထားမှုတွေဖြစ်တာကြောင့် သတင်းမှန်လို့ ရုတ်တရက်ထင်နိုင်ဖွယ်ရာရှိတာကြောင့် သတိမူနိုင်စေဖို့ ခုလိုမျိုး တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

===

Leave a Reply