Thursday, November 26, 2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စွပ်စွဲကန့်ကွက်မှုတွေရှိနေတဲ့အချိန်မှာ Lin Tun ဆိုတဲ့ FB အကောင့်ပိုင်ရှင်က “UEC အားစော်ကားသည့်ကိစ္စများ စတင်အရေးယူပါတော့မည်” ဆိုတဲ့ သတင်းအမှားကို နိုဝင်ဘာ ၁၇ ရက်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

သတင်းရင်းမြစ်ကို ဘယ်ကရရှိတယ်ဆိုတဲ့ အကိုးအကား၊ အချက်အလက်တွေ၊ ဓာတ်ပုံတွေ တစ်ခုမှပါဝင်ခြင်းမရှိဘဲ တစ်ကြောင်းတည်းသာ ရေးသာဖော်ပြခဲ့တဲ့ ဒီသတင်းစာသားကို နိုဝင်ဘာ ၂၁ ရက်အထိ ပြန်လည်ဖြန့်ဝေသူပေါင်း ၅၅၀ ကျော်ရှိခဲ့ပြီး Like ၊ React ပေးသူပေါင်း ထောင် ချီရှိခဲ့ပါတယ်။

ပြန်လည်ဖြန့်ဝေကြသူအများစုက UEC အနေနဲ့ ယခုကဲ့သို့ မပြုလုပ်သင့်ဘူးလို့အဓိပ္ပါယ်ရတဲ့ စာသားအမျိုးမျိုးကို ခေါင်းစဉ်တပ်ဖြန့်ဝေကြပါတယ်။

သတင်းစိစစ်ချက်

တကယ့်လက်တွေ့မှာ ဒီသတင်းအကြောင်းအရာနဲ့ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အပါအဝင် တရားဝင်အဖွဲ့အစည်းနဲ့ သတင်းဌာနတွေမှာ သတင်းဖော်ပြထားခြင်းမရှိပါဘူး။

UEC အနေနဲ့ နိုဝင်ဘာ ၁၁ ရက်က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း အခုလို စွပ်စွဲပြစ်တင်ချက်တွေဟာ လွတ်လပ်စွာပြောဆိုခွင့်ရှိတာဖြစ်တာကြောင့် ဘယ်လိုမှ တုန့်ပြန်ဆောင်ရွက်ခြင်း ပြုလုပ်သွားမှာမဟုတ်ဘူးလို့ အတိအလင်း ဖြေကြားထားပါတယ်။ ဒါကတော့ နိုဝင်ဘာ ၁၁ ရက်ကပြုလုပ်တဲ့ UEC ရဲ့ သတင်းစာရှင်းလင်းပွဲပါ။ https://cutt.ly/Ahrn9xr

ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဝေဖန်စွပ်စွဲချက်တွေအပေါ် ကော်မရှင်ဘက်က အစီအစဉ်ကိုသိနိုင်ဖို့ ဟင်္သာမီဒီယာရဲ့ ဆက်သွယ်မေးမြန်းချက်ကို ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းက “ကျွန်တော်တို့ဆီကို ဘာညွှန်ကြားချက်မှ မရောက်လာသေးသလို UEC ဘက်ကနေ ပြန်တရားစွဲမယ် ဘာညာဆိုတဲ့ သတင်းတွေလည်း ဘာမှမကြားပါဘူး။ ပြီးတော့ အခုကောလာဟလပြန့်နေတဲ့ ကိစ္စတွေက ရဲစခန်းနဲ့ဆိုင်တာတွေများပါတယ်။ ကျွန်တော်သိသလောက်ကတော့ UEC က ပြန်တရားစွဲမယ်ဆိုတာ မဟုတ်ပါဘူး” လို့ နိုဝင်ဘာ ၂၅ ရက်မှာ ဖြေကြားခဲ့ပါတယ်။

သုံးသပ်ချက်

ဒီသတင်းအမှားကို ဖော်ပြရေးသားဖြန့်ဝေသူဟာ FB သူငယ်ချင်းပေါင်း ငါးထောင်နီးပါးရှိပြီး Follower လုပ်ထားသူပေါင်း သုံးထောင်ကျော်ရှိပါတယ်။ အကောင့်ပိုင်ရှင်ရဲ့ ဓာတ်ပုံအစစ်အမှန်နဲ့ သုံးနေတဲ့အကောင့်အစစ်ဖြစ်တာကြောင့် သတင်းမှန်နိုင်တယ်လို့ ရုတ်တရက်ယူဆမိတဲ့သူတွေရှိနိုင်ပါတယ်။

ပြန်လည်ဖြန့်ဝေသူပေါင်း ၅၅၀ ကျော်ရှိခဲ့တာကြောင့် သတင်းအမှား ပျံ့နှံ့မှုအတိုင်းအတာတစ်ရပ်အထိ ကျယ်ပြန့်သွားပါတယ်။ လက်ခံယုံကြည်သူဦးရေလည်း များပြားခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပါတီကြီး၊ ပါတီငယ်အချို့ရဲ့ လတ်တလော လှုပ်ရှားဆောင်ရွက်မှုတွေအတွက် ဒီသတင်းမှားက သက်ရောက်မှုတစ်ချို့ ရှိသွားနိုင်ရှိလာနိုင်လို့ကောက်ချက်ချနိုင်တာမို့ ဒီသတင်းဟာ မဟုတ်မှန်ဘဲ အကြောင်းအရာအမှားတစ်ခုသာဖြစ်ပါကြောင်း ပြန်လည်စိစစ်တင်ပြလိုက်ရပါတယ်။

Leave a Reply