Monday, December 07, 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ပေါင်းပြီး မဲလိမ်၊ မဲခိုးမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းမှားတွေ ဆက်တိုက်တင်နေတဲ့ မင်းထက်သာဆိုတဲ့အကောင့်က မဲလိမ်၊ မဲခိုးမှုတွေကို မဖြေရှင်းပေးရင် အိမ်စောင့်အစိုးရ ဖြစ်လာမယ်ဆိုတဲ့ သတင်းတု/သတင်းမှားတစ်ပုဒ် ဖြန့်ဝေခဲ့ပါတယ်။

သူက နိုဝင်ဘာ ၂၉ ရက် ည ၁၀ နာရီဝန်းကျင်ခန့်မှာ “မဲလိမ် မဲခိုး မဲမသာမှု့ သမ္မတနှင့် UEC မဖြေရှင်းလျှင် 2021 – 4 – 1 ရက်နေ့အိမ်စောင့်အစိုးရဖြစ်လာမည် မေတ္တာမိုးခေါင် 29 – 11 – 2020” ဆိုတဲ့ ပို့စ်ကို တင်ခဲ့တာပါ။

ဒီသတင်းမှားကိုတင်ပြီး ၂၂ နာရီအကြာမှာတော့ ထပ်ဆင့်ဖြန့်ဝေမှုပေါင်း ၃၄၇ ခုရှိခဲ့ပြီး React ပြုလုပ်သူပေါင်း ၆၀၀ ကျော်ရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၇ ရက် မွန်းလွဲပိုင်းထိ စောင့်ကြည့်သိရှိရတာကတော့ ပြန်လည်မျှဝေသူဦးရေ ၅၀၀ ကျော်၊ React ပြုလုပ်သူ ၈၀၀ ခန့်ထိ ရှိနေပါတယ်။

ပို့စ်ပိုင်ရှင်ရေးသားထားတာက သူတို့စွပ်စွဲထားတာတွေကို မဖြေရှင်းပေးရင် တပ်မတော်က အာဏာသိမ်းတော့မယောင် ရေးသားထားတာပါ။

ဒါနဲ့ပတ်သက်လို့ တပ်မတော်ဘက်က ဘာမှထုတ်ပြန်ထားခြင်းမရှိသလို နိုဝင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးက လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာလည်း ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တပ်မတော်သားတွေ မဲပေးခဲ့တဲ့မဲရုံတွေကို စစ်ဆေးနေတယ်ဆိုတာကလွဲရင် ရွေးကောက်ပွဲနဲ့ နိုင်ငံရေးပါတီတွေရဲ့ ပြောဆိုမှုတွေအပေါ် မှတ်ချက်ပြုစရာမရှိဘူးလို့ ပြောကြားခဲ့တာပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးရဲ့ သတင်းစာရှင်းလင်းပွဲ အပြည့်အစုံကို ဒီမှာကြည့်ပါ ( https://cutt.ly/ThQe8jT )

ဒီလို မဟုတ်မမှန်ရေးသားဖြန့်ဝေမှုဟာ နိုင်ငံတော်ကို အာဏာသိမ်းမယ်ဆိုတာမျိုးအထိ ခြိမ်းခြောက်မှုမြောက်တဲ့အပြင် ဒါကိုပြန်လည်ဖြန့်ဝေသူများတာကလည်း အခြေအနေကို သေသေချာချာမသိနိုင်တဲ့ လူထုကြားထဲကိုရောက်ရှိဖို့ မြန်ဆန်ပါလိမ့်မယ်။

ဒီသတင်းမှားဟာ သတင်းမှန်ကို လက်လှမ်းမမီတဲ့ အခြေခံပြည်သူလူထုကြားထဲရောက်ရှိသွားရင် အာဏာပြန်အသိမ်းခံရတော့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာပြီး မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ဒီသတင်းဟာ သတင်းတု/သတင်းမှားဖြစ်တယ်ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

==

Leave a Reply