Thursday, November 26, 2020

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်မှာ နိုဝင်ဘာ ၂၁ ရက်က သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးသွားခဲ့တဲ့ NLD ပါတီကိုယ်စားပြု အနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်ရဲ့ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး “သိရပါပြီ။ ကျောက်မဲရွေးကောက်ပွဲမှာ ဘာတွေလုပ်လို့ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ” လို့ အစချီထားတဲ့ သတင်းမှား ထွက်ပေါ်လာပါတယ်။

Kyaw Swar ဆိုတဲ့ account ကနေ ဒီပို့စ်ကို တင်ပြီး ၁၉ နာရီအတွင်းမှာ ပြန်လည်ဖြန့်ဝေသူ ၂ ထောင် ၂ ရာကျော်၊ React ပြုလုပ်သူ ၇ထောင်ကျော်နဲ့ မှတ်ချက်ပြုသူပေါင်း ၁ ထောင့် ၂ ရာကျော်ရှိခဲ့ပါတယ်။ သူ့ရဲ့ ပို့စ်မှာ ယခုလိုရေးသားထားပါတယ်။ (မူရင်းသတ်ပုံအတိုင်း)

“သိရပါပြီ ကျောက်မဲရွေးကောက်ပွဲမှာ ဘာတွေလုပ်လို့ ဘာတွေဖြစ်ခဲ့သလဲဆိုတာ၊ ကျားခေါင်းပါတီကမဲ ၄၈၀ မဲကို ပယ်မယ်ဆိုပြီး ကျောက်မဲမှာ လုပ်ခဲ့ပါတယ်။ မကျေနပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက လွန်ခဲ့သော ၁ ပတ် က လက်နက်ငယ်နဲ့ ၂ ချက် အိမ်ကိုလာပစ်ပြီး သတိပေးခဲ့ပါသေးတယ်။ အခုတော့ အနိုင်ရတဲ့အမတ်ကို လျှော့ပစ်လိုက်တယ်။ ဖြစ်စဉ်ကဒါပဲ။ ဘယ်အဖွဲ့လုပ်လည်း ကျောက်မဲတစ်မြို့လုံးသိကြတယ်။ ဒါပေမဲ့ ဘယ်သူမှ ထုတ်မပြောရဲပါဘူး။ သူတို့ ကြောက်တယ်လေ။ ပြည်မမှာပဲ မဲခိုးတာကို ဥပဒေအတွင်းက ရှင်းကြတာပါ။ တိုင်းရင်းသားနယ်မြေမှာ လိမ်တာကောက်တာ လုံးဝမကြိုက်ကြပါဘူး”

ဒီရေးသားချက်ကို နိုဝင်ဘာ ၂၁ ရက် ည ၈ နာရီ ၁၆ မိနစ်မှာ တင်ထားတာပါ။ စောင့်ကြည့်သိရတာကတော့ ဒီနေ့ နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်း ၁ နာရီ ခွဲမှာ Edit ပြန်လုပ်ထားကြောင်း တွေ့ရပါတယ်။ နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းမှာ ပို့စ်ကို Likeလုပ်ထားသူ ၇၂၀၀ ကျော်၊ ပြန်လည်မျှဝေဖြန့်ချိသူ ၂၃၀၀ ကျော် ရှိခဲ့ပါတယ်။

ဒီသတင်းမှာ ပါဝင်တဲ့ ကျားခေါင်းပါတီကမဲ ၄၈၀ မဲကို ပယ်မယ်လုပ်ခဲ့တယ်ဆိုတဲ့ အချက်အလက်ကမှားယွင်းနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်ပြစေလိုတဲ့ ကျောက်မဲဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

