Fact Check : မဲစာရင်းအမှားများ စစ်ဆေးပေါ်ပေါက်နေတယ်ဆိုတဲ့ သတင်းမှားများ ထွက်ပေါ်
+++++++++++++++++++
Monday, December 07, 2020

ဘယ်သူတွေက စစ်ဆေးနေမှန်းမသိရဘဲ မဲရုံတွေမှာ စစ်ဆေးတွေ့ရှိတဲ့ မဲစာရင်းပိုနေ၊ မှားနေမှုတွေဆိုပြီး သတင်းမှားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွေက စစ်ဆေးတွေ့ရှိရတဲ့ မဲစာရင်းအမှားတွေဆိုပြီး ပေါ်ဦးဆိုတဲ့ account က ဒီဇင်ဘာ ၃ ရက်နေ့မှာ တင်ခဲ့ပါတယ်။

စာရင်းစာရွက်လို့ယူဆရတဲ့ စာရွက်တစ်ချို့နဲ့အတူတွဲတင်ခဲ့တဲ့ ဒီပို့စ်တွေကို ပြန်လည်ဖြန့်ဝေသူတွေ ၃၀၀ ကျော်ကနေ ၄၀၀ ကျော်အထိရှိခဲ့ပါတယ်။

(ဖော်ပြချက် စ ဆုံး၊ မူရင်းအတိုင်း)
“ရွှေပြည်သာမြို့နယ်ရဲ့ မဲစာရင်းတွေမှာကတော့ မှတ်ပုံတင်မရှိသူ/ပျက်စီးပျောက်ဆုံး/လျောက်ထားဆဲ/မှတ်ပုံတင်ထပ်သူ စုစုပေါင်း လူဦးရေဟာ ၄၃၆၃၀ ဦး.ရှိပါသတဲ့… ဒါဟာ..မြို့နယ်တစ်ခုပဲရှိသေးတာ ဖြစ်တယ်။ ဒီလိုသာဆိုရင်တော့ အခုသန်းကျော်ပိုတာ ဆန်းသလား ဗျ”

ဒီစာသားအပြင် ဇယားကွက်လေးခုနဲ့ ယှဉ်တွဲဖြန့်ဝေထားတာပါ။

သူရေးသားထားတဲ့အထဲမှာ မှတ်ပုံတင်မရှိသူ/ပျက်စီးပျောက်ဆုံး/လျောက်ထားဆဲ/မှတ်ပုံတင်ထပ်သူတုိ့ရဲ့ စာရင်းဆိုပြီးရေးသားထားပါတယ်။

ဒါပေမယ့် ဒီကိစ္စတွေဟာ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ကော်မရှင် အသီးသီးက ပြန်လည်စစ်ဆေးတာတွေ အမှားပြင်တာတွေ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

ဒီဇင်ဘာ ၂ ရက်ကစပြီး မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ မဲဆန္ဒရှင်ဦးရေ၊ မဲလာပေးသူဦးရေ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ မဲရရှိမှု စတဲ့အချက်အလက်တွေကို နေ့စဉ်ဖော်ပြပေးနေပါတယ်။

ဒါကြောင့် စာရင်းတွေကို တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။

UEC ရဲ့ တရားဝင်စာမျက်နှာကို ဒီမှာကြည့်ပါ ( https://cutt.ly/Phv4DdT )။

ယခင်ကဖြစ်ပေါ်ခဲ့တဲ့ သတင်းအချက်တွေအပေါ်အခြေခံပြီး ရွေးကောက်ပွဲနေမှာ ဖြစ်ခဲ့သယောင် သတင်းလွှင့်ခြင်း၊ စာရင်းဇယား ဓာတ်ပုံများ ပါရှိနေခြင်းကြောင့် ရုတ်တရက် သတင်းမှန်လို့ ထင်ယောင်ထင်မှားဖြစ်နိုင်ပါတယ်။

ဒါကြောင့် မဲစာရင်းတွေပိုနေတယ်၊ ကွာဟနေတယ်၊ မှားယွင်းနေတယ်ဆိုတဲ့ သတင်းတွေကို UEC က တရားဝင်ထုတ်ပြန်တဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပါလို့ တင်ပြလိုက်ရပါတယ်…။ ။

===

Leave a Reply