ကျောက်မဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူ တစ်ဦး(အမည်ဖော်ပြခွင့်ကို ကာယကံရှင်က လုံခြုံရေးအရ မလိုလား။) က နိုဝင်ဘာ ၂၅ ရက်မှာ “ကျောက်မဲမှာ ပယ်မဲ ၄၈၀ ကိုမရှိခဲ့တာပါ။ ပြီးတော့ ပယ်မဲဆိုတာက ဘယ်သူ့ကိုပေးမှန်းမသိရတဲ့ မဲတွေကိုပဲ ပယ်တာဖြစ်တဲ့အတွက် ပါတီတစ်ခုတည်းကိုပဲ ဥိးတည်ပြီး ပယ်မဲလုပ်လို့မရပါဘူး။ တကယ်လို့လုပ်ခဲ့ရင်လည်း သက်ဆိုင်ရာ ပါတီတွေက ချက်ချင်းတုန့်ပြန်ကြမှာပေါ့။ ဒါကြောင့် ဒီကိစ္စမရှိခဲ့ဘူးဆိုတာ အထူးတလည်ပြောနေစရာ မလိုပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် SLND က ဒီလုပ်ကြံမှုနဲ့ပတ်သက်ပြီး ကျူးလွန်သူကို ပြင်းထန်စွာရှုံ့ချကြောင်းနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့သူကို အရေးယူအပြစ်ပေးနိုင်ဖို့ တာဝန်ရှိသူများက လျင်မြန်စွာ စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆိုချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက် (shorturl.at/inuQ1)

မကျေနပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေလို့ သုံးထားပါတယ်။ ကျောက်မဲဟာ တပ်မတော်အပါအဝင် တအာင်းအမျိုးသားလွတ်မြောက်ရေး (TNLA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ဌာနေပြည်သူ့စစ်တပ်ဖွဲ့များ ဝင်ထွက်သွားလာနေသည့် နယ်မြေဖြစ်ပါတယ်။

ဧရာဝတီသတင်းဌာနရဲ့ သတင်းလင့်ခ် (shorturl.at/dglC9)

Kyaw Swar အမည်နဲ့ အသုံးပြုနေတဲ့ အဲဒီ account မှာ သူ့ကိုယ်သူ တပ်မတော်သားလို့သုံးနှုန်းထားပြီးတော့ အချက်အလက်တိကျခိုင်မာမှု မရှိတဲ့ သတင်းတု၊ သတင်းမှားပေါင်းမြောက်များစွာကို တွေ့မြင်နိုင်ပါတယ်။

လင့်ခ် (https://www.facebook.com/profile.php?id=100043873800579)

ဒီသတင်းမှားအောက်မှာ မှတ်ချက်ပြုကြသူအများစုက ဒီလိုလုပ်ကြံသတ်ဖြတ်မှုကို ထောက်ခံအားပေးသယောင် ရေးသားမှတ်ချက်ပြုထားကြပါတယ်။

ပို့စ်မှာပါဝင်နေတဲ့ အချက်အလက်အမှားတွေ၊ တိကျခိုင်မာမှုမရှိတဲ့ စွပ်စွဲချက်တွေဟာ ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်ပျက်ပြားစေနိုင်တဲ့အပြင် ပါတီအချင်းချင်း၊ တိုင်းရင်းသားလူမျိုးစုအချင်းချင်းကြားမှာ အမြင်မှားစရာဖြစ်အောင် ပြုလုပ်ထားပါတယ်။

ဒါကြောင့် မှန်သယောင် ဖန်တီးရေးသားထားတဲ့ ဒီသတင်းဟာ သတင်းမှားသာဖြစ်တယ်ဆိုတဲ့အကြောင်း စိစစ်တင်ပြလိုက်ရပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်တွေကို သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ တရားဝင် ခွင့်ပြုချက်ရယူပြီး သတင်းလုပ်ငန်းစဉ်အတိုင်း အပြိုင်အဆိုင် စုံစမ်းမေးမြန်း အချက်အလက်ရယူ ထုတ်လုပ်တင်ဆက်နေကြတဲ့ ဒီကာလမှာလည်း သတင်းတု၊ သတင်းမှားတွေကို ဖန်တီးထုတ်လွှင့်နေသူတွေ ရှိနေကြဆဲဖြစ်တာကြောင့် သတိပြုကြဖို့ တိုက်တွန်းလိုပါတယ်။

 

===

Leave a Reply